သစ်သီးယိုမျိုးစုံနှင့် မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်

မော်လမြိုင်၊ သက်မွေးပညာ

မွန်ပြည်နယ် မော်လမြိုင်ခရိုင်တွင် မွန်ပြည်နယ် အသေးစားစက်မှု လက်မှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သစ်သီးယိုမျိုးစုံနှင့် မုန့်လုပ်နည်းသင်တန်းကို မေ ၂၄ ရက်နံနက် ၁၀ နာရီတွင် လူထုအခြေပြု ဗဟိုဌာန စုပေါင်းခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာနှင့် ပြည်နယ် အသေးစား စက်မှုလက်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုတို့က   ယခုလိုသင်တန်းကို လာရောက်ဖွင့်လှစ် ခြင်းသည် အများပြည်သူအတွက် များစွာအကျိုးရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော်လည်း မိမိတို့၏ဘဝအတွက် ရပ်တည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးစားသင်ယူ ကြစေလို ကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ဦးစီးအရာရှိ ဦးစောကြည်လင်းနှင့်သုတေသန လက်ထောက်-၄ ဒေါ်စန်းစန်းထွန်းတို့က သစ်သီးများအား ယိုထိုးရန် အဆင့်ဆင့်ဆောင်ရွက်ပုံတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၆ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ မေ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)