မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်စင်တာဖွင့်လှစ်

မြောင်းမြ  မေ  ၂၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်စင်တာဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်ပြီး ကြွရောက်လာသည့် ဧည့်ပရိသတ် များက ငါးပါးသီလ ခံယူဆောက်တည်သည်။

ဆက်လက်၍ မြောင်းမြမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးဦးဆောင်ကာ စေတနာရှင်၊ အလှူရှင်များထည့်ဝင်ငွေစုစုပေါင်း ငွေကျပ်သိန်း ၅၀၀၀ ကျော် အကုန်အကျခံတည်ဆောက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အဆောက်အအုံအပိုင်း၊ ရေသန့်စက်တပ်ဆင်မှုအပိုင်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျောက်ကပ်ဆေးရမည့် လူနာအချို့ကိုယနေ့မှစတင်ကာ ကုသမှုများဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်းဝင်းထံမှ သိရသည်။

ယခုဖွင့်လှစ်သည့် ကျောက်ကပ်စင်တာသည် အလျား ၄၄ ပေ၊ အနံ ၃၄ ပေရှိပြီး ယခင်ဆေးသိုလှောင်ခန်းအား ပြန်လည်ပြုပြင် မွမ်းမံကာ ကျောက်ကပ်သန့်စင်စက် ငါးလုံးထားရှိကြောင်း၊ ယခင်ကျောက်ကပ် သန့်စင်ရန်အတွက် ပုသိမ်ဆေးရုံကြီးတွင် ကျောက်ကပ် သန့်စင်စက်လေးလုံးရှိပြီး မြောင်းမြဆေးရုံကြီး ကျောက်ကပ်စင်တာတွင် ယခုအခါ ကျောက်ကပ်သန့်စင်စက် ငါးလုံးဖြင့် လူနာ ငါးဦးအား တစ်ပြိုင်နက် ကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(၄၀၇)