မျိုးဆက်သစ်ကလေးများကို ပညာသင်ယူခွင့် ပေးစေလို

မျိုးဆက်သစ်ကလေးများကို ပညာသင်ယူခွင့် ပေးစေလို

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်  မတ်လအတွင်းက ကျင်းပခဲ့သည့်  အခြေခံပညာအဆင့် Grade-1 (ပထမတန်း)မှ  Grade-10 (နဝမတန်း)အထိ စာမေးပွဲ အောင်စာရင်းများကို ဧပြီလ ၂၄ ရက်တွင်   နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ အခြေခံပညာကျောင်း အသီးသီး၌  ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုခဲ့သည်။ အောင်စာရင်းကြည့်ကာ ပျော်ရွှင်ချမ်းမြေ့လျက် ရှိကြသည့်မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပုံရိပ်များကို ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ကြည့်ရှုလိုက်ရသည်။

ကျောင်းသားမိဘတစ်ဦး အနေဖြင့် ပျော်ရွှင်ချမ်းမြေ့နေသော ကလေးများကိုကြည့်၍ ကြည်နူးပီတိဖြစ်မိပါသည်။

ကျန်ရစ်ခဲ့သူများ

စင်စစ်အားဖြင့် နိုင်ငံတော်အစိုးရသည် ကိုဗစ်-၁၉ ရောဂါများဖြစ်ပွားနေသည့်ကြားမှာပင် ၂၀၂၁-၂၀၂၂ ပညာသစ်နှစ်အတွင်း အခြေခံပညာကျောင်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းခဲ့သည်။ ပုံမှန်ကျောင်းတက်ခဲ့သော ကလေးများသည် ပညာသင်နှစ်တစ်နှစ်ကို ကျော်ဖြတ်၍ နောက်တစ်တန်း တက်ရတော့မည်ဖြစ်သည်။   သို့သော် ပြည်တွင်းပြည်ပမှ  နိုင်ငံရေးအရောင်ဆိုးသူများ၏ သွေးထိုးမြှောက်ပင့်မှုများ၊ အဖျက်အမှောင့်သမားများ၏ စကားများကို နားယောင်နေသည့် တချို့သော  မိဘများသည် ကလေးများကို အခြေခံပညာကျောင်းများသို့ စေလွှတ်ခဲ့ခြင်းမရှိကြပေ။ လွန်ခဲ့သော ပညာသင်နှစ်အတွင်း  ကျောင်းတက်ခွင့် မရခဲ့သောကလေးများအတွက် များစွာ စိတ်မကောင်းဖြစ်မိပါသည်။ ယခုဆိုလျှင် အတန်းဖော်သူငယ်ချင်းများသည် လာမည့်ပညာသင်နှစ်တွင် နောက်တစ်တန်း တက်တော့မည် ဖြစ်သည်။ တချို့သောမိဘများက ကျောင်းမထားခဲ့သော ကလေးများသည် ယခင်အတန်းမှာပင် ကျန်ရစ်ခဲ့ရတော့မည်ဖြစ်သည်။ တစ်နှစ်နောက်ကျသွားပြီ ဖြစ်သည်။ တန်ဖိုးရှိသော အချိန်ကို အလဟဿဖြုန်းတီးခဲ့ခြင်းပင်ဖြစ်သည်။

တက္ကသိုလ်တက်ခွင့် ပေးသင့်ဆိုရလျှင် မေလ ၁၂ ရက်တွင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်အားလုံး  ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ တချို့သော တက္ကသိုလ်များတွင်  ကျောင်းအပ်နှံမှု လက်ခံနေဆဲဖြစ်သည်။  နယ်ဝေးမှတက်မည့်  ကျောင်းသား၊ ကျောင်းသူများ   အဆင်ပြေစေရန်အတွက် အဆောင် လျှောက်ထားမှုကိုလည်း လက်ခံနေသည်။ သို့သော် တချို့သောကလေးများသည် အဖျက်သမားများ၏ စကားကိုနားယောင်၍  တက္ကသိုလ်ဝင်ခွင့် မလျှောက်ခဲ့ကြပေ။ ထို့ကြောင့်  ပြည်တွင်းပြည်ပ ပယောဂများကြောင့် တက္ကသိုလ် ဘာသာရပ်တစ်ခုခုကို   မလျှောက်လိုက်ရသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ပညာ သင်ယူခွင့် အခွင့်အလမ်းကို    အမိအရ ဆုပ်ကိုင်နိုင်ရေးအတွက် အချိန်မနှောင်းသေးဟု ဆိုချင်ပါသည်။ နိုင်ငံရေးဝါဒ မှိုင်းမိနေသည့်  မိဘအုပ်ထိန်းသူများ အနေဖြင့်လည်း သား၊ သမီးများကို တက္ကသိုလ်ဆက်လက် တက်ရောက်ခွင့်ပြုသွားသင့်ပေသည်။ မိမိသားသမီးအား ပိတ်ပင်တားဆီးခြင်းမှာ သားသမီး၏ တက်လမ်းကို ပိတ်ဆို့ခြင်းဖြစ်သည်။ အစွန်းရောက် နိုင်ငံရေးသမားများ အနေဖြင့် မျိုးဆက်သစ်များ၏ အနာဂတ်ကို ရိုက်မချိုးသင့်ပေ။

ပစ်မှတ်ထား တိုက်ခိုက်နေထို့ပြင်   မတရားအသင်း ကြေညာထားသည့် CRPH? NUG နှင့် PDF ကိုထောက်ခံသူများ၊ ပြည်ပလက်ဝေခံများ၊ ဝါဒမှိုင်းမိနေသူများနှင့် အစွန်းရောက် Gen- Z များနှင့် အကြမ်းဖက်သမားများသည် အခြေခံကျောင်းများအား မီးရှို့တိုက်ခိုက်ခြင်း၊ ဗုံးထောင်ခြင်း၊ ကျောင်းအပ်လက်ခံသည့်  ဆရာ၊  ဆရာမများကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်းနှင့် မိဘ၊ အုပ်ထိန်းသူများကိုလည်း ကျောင်းအပ်နှံမှုမပြုရေး စည်းရုံးလှုံ့ဆော်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် စာသင်ကျောင်းများနှင့် ကျောင်းခြံဝင်း အုတ်တံတိုင်းများတွင်လည်း  ခြိမ်းခြောက်လှုံ့ဆော်သည့် စာများရေးသားလျက်ရှိသည်။ အဆိုးရွားဆုံးမှာ ကျောင်းအုပ်ကြီးများ အပါအဝင် ပညာရေးဝန်ထမ်းများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းပင်ဖြစ်သည်။

အချိန်မနှောင်းသေးပါ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ လက်ခံသွားမည်ဖြစ်သည်။ ယခင်နှစ်က အကြောင်းအမျိုးမျိုးကြောင့် သား၊ သမီးများကို ကျောင်းမထားခဲ့သော မိဘများအနေဖြင့် လာမည့် ပညာသင်နှစ်တွင် ကလေးများကို မပျက်မကွက် ကျောင်းအပ်နှံ သွားစေလိုပါသည်။    နိုင်ငံရေးအရောင်ဆိုးသူများ၏ စကားကိုနားယောင်ပြီး  ကလေးများကို ကျောင်းအပ်နှံခြင်း မရှိလျှင် မိမိကလေးများသာ နစ်နာကြမည်ဖြစ်သည်။ ဆိုရလျှင် ပြည်တွင်းပြည်ပမှ ဒေါ်လာစားများသည် “ဘယ်သူ သေသေ ငတေမာရင် ပြီးရော”ဆိုကာ ၎င်းတို့ကိုယ်ကျိုးအတွက်  မျိုးဆက်သစ်များ၏ အနာဂတ်ကို နင်းချေလျက်ရှိသည်။ ထို့ကြောင့်  မိဘအုပ်ထိန်းသူများ အနေဖြင့် အချိန်မီပြန်လည် သုံးသပ်ကာ မိမိသား၊ သမီးများကို အချိန်မီကျောင်းအပ် သွားသင့်ပေသည်။  လွန်ခဲ့သော ပညာသစ်နှစ်တွင် ကျောင်းမတက်ခဲ့ရသည့် ကလေးများအား  လာမည့်ပညာသင်နှစ်တွင် ကျောင်းတက်ခွင့်ပေးမည် ဆိုလျှင် အချိန်မနှောင်းသေးဟု ဆိုချင်ပါသည်။

ပညာသည်သာအခရာ

စင်စစ်အားဖြင့် ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းသည် လူတစ်ဦး၏ ဘဝတိုးတက်ရေးအတွက် များစွာအခရာ ကျလျက်ရှိသည်။ ပညာတတ်လူငယ်များ များပြားသော တိုင်းပြည်သည် တိုးတက်မှုဆီသို့သာ ဦးတည်စေမည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံတိုင်းသည် ပညာရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံ၌လည်း ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ ဆိုရလျှင် မျက်မှောက်ကာလသည် ပညာခေတ်ဖြစ်လာသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရလျက်ရှိပါသည်။   မြန်မာနိုင်ငံတွင်လည်း အလားတူစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် စဉ်ဆက်မပြတ် လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်လာနိုင်ရေး အတွက် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ကျောင်းနေခွင့်ရရှိရေး လုပ်ငန်းများကို စီမံချက်ချ၍ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်  ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ဆရာ၊ မိဘ၊ ပြည်သူများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့အကြား တက်ညီလက်ညီ  ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ များစွာလိုအပ်ပေသည်။

စင်စစ်အားဖြင့် လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ မျိုးဆက်သစ်များ   ပညာရည် မြင့်မားရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်လျက် အမျိုးသားရေး အသွင်ဖြင့်  အကောင်အထည် ဖော်လျက်ရှိသည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် အခမဲ့ ပညာရေး အစီအစဉ်ကို  အထက်တန်းအဆင့်အထိ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိသည်။

ကျောင်းနေမှုနှုန်း မြင့်မားလာသည်နှင့်အမျှ “ရေမြင့် ကြာတင့်”ဆိုသလို ကလေးငယ်များ ပညာတတ်မြောက်မှုနှုန်းလည်း သိသာထင်ရှားစွာ မြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

ထို့ပြင်   ကျောင်းသားလူငယ်များ ထိရောက်အောင်မြင်စွာ စာပေလေ့လာ သင်ယူနိုင်ရန်အတွက် ပတ်ဝန်းကျင် အခြေအနေကောင်းများ ဖန်တီးပေးရန်လည်း လိုအပ်ပေသည်။ စာသင်ကျောင်းများ၊ သင်ထောက်ကူပစ္စည်းများအပြင် အထောက်အကူပြုကျောင်းစာကြည့်တိုက်များလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။ အထူးသဖြင့်   စာသင်ကျောင်းများသည် တိတ်ဆိတ်ငြိမ်သက်မှုရှိသည့် နေရာများတွင်သာရှိ

သင့်ပါသည်။ ထိုသို့တိတ်ဆိတ် ငြိမ်သက်သည့်နေရာမျိုး၌  ကျောင်းသားလူငယ်များ အနှောင့်အယှက်ကင်းစွာ ပညာသင်ကြားနိုင်သဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ထွန်းရေးတွင် များစွာအထောက်အကူပြုပေသည်။

မျိုးဆက်သစ် ကလေးများကို ပညာသင်ယူခွင့်ပေးစေလိုဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီလျက်ရှိသည်။ထို့ကြောင့် ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းရေးနှင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေးတို့အတွက် “အခမဲ့ပညာရေးအစီအစဉ်”ကို အကောင်အထည်ဖော်လျက်ရှိသည်။ ကျောင်းနေအရွယ် ကလေးအားလုံးကို  ကျောင်းနေခွင့်ရရှိရေးအတွက်  ဆရာ၊ မိဘ၊ ရပ်မိရပ်ဖများ၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပြည်သူများ၏ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြမည့် ပေါင်းစည်းမှု အင်အားများ များစွာလိုအပ်ပါသည်။ အထူးသဖြင့်

မိဘအုပ်ထိန်းသူများသည် ပြည်တွင်းပြည်ပမှ နိုင်ငံရေး အမြတ်ထုတ်သူများ၊ အဖျက်အမှောင့် လုပ်ဆောင်သူများ၏ စကားကိုနားမယောင်တော့ဘဲ မျိုးဆက်သစ်များ ဖြစ်သည့်မိမိကလေးများကို ကျောင်းတက်ခွင့် ပေးခြင်းအားဖြင့် မျိုးဆက်သစ်များ၏ အနာဂတ် တောက်ပြောင်လာစေမည်ဖြစ်ကြောင်း  တိုက်တွန်း အကြံပြုသွားလိုပါသည်။   ။

မောင်သောင်းဝင်း(တမန်ဟောင်း)