အဆုတ်လေအောင်းရောဂါအကြောင်းသိကောင်းစရာ

အဆုတ်လေအောင်းရောဂါအကြောင်းသိကောင်းစရာ

အဆုတ်လေအောင်းရောဂါကို ဆေးသိပ္ပံနည်းအရ Chronic Obstructive Pulmonary Disease (COPD)ဟု လည်းကောင်း၊  Emphysema ဟုလည်းကောင်း ခေါ်ဝေါ်လေ့ရှိသည်။ ဆေးလိပ်စွဲသောက်ခြင်းကြောင့် အဆုတ်ထဲရှိ ဆံခြည်မျှင် သွေးကြောများ ပိတ်ဆို့လာပြီး သွေးလည်ပတ်မှုအား ကျဆင်းသွားကာ အဆုတ်ထဲတွင် ပုံမှန်မဟုတ်သော လေဟာနယ်ကြီးဖြစ်လာ ရသည့် ရောဂါတစ်မျိုးဖြစ်သည်။

ပြင်ပမှ အောက်ဆီဂျင်ကို အဆုတ်ထဲသို့ ရှူသွင်းစဉ်ဖြစ်စေ၊ အဆုတ်ထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြင်ပသို့ ရှူထုတ်စဉ်ဖြစ်စေ အသက်ရှူလိုက်တိုင်း မသက်မသာခံစားရသော ဝေဒနာဖြစ်သည်။ ရံဖန်ရံခါတွင် ၎င်းရောဂါကို သွေးနီဥဆဲလ်များ အဆမတန် များပြားသော ဝေဒနာဟူ၍ မှားယွင်းစွာ အမည်တပ်ကြသည်။

အကယ်၍ သင်သည် ဆေးလိပ်ကြိုက်သူဖြစ်ပြီး အောက်ပါလက္ခဏာများ ကြုံရပါက ဆရာဝန်ဖြင့် စစ်ဆေးခံဖို့ လိုနေပါပြီ။

  • အိပ်ပျော်အောင် အိပ်၍မရခြင်း။
  • စကားပြောဆိုရာတွင် စကားလုံး လေသံ မသဲကွဲခြင်း။
  • ချောင်းဆိုး၍ အချွဲအကျိထွက်လာသောအခါ အရောင်၊ အပျစ်အကျဲ၊ အနံ့ စသည်တို့ ပုံမှန်မဟုတ်ဘဲ သိသိသာသာ ပြောင်းလဲသွားခြင်း။
  • ချောင်းဆိုးစဉ် သွေးစသွေးနများ ပါလာခြင်း။
  • အသက်ရှူမဝခြင်း သို့မဟုတ် အဆက်မပြတ်ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူလိုက်တိုင်း လေချွန်သကဲ့သို့ တရွှီရွှီ အသံထွက်နေခြင်း။
  • ညအခါ အသက်ရှူမဝဘဲ ထ၍ထိုင်ရသော အဖြစ်မျိုး တစ်ကြိမ်ထက်မက ပိုလာခြင်း။
  • တစ်နေ့ထက်တစ်နေ့ပို၍ ပင်ပန်းနွမ်းနယ်လာခြင်း။
  • ညအိပ်စဉ် ခြေထောက်ကိုမြှင့်၍ အိပ်သော်လည်း ခြေဖမိုးနှင့် ခြေမျက်စိများ အရောင်မကျဘဲ ရှိနေခြင်း။
  • ကုလားထိုင်ပေါ်တွင် ထိုင်နေစဉ် အသက်ရှူ၍ကောင်းစေရန်အတွက် မှီခေါင်းအုံးတို့ကို ခုထားမှသာ သက်သောင့်သက်သာ ဖြစ်သည်ဟု ခံစားနေရခြင်း။
  • နံနက်အိပ်ရာထတွင် ခေါင်းကိုက်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း သို့မဟုတ် မူးဝေခြင်း။

အဆုတ်လေအောင်းခြင်းအတွက် သဘာဝကုထုံးများ

အောက်ဖော်ပြပါ သဘာဝကုထုံးများက အဆုတ်လေအောင်းရောဂါအတွက် ဘေးဥပဒ်ကင်းစွာ ကောင်းကျိုးပြုပေးနိုင်ပါသည်။

  • အဆုတ်လေအောင်းရောဂါ ကုသရန်အတွက် ဦးစွာပထမလုပ်ဆောင်ရန်မှာ ဆေးလိပ်ဖြတ်ခြင်းဖြစ်သည်။ The American Thoracic Society (ATS) ခေါ် အမေရိကန်နိုင်ငံဆိုင်ရာ အဆုတ်ကျန်းမာရေးအဖွဲ့အစည်းမှ လေ့လာဆန်းစစ်မှု မှတ်တမ်း များအရ အဆုတ်လေအောင်းရောဂါ ခံစားရသူ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ဆေးလိပ်စွဲနေသူများ ဖြစ်ကြောင်း သိရသည်။
  • ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဒုတိယဦးစားပေး လုပ်ဆောင်ရန်မှာ သွက်သွက်လက်လက် လှုပ်ရှားခြင်းဖြစ်သည်။ ဥပမာ လမ်းလျှောက်ခြင်း၊ ပန်းပင်စိုက်ခြင်း၊ ဂေါက်သီးရိုက်ခြင်းကဲ့သို့ ပုံမှန်လှုပ်ရှားနေပါက အဆုတ်ကြွက်သားများ အားကောင်း လာပြီး ကောင်းကောင်းအသက်ရှူရန် အဆင်ပြေလာစေမည်ဖြစ်သည်။
  • အဆုတ်လေအောင်းနေသော ဝေဒနာသည်အများစုသည် ကိုယ်အလေးချိန် ပိုနေသူများဖြစ်နေကြသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်သော အာဟာရတန်ဖိုးရှိသည့် အစားအစာမျိုးကို စနစ်တကျစားသောက်ပါ။ ဆား(အငံ)လျှော့စားပါ။ အစားအစာကို နည်းနည်းဖြင့် အကြိမ်ရေခွဲ၍စားပါ။
  • တရားထိုင်၊ တရားမှတ်ပါ။ ယောဂကျင့်ခြင်းကလည်း အသက်ရှူခြင်းကို ကောင်းစွာအထောက်အပံ့ဖြစ်စေသည်။
  • မိမိစိတ်ကို ထိန်းချုပ်၍ ပျော်ပျော်နေတတ်သူဖြစ်ပါစေ။ စိတ်ဆိုးဒေါသထွက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့က ခံစားနေရ သော ရောဂါကို လုံးဝကောင်းကျိုးမပြုနိုင်ပေ။
  • စိတ်ဖိစီးမှုများကလည်း ထွက်သက်၊ ဝင်သက်ကို တိုတိုတောင်းတောင်းမျှသာ ရှူရှိုက်နိုင်သည်။ ထို့ကြောင့် စိတ်ဖိစီးမှုများ သူတွေအနေဖြင့် သက်သောင့်သက်သာဖြစ်စေရန် သီချင်းနားထောင်ခြင်း၊ စာရေးစာဖတ်ခြင်း စသည်ဖြင့်ပြေရာပြေကြောင်း ဖြေဖျောက်ပေးပါ။
  • မိမိခံစားနေရတဲ့ ဝေဒနာကိုဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပါ။ ထိုမှသာ သက်တမ်းစေ့သက်ရှည် ကျန်းမာစေမည်ဖြစ်သည်။
  • အဆုတ်လေအောင်းဝေဒနာ၏ သဘောသဘာဝအရ အသက်ရှူရန်ခက်ခဲသဖြင့် လူဦးရေထူထပ်သော နေရာများကို ရှောင်ပါ။ အကယ်၍ လူဦးရေထူထပ်သောနေရာသို့ မဖြစ်မနေသွားရမည်ဆိုပါက လေအိတ်ပါသော (cold-air face mask) ကိုသုံးပါ။
  • အေးခဲသော ရာသီဥတုကလည်း အဆုတ်လေအောင်းခြင်းကို ကောင်းကျိုးမပြုနိုင်ပေ။
  • ရင်ဘတ်နှင့်ဝမ်းဗိုက်ကြားရှိ ကြွက်သားဆိုင်များကို ကောင်းစွာ အလုပ်လုပ်စေနိုင်သည့် အသက်ရှူလေ့ကျင့်ခန်းများကို  မှန်မှန်လုပ်ပေးသင့်ပါသည်။ ထိုလေ့ကျင့်ခန်းက သွေးထဲတွင် အောက်ဆီဂျင်ဓာတ် စံချိန်စံနှုန်းမြင့်တက်လာပြီးနောက် ပြတ်တောင်းပြတ်တောင်း အသက်ရှူခြင်းကို အလိုအလျောက် လျှော့ချပေးသွားမည်ဖြစ်သည်။
  • နံနက်အိပ်ရာထ အစာမစားခင် ကြက်သွန်ဖြူ သုံးမြွှာ ဝါးစားပေးပါ။
  • သံပရာရည် သို့မဟုတ် ရှောက်ရည်လတ်လတ်ဆတ်ဆတ် လက်ဖက်ရည်တစ်ဇွန်းကို ထမင်းမစားခင် တစ်နေ့နှစ်ကြိမ်တိတိ သောက်ပေးပါ။

အချုပ်အားဖြင့်ဆိုသော် ကမ္ဘာကိုခြောက်လှန့်နေသော ကိုဗစ်-၁၉ ရောဂါသည် ယနေ့ထိအရှိန်မကျနိုင်သေးဘဲ ပုံပြောင်းဗိုင်းရပ်များ အသစ်ထွက်ပေါ်လျက်ရှိသည်။ ဆေးလိပ်သောက်ခြင်းသည် ကိုဗစ်ရောဂါအန္တရာယ်ရှိနိုင်သော ပေါင်းစပ်မှုတစ်ခုဖြစ်သည်။ အဆုတ် လေအောင်းရောဂါကလည်း ဆေးလိပ်သောက် လွန်ကဲခြင်းကြောင့် ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် Chronic Obstructive Pulmonary Disease (COPD) ရောဂါရှိသူများက ဆေးလိပ်သောက်ခြင်းကို အထူးရှောင်ရှားကြစေလိုပါကြောင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ   လိုက်နာကျင့်ကြံကြစေလိုပါကြောင်း သတိပေးနှိုးဆော်လိုက်ရပါသည်။   ။

ပေါက်ပေါက်