ပင်လယ်သန္တာများတွင် ကင်ဆာကို ကုသနိုင်မယ့် ပင်မဒြပ်ပေါင်း ပါဝင်နေ

ကျွန်တော်တို့ကမ္ဘာကြီးဟာ လျှို့ဝှက်ချက်တွေ အပြည့်နဲ့ပါ။ အထူးသဖြင့် ပင်လယ်ရေအောက်မှာ ရှိတဲ့ အရာတွေနဲ့ ပတ်သက်လို့ လူသားတွေ သိရှိထားမှုက လွန်စွာနည်းပါးပါသေးတယ်။

အခုတော့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကြောင့် လူသားတွေအနေနဲ့ အသိပညာတွေ တိုးလာရပါပြီ။ မကြာသေးခင်ကဆိုရင် ပင်လယ်ရေမှော်တွေရဲ့ ဂေဟစနစ်က အရင်တုန်းက လူတွေမျှော်မှန်းထားတာ ထက်ပိုများတဲ့ သကြားဓာတ်တွေကို    သိုလှောင်သိမ်းဆည်းထားတယ် ဆိုတာကို သိခဲ့ရပါတယ်။

ဒီတစ်ခေါက်မှာ ယူထာတက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့ တွေ့ရှိချက်က တကယ့်ကိုရှားပါးပြီး အဖိုးတန်တဲ့ တွေ့ရှိချက်လို့ဆို ရပါလိမ့်မယ်။

ဘာကြောင့် ဒီလိုဆိုရတာလဲဆိုရင် အဲဒီသိပ္ပံပညာရှင်များဟာ  ကင်ဆာရောဂါကို ကုသနိုင်မယ့် တွေ့ရခဲတဲ့ဒြပ်ပေါင်း တစ်ခုကို ပင်လယ်ရေအောက်မှာရှိတဲ့ သန္တာများဆီမှာ တွေ့ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

ဆေးပညာရှင်များဟာ ကင်ဆာရောဂါကို ကုသရေးမှာ အစွမ်းထက်မှုရှိကြောင်း ပဏာမလေ့လာမှုတွေမှာ တွေ့ရှိထားတဲ့ သဘာဝဓာတု အရင်းအမြစ်တစ်ခုကို လိုက်ရှာနေခဲ့ကြတာ နှစ်ပေါင်း ၂၅ နှစ်ရှိနေပါပြီ။

အခုလိုနှစ်ပေါင်းများစွာ ကြာရှာဖွေနေခဲ့ရတဲ့ ဒြပ်ပေါင်းအရင်းအမြစ်ကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရတာဟာ   တစ်ချိန်ချိန်မှာ ကင်ဆာရောဂါ တိုက်ဖျက်ရေးအတွက် လက်နက်အသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

သန္တာများမှာ ဆေးဝါးအဖြစ် အသုံးပြုနိုင်တဲ့ ဒြပ်ပေါင်း အမျိုးအစားထောင်ပေါင်းများစွာ ရှိပါတယ်။  အဲဒီဒြပ်ပေါင်းတွေက အယောင်ကျစေတဲ့ဓာတ်ပစ္စည်းနဲ့ ပဋိဇီဝဒြပ်ပေါင်းများရဲ့ အစွမ်းကို နှစ်ဆတိုး စေနိုင်ပါတယ်။

ဒါပေမဲ့ ဒီဒြပ်ပေါင်းကို လိုအပ်တဲ့ ပမာဏအထိ ထုတ်ယူနိုင်ခြင်း မရှိမှုက    သူတို့ကိုလက်တွေ့စမ်းသပ်မှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက်     အဟန့်အတား ဖြစ်နေပါတယ်။

သန္တာဆိုတာ သက်ရှိသတ္တဝါတစ်မျိုးပါ။ မြွေတို့၊ ပင့်ကူတို့လိုမျိုး တိရစ္ဆာန်တွေက အနာကျက်စေတဲ့ ဓာတုဒြပ်ပေါင်းတွေကို သယ်ပေမယ့်လည်း သန္တာကတော့ သူမတူတဲ့ အားသာချက်တွေကို ပေးစွမ်းနိုင်ပါတယ်။

သန္တာများဟာ သူတို့ကိုစားသုံးဖို့အတွက် လာရောက်တဲ့ သတ္တဝါတွေကို သူတို့ဆီက ထွက်တဲ့ဓာတုပစ္စည်းများ အသုံးပြုပြီး တားဆီးကာကွယ်ပါတယ်။

သူတို့ရဲ့ဓာတုပစ္စည်းများက အဆိပ်ရှိဓာတုပစ္စည်းတွေလိုမျိုး သားကောင်ရဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းရတာမျိုး မဟုတ်တဲ့အတွက် သန္တာတွေဆီကရတဲ့ ဓာတုပစ္စည်းများဟာ ကြေညက်လွယ်စေပါတယ်။

ဒါကြောင့်     သန္တာဆီကဒြပ်ပေါင်းနဲ့ ထုတ်လုပ်ထားတဲ့ ဆေးတွေကို ထိုးသွင်းရတဲ့ ထိုးဆေးအနေနဲ့မဟုတ်ဘဲ သောက်ဆေးအဖြစ် အလွယ်တကူ ပေးနိုင်ပါလိမ့်မယ်။

အခုလောလောဆယ်မှာတော့ သိပ္ပံပညာရှင်များဟာ သန္တာတွေဆီကနေ အဲဒီဒြပ်ပေါင်းပမာဏအများအပြားကို ဘယ်လိုမျိုးနည်းနဲ့ ရယူနိုင်မလဲဆိုတာ စဉ်းစားအဖြေထုတ်နေပါတယ်။

ဒီအတွက်ကြောင့် ပင်လယ်ရေအောက်မှာသာ တွေ့ရှိနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုက နောင်တစ်ချိန်မှာ အိပ်ရာဘေးက စားပွဲပေါ်ကို    ရောက်ရှိ လာနိုင်တော့မှာ ဖြစ်ပါတယ်။

Ref:IE