ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ချယ်လ်ဆီးအသင်း၏ အရောင်းအဝယ်ပြုလုပ်ပြီး ပိုင်ရှင်အပြောင်းအလဲ ကိစ္စရပ်များကို သဘောတူခွင့်ပြုချက်ပေး

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ချယ်လ်ဆီး အသင်း၏အရောင်းအဝယ်ပြုလုပ်ပြီး ပိုင်ရှင်အပြောင်းအလဲ ကိစ္စရပ်များကို    သဘောတူခွင့်ပြုချက်ပေးခဲ့ကြောင်း သိရသည်။

ယူကရိန်း-ရုရှားအရေးကြောင့် ချယ်လ်ဆီးအသင်းပိုင်ရှင် အီဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ကန့်သတ် မှုများပြုလုပ်ခဲ့သည့်အတွက်  ချယ်လ်ဆီးအသင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက   ရောင်းချရန် ကြေညာခဲ့ပြီးနောက်   လက်ရှိတွင်  အမေရိကန်ဘီလျံနာ တော့ဘိုင်လီဦးဆောင်သည့်အဖွဲ့က စတာလင်ပေါင် ၄ ဒသမ ၂၅ ဘီလီယံဖြင့်    ဝယ်ယူရန်သဘောတူညီမှုရရှိထားခြင်း ဖြစ်သည်။

တော့ဘိုင်လီအနေဖြင့်   ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် ၄ ဒသမ ၂၅ ဘီလီယံဖြင့်ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သော်လည်း အသင်းကို လွှဲပြောင်းရယူနိုင်ခြင်းမရှိသေးဘဲ  ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်အပြင် ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂထံတို့မှ ခွင့်ပြုချက်ရရှိမှသာ တရားဝင်လွှဲပြောင်းရယူနိုင်မည် ဖြစ်သည်။

ချယ်လ်ဆီးအသင်းကို   တော့ဘိုင်လီဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် ခွင့်ပြုချက်များ အဆင့်ဆင့်ရရှိရန် ကြိုးပမ်းခဲ့ရာမှ လက်ရှိတွင် ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်၏ ခွင့်ပြုချက်ကို   ရရှိခဲ့ပြီးဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂတို့၏ ခွင့်ပြုချက်ကိုသာ လိုအပ်တော့ခြင်းဖြစ်သည်။

ချယ်လ်ဆီး အသင်းအနေဖြင့် တရားဝင်အသင်းပိုင်ရှင်အပြောင်းအလဲ မဖြစ်ပေါ်သေးသည့်အတွက် ကန့်သတ် ခံထားရသည့် ကစားသမားများကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခွင့်၊ ကစားသမားရောင်းချခွင့်နှင့် ဝယ်ယူခွင့်တို့ မပြုနိုင်သေးဘဲ တရားဝင်အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပေါ်မှသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့်  ချယ်လ်ဆီးအသင်းပိုင်ရှင် အပြောင်းအလဲ ပြုလုပ်နိုင်ရန်အတွက် ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂတို့ ထံမှ ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းနေပြီး ယခုလမကုန်မီ  အပြီးသတ်နိုင်ရန်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။               

Ref:Fotomobo