ကင်ဆာရောဂါကို အမြစ်ဖြတ်မယ့်ဗိုင်းရပ်

ကျွန်တော်တို့ အများစုသိရှိထားတာက ဗိုင်းရပ်ဆိုရင် လူတွေကို အန္တရာယ်ပေးတဲ့ အရာအဖြစ် သိရှိထားကြတာပါ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ အဲဒီဗိုင်းရပ်ဆိုတဲ့ အရာက ကင်ဆာရောဂါကိုအမြစ်ဖြတ်မယ့် ဗိုင်းရပ်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

အမေရိကန်နိုင်ငံရှိ   မျှော်လင့်ခြင်းမြို့တော်လို့ အမည်ရတဲ့ ကင်ဆာရောဂါကုသရေးနဲ့ သုတေသန အဖွဲ့အစည်းက သူတို့ အနေနဲ့ ကိုယ်တွင်းရှိ အဖုအကျိတ်များကို ဖျက်ဆီးနိုင်မယ့် ပြုပြင်ပြောင်းလဲထားတဲ့ ဗိုင်းရပ်တစ်မျိုးကို အသုံးပြုပြီး အဆင့်(၁) လက်တွေ့သုတေသနတစ်ခုကို စလုပ်နေပြီလို့ ဆိုပါတယ်။

ကင်ဆာဆိုတာ ဖြေရှင်းရခက်တဲ့ ပဟေဠိတစ်မျိုးပါ။ ဒီပဟေဠိကို ဖြေရှင်းနိုင်ဖို့အတွက် ခေတ်သစ်သိပ္ပံပညာက နည်းလမ်းအမျိုးမျိုးကို အသုံးပြုလာကြပါတယ်။

အဲဒီနည်းလမ်းတွေထဲမှာ ကင်ဆာဖြစ်နေတဲ့ ကလာပ်စည်းကိုသာ အဓိကပစ်မှတ်ထား တိုက်ဖျက်တဲ့ ဆေးဝါးတွေ အသုံးပြုမှုမှသည် လူနာရဲ့ကိုယ်ခံအားကလာပ်စည်းကို ဇီဝဗေဒနည်းအရ ပြန်လည်ပြင်ဆင်မှုတွေလုပ်ပြီး ကင်ဆာကို တိုက်ထုတ်တာမျိုးအထိ ပါဝင်ပါတယ်။

ဒီလိုနည်းလမ်းတွေကို အသုံးပြုရာမှာ ဘေးထွက်ဆိုးကျိုးတွေ နည်းနိုင်သမျှနည်းအောင်နဲ့ လူနာတွေမှာ ရလဒ်ကောင်းတွေ ပိုမိုတိုးပွားလာအောင် ခေတ်မီဆန်းသစ်တဲ့ နည်းလမ်းအမျိုးမျိုးကို ကြံဆလာကြပြန်ပါတယ်။

ပထမမှာ သိပ္ပံပညာရှင်တွေက အကျိတ်တွေကိုတိုက်ထုတ်ဖို့အတွက်  ကိုယ်ခံအားစနစ်ကိုသာ အသုံးပြုဖို့ ရည်ရွယ်ကြပါတယ်။

ဒါပေမဲ့ အကျိတ်တည်ရှိမှု အနေအထားက ကိုယ်ခံအားအနေနဲ့ သူ့ကိုရန်သူလို့မမြင်လောက်အောင် အထိကို ဖြစ်သွားစေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကင်ဆာဖြစ်နေတဲ့ ကလာပ်စည်းတွေဆီ လမ်းညွှန်နိုင်ဖို့ အစိတ်အပိုင်းလေးတွေ ထုတ်လုပ်ပေးနိုင်မယ့် ဗိုင်းရပ်တစ်မျိုးကို အသုံးပြုဖို့ သိပ္ပံပညာရှင်များက ရည်မှန်းလိုက်ပါတယ်။

အခုလိုမျိုးရည်မှန်းပြီး တီထွင်ကြံဆမှုရဲ့ ရလဒ်အဖြစ် အွန်ကိုလိုင်းတစ်လို့ခေါ်တဲ့ ကင်ဆာအမြစ်ဖြတ်ဗိုင်းရပ် ထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်များဟာ     ဒီနေရာမှာ ကျောက်ရောဂါ ဗိုင်းရပ်တစ်မျိုးကို မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး   လူနာကို ကူးစက်စေပါတယ်။

အဲဒီဗိုင်းရပ်က လက်ခံကလာပ်စည်းထဲကို ဝင်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက်   ပုံတူပွားပြီးနောက်      ဗိုင်းရပ်အမှုန်အသစ် ထောင်ပေါင်းများစွာကို ထုတ်လွှတ်ဖို့အတွက်   လက်ခံကလာပ်စည်းကို ဖွင့်ပြီး ထွက်လာကြပါတယ်။ ထွက်ပေါ်လာတဲ့ ဗိုင်းရပ်အမှုန်အသစ်တွေက ကင်ဆာဖြစ်နေတဲ့ ကလာပ်စည်းတွေမှာ သွားကပ်ပြီးတော့  လူနာရဲ့ ကိုယ်ခံအားစနစ်အနေနဲ့     တိုက်ခိုက်နိုင်စေဖို့အတွက် အချက်ပြတဲ့လုပ်ငန်းကို  လုပ်ဆောင်ပါတယ်။

အခုတော့ ဒီဗိုင်းရပ်ကို လက်တွေ့စမ်းသပ်မှု လုပ်နေပါပြီ။ လက်တွေ့စမ်းသပ်မှုအတွက် ဆေးကိုတော့ ဗက်ဆီးနီးယားလို့ နာမည်ပေးထားပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်အရဆိုရင်    အူမကြီး၊  အဆုတ်၊ ရင်သား၊ သားအိမ်နဲ့ ပန်ကရိယကင်ဆာအကျိတ်တို့ကို ကျုံ့သွားစေတယ်ဆိုတာ တွေ့ရှိထားပါတယ်။

လက်ရှိလုပ်ဆောင်နေတဲ့   အဆင့်(၁) လက်တွေ့စမ်းသပ်မှုက ဆေးဝါးရဲ့ဘေးကင်းစိတ်ချရမှုကို ဆုံးဖြတ်သွားမှာ ဖြစ်ပြီး သုတေသနမှာ ပါဝင်လိုသူ ကင်ဆာလူနာအယောက် ၁၀၀ ကို ထိုးပေးသွားမှာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ လက်တွေ့စမ်းသပ်မှု သုတေသနမှာ ပါဝင်လိုသူတွေကို ရွေးချယ်နေတုန်းပဲဖြစ်ပြီး   လုပ်ငန်းစဉ် တစ်ခုလုံး ပြီးစီးဖို့အတွက် အချိန် နှစ်နှစ်ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။         

Ref:IE