Monkeypox (မျောက်ကျောက်ရောဂါ)နှင့် ပတ်သက်၍ သိကောင်းစရာ မေးခွန်းနှင့်အဖြေများ

မေး။  Monkeypox (မျောက်ကျောက် ရောဂါ) ဆိုသည်မှာဘာပါလဲ။

ဖြေ။ သြညုနပစသထ (မျောက်ကျောက်ရောဂါ) ဆိုသည်မှာ မျောက်များတွင် စတင်တွေ့ရှိရသည့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်သည့်ဗိုင်းရပ်ရောဂါ  (viral zoonotic disease) တစ်မျိုးဖြစ်ပါတယ်။ ကျောက်ကြီး ရောဂါ (smallpox) ဖြစ်ပွားစေသည့် ဗိုင်းရပ် (variola virus နှင့် မျိုးဗီဇအုပ်စု (orthopox) ချင်းတူညီသည့် မျောက်ကျောက်ရောဂါ ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားပါတယ်။ ရောဂါကူးစက်မှုပိုမြန်ပြီး ရောဂါပြင်းထန်မှု ပိုများတဲ့ အာဖရိကအလယ်ပိုင်း ကွန်ဂိုချိုင့်ဝှမ်းမျိုးစိတ် (Congo Basin Clade) နဲ့ အာဖရိကအနောက်ပိုင်းမျိုးစိတ် (West African Clade) ဟူ၍ ထင်ရှားတဲ့မျောက် ကျောက်ရောဂါဗိုင်းရပ် မျိုးစိတ်နှစ်ခု ရှိပါတယ်။

မေး။ ကျောက်ရောဂါအမျိုးအစား ဘာတွေရှိပါသလဲ။

ဖြေ။ အဓိကအားဖြင့် လူသိများတဲ့ကျောက် ရောဂါတွေကတော့ ကမ္ဘာ့ကပ်ရောဂါကြီး တစ်ခုဖြစ်ခဲ့တဲ့ ကျောက်ကြီးရောဂါ (small-pox)၊ နွားကျောက်ရောဂါ (cowpox)၊ အခု တစ်ကျော့ပြန်ဦးမော့လာတဲ့ မျောက် ကျောက်ရောဂါ (monkeypox) နဲ့ အခြားကျောက်ရောဂါတစ်ခုဖြစ်တဲ့ ရေကျောက်ရောဂါ (chickenpox) တို့ဖြစ်ကြပါတယ်။  ကျောက်ကြီးရောဂါ၊ နွားကျောက်ရောဂါနဲ့ မျောက်ကျောက်ရောဂါတို့က ကျောက်ရောဂါ ဗိုင်းရပ်အုပ်စု (Poxviridae) အုပ်စုထဲမှာ ပါဝင်ကြတာဖြစ်ပြီး ရေကျောက်ရောဂါ ကတော့ အခေါ်အဝေါ်အရသာ ကျောက် ရောဂါစာရင်းထဲမှာပါနေတာဖြစ်ပြီး ရေယုန် ရောဂါ ဗိုင်းရပ်အုပ်စု (Herpesviride) ထဲမှာ ပါဝင်တာဖြစ်ပါတယ်။ ဒါကြောင့် မိမိ တို့နိုင်ငံမှာ မကြာခဏ ဖြစ်ပွားမှုတွေ ရှိတတ်တဲ့ ရေကျောက်ရောဂါနဲ့ မျောက်ကျောက် ရောဂါရဲ့ သဘောသဘာဝက အလွန်ကွာခြားတာမို့     မိဘပြည်သူများအကြား စိုးရိမ်မှုတွေ မဖြစ်စေဖို့ ဦးစွာတင်ပြလိုပါတယ်။

မေး။ အခုတွေ့နေရတဲ့ မျောက်ကျောက် ရောဂါက ကိုဗစ်-၁၉ ရောဂါလိုဗိုင်းရပ် အသစ်ပေါ်လာတာလား။

ဖြေ။ Monkeypox (မျောက်ကျောက်ရောဂါ)က ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်လို ကမ္ဘာပေါ်မှာ ဗိုင်းရပ်အသစ်အနေနဲ့ ပေါ် လာတာမဟုတ်ပါဘူး။ ကိုဗစ်-၁၉ ဗိုင်းရပ်လို ကူးစက်ရောဂါဗိုင်းရပ်အသစ်ပေါ်လာ တာကို emerging infectious disease လို့ခေါ်ပြီး ကမ္ဘာပေါ်မှာ ယခင်ကတည်းက ရှိခဲ့တဲ့ Monkeypox (မျောက်ကျောက်ရောဂါ)  ဗိုင်းရပ်တစ်ကျော့ ပြန်ကူးစက်လာတာကို  re-emerging infectious disease လို့ ခေါ်ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ နဲ့ သဘော သဘာဝချင်းလည်း အလွန်ကွာခြားပါတယ်။ 

မေး။  Monkeypox (မျောက်ကျောက် ရောဂါ)ကို  ဘယ်လိုစတင်တွေ့ရှိခဲ့တာပါလဲ။

ဖြေ။ သြညုနပစသထ (မျောက်ကျောက်ရောဂါ)ဟာ ၁၉၅၈ ခုနှစ်ကတည်းက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်း အတွင်းက မျောက်တွေမှာစတင်တွေ့ရှိခဲ့ တာဖြစ်လို့  မျောက်ကျောက်ရောဂါလို့ အမည်ပေးခဲ့တာဖြစ်ပြီး   လူသားတွေမှာ ဒီရောဂါစတင်တွေ့ရှိမှုအနေနဲ့ ၁၉၇၀ ပြည့်နှစ်မှာ အာဖရိကတိုက် ကွန်ဂိုနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ အာဖရိကတိုက်အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာရှိတဲ့ မိုးသစ်တောတွေနဲ့ ၎င်းတို့နဲ့ ဆက်စပ်ရာ နိုင်ငံ/ဒေသတွေဖြစ်တဲ့ ကင်မရွန်း၊ ဗဟိုအာဖရိက၊ ကော့ဒီအိုင် ဗွိုင်ယာ၊ ဒီအာစီကွန်ဂို၊ ဂါဘွန်၊ လိုင်ဘေး ရီးယား၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုရီပတ်ဘလစ်၊ ဆီရာလီယွန်တို့မှာ ဆက်တိုက်တွေ့ခဲ့ရပြီး ရောဂါတွေ့ရှိမှု အများဆုံး အနေနဲ့ကတော့ ဒီအာစီကွန်ဂိုနိုင်ငံမှာ  တွေ့ရှိရတာ ဖြစ်ပါတယ်။

အာဖရိကဒေသပြင်ပကို ဒီရောဂါ စတင်ပျံ့နှံ့မှုအနေနဲ့ ၂၀၀၃ ခုနှစ်မှာ အမေရိကန်နိုင်ငံကို စတင် ရောက်ရှိခဲ့တာဖြစ်ပြီး အာဖရိကတိုက် ဂါနာနိုင်ငံကတင်ပို့လာတဲ့ တောရိုင်းတိရစ္ဆာန်တွေ ရောင်းတဲ့ အရောင်းဆိုင်နဲ့ ဆက်စပ်ကူးစက်တာဖြစ်တယ်လို့ သိရှိရပါ တယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း အာဖရိက ပြင်ပဒေသဖြစ်တဲ့ အစ္စရေးနိုင်ငံကို စက်တင်ဘာလ ၂၀၁၈ မှာ ဝင်ရောက်လာတဲ့ နိုင်ဂျီး ရီးယားက ခရီးသည်တွေမှာ ရောဂါကိုတွေ့ရှိ ခဲ့ရပြီး ယူကေနိုင်ငံမှာလည်း စက်တင်ဘာ ၂၀၁၈၊ ဒီဇင်ဘာ ၂၀၁၉၊ မေ ၂၀၂၁ နဲ့ မေ ၂၀၂၂ တွေမှာတွေ့ရတယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံမှာတော့ မေ ၂၀၁၉ နဲ့ အမေ ရိကန်နိုင်ငံမှာတော့ ဇူလိုင်နဲ့ နိုဝင်ဘာ ၂၀၂၁ မှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

မေး။ အခု ၂၀၂၂ ခုနှစ်မှာ တွေ့ရတဲ့မျောက် ကျောက်ရောဂါပျံ့နှံ့မှုက ဘယ်လိုပါလဲ။

ဖြေ။ အခု ၂၀၂၂ ခုနှစ်အတွင်းမှာ မျောက်ကျောက်ရောဂါပျံ့နှံ့မှု အနေနဲ့ ယူကေနိုင်ငံလန်ဒန်မြို့မှာ မျောက်ကျောက်ရောဂါ ကူးစက်ရာဒေသဖြစ်တဲ့ အာဖရိကတိုက်၊ နိုင်ဂျီးရီးယားနိုင်ငံက ဝင်ရောက်လာတဲ့ ခရီးသည်တစ်ဦးထံမှာ ရောဂါပိုးကို (၇-၅-၂၀၂၂) ရက်မှာ  စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေကို ဆက်တိုက်ဆိုသလို တွေ့ရှိလာရတာ ဖြစ်ပါတယ်။ ဒီလိုတွေ့ရှိမှုတွေဟာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု အနေနဲ့ အာဖရိကတိုက်ပြင်ပမှာ ယခင်က မတွေ့ဖူးတဲ့ ကူးစက်ပျံ့နှံ့မှုမျိုး ဖြစ်ပါတယ်။

၂၅-၅-၂၀၂၂ ရက်နေ့ နံနက်ပိုင်းအထိ အာဖရိကဒေသပြင်ပမှာ မျောက်ကျောက် ရောဂါ အတည်ပြု လူနာတွေ့ရှိရတဲ့ နိုင်ငံပေါင်း ၁၉ ခု၊ သံသယဖြစ်ဖွယ်လူနာ တွေ့ရှိရတဲ့ နိုင်ငံတစ်ခု စုစုပေါင်း ၂၀ ခုနှင့် အာဖရိကဒေသ အနောက်မြောက်ပိုင်းမှာ ရှိတဲ့ ယခင်က ဖြစ်ပွားမှုမရှိခဲ့တဲ့ မော်ရိုကိုနိုင်ငံ ကိုပါ  ထည့်သွင်း တွက်ချက်ပါက ရောဂါအတည်ပြုလူနာနဲ့ သံသယလူနာတွေ့ရှိ တဲ့နိုင်ငံ စုစုပေါင်း ၂၁ နိုင်ငံရှိပြီ ဖြစ်ပါတယ်။ ၂၅-၅-၂၀၂၂ ရက် နံနက်ပိုင်းအထိ ဒီနိုင်ငံတွေမှာ   အတည်ပြုလူနာ ၂၂၈ ဦး၊ ရောဂါဖြစ်နိုင်ခြေရှိတဲ့ လူနာ နှစ်ဦး၊ သံသယဖြစ်ဖွယ်လူနာ ၈၂ ဦး စုစုပေါင်း ၃၁၂ ဦးရှိနေတာကိုသိရပြီး ရောဂါကြောင့် သေဆုံးသူမရှိကြောင်း  သိရှိရပါတယ်။ ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းဒေသတွေမှာ ရောဂါ ကို တွေ့နေရတာ ဖြစ်ပြီး အတည်ပြုလူနာ အများဆုံးတွေ့ရတဲ့   နိုင်ငံတွေအနေနဲ့ ယူကေနိုင်ငံမှာ ၇၁ ဦး၊ စပိန်နိုင်ငံမှာ ၅၁ ဦး၊ ပေါ်တူဂီနိုင်ငံမှာ ၃၉ ဦး ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသနဲ့ မိမိတို့ရဲ့ အိမ်နီး ချင်းနိုင်ငံ တွေမှာတော့ ရောဂါဖြစ်ပွားသူ တွေ့ရှိရခြင်း မရှိသေးပါဘူး။

ဒီရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းတွေအနေနဲ့ သတိပြုရမယ့် ရောဂါတစ်ခုအဖြစ်  သတ်မှတ်လာတဲ့ အဓိကအကြောင်းရင်းကတော့ ယခင်က ရောဂါဖြစ်ပွားမှု မရှိခဲ့တဲ့ အာဖရိကဒေသ  ပြင်ပနိုင်ငံတွေမှာ ရောဂါဖြစ်ပွားသူတွေကို အချိန်တိုအတွင်းမှာ အရေအတွက် အတော် များများ တွေ့ရှိခဲ့ရခြင်း၊ ရောဂါတွေ့ရှိရသူတွေမှာ ရောဂါဖြစ်ပွားရာ ဒေသသို့ ခရီး သွားရာဇဝင်မရှိခဲ့ခြင်းနဲ့ ရောဂါအတည်ပြုလူနာနဲ့လည်း တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိဘဲ ရောဂါဖြစ်ပွားမှုတွေ တွေ့ရှိလာရတဲ့အချက်  ဖြစ်ပါတယ်။

မေး။ Mokeypox  (မျောက်ကျောက်ရောဂါ) လက္ခဏာတွေက ဘာတွေပါလဲ။

ဖြေ။ ခန္ဓာကိုယ်အတွင်း Monkeypox ဗိုင်းရပ်   စတင်ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာပြတဲ့အထိ ရောဂါပျိုးချိန် ကာလရှိတာဖြစ်ပြီး ပုံမှန်အားဖြင့် ခြောက်ရက်ကနေ ၁၃ ရက်ခန့်ကြာတတ်ပါတယ်။ အနည်းဆုံး ငါးရက်ကနေ အများဆုံး ၂၁ ရက်အထိ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အဆင့်(၂)ဆင့်ရှိပါတယ်။ ပထမအဆင့် အနေနဲ့ ဗိုင်းရပ်က ခန္ဓာကိုယ်တွင်း စတင်ကျူးကျော် ဝင်ရောက်တဲ့ကာလဖြစ်ပြီး အချိန်အကြာဆုံး ငါးရက်လောက်အထိကြာ မြင့်နိုင်ပါတယ်။ ဒီအချိန်မှာရောဂါလက္ခဏာ တွေအနေနဲ့ဖျားခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံမှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းကြီးထွားလာခြင်း၊  နောက်ကျောနာကျင်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အလွန်အမင်းအားအင် ကုန်ခန်းခြင်းတို့   ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီနေရာမှာ ကွဲပြားထင်ရှားတဲ့ လက္ခဏာက  အစောပိုင်းမှာကတည်းက ပြန်ရည်ကျိတ်တွေက ရောင်ရမ်းကြီးထွား လာခြင်း ဖြစ်ပါတယ်။ ဒါက ကျောက်ရောဂါ၊ ရေကျောက်ရောဂါနဲ့ ဝက်သက်ရောဂါတို့လို အရေပြားပေါ်မှာ   အရည်ကြည်ဖုတွေ၊ အကွက်တွေ ထွက်တာတွေချင်းတူတဲ့ ရောဂါတွေနဲ့ သိသာစွာကွဲပြားတဲ့အချက် ဖြစ်ပါတယ်။

ဒုတိယအဆင့်မှာကတော့ စတင်ဖျား၍ တစ်ရက်ကနေ သုံးရက်လောက်မှာ အရေပြားပေါ်မှာ အကွက်တွေ ထွက်လာတာပါ။

ကိုယ်လုံးပေါ်မှာထက်စာရင်  မျက်နှာနဲ့ ခြေ/လက်တွေပေါ်မှာ ပိုပြီးထွက်ပါတယ်။ ကူးစက်ခံရသူတွေရဲ့ ၉၅ ရာခိုင်နှုန်းက မျက်နှာပေါ်၊ ၇၅ ရာခိုင်နှုန်းက လက်ဖဝါး၊ ခြေဖဝါးပေါ်၊ ၇၀ ရာခိုင်နှုန်းက ပါးစပ်ထဲမှာ၊ ၃၀ ရာခိုင်နှုန်းက လိင်အင်္ဂါပေါ်မှာ၊ ၂၀ ရာခိုင်နှုန်းက မျက်စိမှာပေါ်တတ်ပါတယ်။ အရေပြားပေါ် အကွက် စတင်ပေါ်လာရာက အဖုလေးတွေဖြစ်လာတယ်။ အဲဒီနောက် မှာ အရည်ကြည်ဖုဖြစ်လာရာက အဝါ ရောင်အနှစ်တွေပါတဲ့ ပြည်ဖုတွေဖြစ်လာ ပါတယ်။ ဆက်ပြီးအဖုတွေမှာ အနာဖေး တွေဖြစ်လာပြီး ကွာကျ လာပါတယ်။ အဲဒီ အဖု^အရည်ကြည်ဖုတွေက ခန္ဓာကိုယ်မှာ အရေအတွက်ထောင်နဲ့ချီပြီးပေါ်လာတာဖြစ်လို့ အဖုတွေကပေါင်းသွားပြီး အချို့ လူတွေမှာအရေပြားအလွှာလိုက်ကွာကျ သည်အထိ ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာချင်းဆင်တူပြီး မိမိတို့ နိုင်ငံမှာ ဖြစ်ပွားလေ့ရှိတဲ့ ရေကျောက်ရောဂါမှာတော့ ရင်ဘတ်၊   နောက်ကျော စတဲ့ကိုယ်လုံးပေါ်မှာ အရေပြားပေါ် အရည်ကြည်ဖုငယ်တွေ စတင်ထွက်လာတာဖြစ်ပြီး ယားယံမှု ကိုပါ  တွဲဖက်၍ခံစားရလေ့ရှိပါတယ်။ မျောက်ကျောက်ရောဂါမှာလို စတင်လက္ခဏာပေါ်စဉ် ကတည်းက  ပြန်ရည် ကျိတ်တွေ ကြီးမားရောင်ရမ်းလာတာမျိုး မရှိပါဘူး။

မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတွေ အများစုကတော့    နှစ်ပတ်ကနေ လေးပတ်လောက်အတွင်းမှာ   ပြန်လည်ကောင်းမွန်လေ့ ရှိပေမယ့်လည်း ကလေးတွေ၊   နာတာရှည်ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအား လျော့နည်းသူတွေမှာ ရောဂါပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

မျောက်ကျောက်ရောဂါ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ အရေပြားအနာပိုး ဝင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ပြည်တည်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ မျက်စိကွယ်ခြင်းတို့ ဖြစ်ပွားနိုင်ရာမှ   အသက်သေဆုံးသည် အထိ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကတော့ ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိရှိပြီး ကလေးတွေ၊ နာတာ ရှည်ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားလျော့ နည်းသူမှာ သေဆုံးမှုနှုန်း ပိုမိုမြင့်မားစွာ ခံစားရနိုင်ပါတယ်။ ယခင်တွေ့ရှိချက်တွေအရ အာဖရိကအလယ်ပိုင်း ကွန်ဂိုချိုင့်ဝှမ်း မျိုးစိတ်(Congo Bsin Clade)က ရောဂါ ကြောင့်သေဆုံးနှုန်း ၁၀ ရာခိုင်နှုန်းအထိ ရှိခဲ့တာကိုတွေ့ရပြီး အာဖရိကအနောက် ပိုင်းမျိုးစိတ် (West African Clade)ကတော့ ရောဂါကြောင့်သေဆုံးနှုန်း ၁ ရာခိုင်နှုန်းခန့်ပဲရှိခဲ့တာကို တွေ့ရပါတယ်။

ဆက်လက်ဖော်ပြပါမည်။