မျောက်ကျောက်ရောဂါ

မျောက်ကျောက်ရောဂါ

ဟောလာပြန်ပြီ။ “မျောက်ကျောက်ရောဂါ” ဆိုပါလား။

ကိုဗစ်-၁၉ ရောဂါလေး နည်းနည်းငြိမ်နေပြီဆိုလို့ စိတ်အေးမယ်ကြံကာရှိသေးတယ်။ “မျောက်ကျောက်” ဆိုတဲ့ ဗိုင်းရပ်ကြောင့်ဖြစ်လို့ “မျောက်ကျောက်ရောဂါ” လို့ အလွယ်ခေါ်လိုက်တာလေ။ အင်္ဂလိပ်လိုကတော့ (MONKEYPOX)ပေါ့။ အာဖရိကတိုက်က အမြဲ စိမ်းသစ်တောတွေထဲမှာနေတဲ့ တိရစ္ဆာန်တွေမှာပဲ ဖြစ်လေ့ရှိတဲ့ရောဂါပေါ့။ အာဖရိကတိုက်ဆိုတာ အာရှတိုက်နဲ့အဝေးကြီးပဲ။

အဲဒီမှာရှိတဲ့ တိရစ္ဆာန်မှာပဲဖြစ်တဲ့ရောဂါကို ကျွန်မတို့တွေ ဘာကြောင့်သိဖို့လိုလဲ၊ အလေးထားဖို့လိုလဲလို့တွေးနေမိမှာပါ။ ကျွန်မအခု ဒီဆောင်းပါးကို ရေးနေတာက အင်္ဂါနေ့ညနေစောင်းလေ။ မေ ၂၄ ရက်ပေါ့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၁၅ ရက်က ဒီ “မျောက်ကျောက်ရောဂါ” ကို အင်္ဂလန်နိုင်ငံက လူလေးဦးမှာဖြစ်နေတယ်ဆိုတဲ့အကြောင်း ကမ္ဘာကို အသိပေးထုတ်ပြန်ထားပါတယ်။ အရမ်းထူးဆန်းပါတယ်။

အာဖရိကတိုက်က တိရစ္ဆာန်တွေမှာဖြစ်တဲ့ “မျောက်ကျောက်” ဗိုင်းရပ်ပိုးဟာ လေယာဉ်ပျံစီးပြီး အင်္ဂလန်နိုင်ငံကလူတွေကို “မျောက်ကျောက်ရောဂါ” ဖြစ်စေတာပါ။ နောက်ထပ်နှစ်ရက်ကြာတော့ (မေ ၁၇ ရက်ပေါ့)။ ပေါ်တူဂီနိုင်ငံနဲ့ ဆွီဒင်နိုင်ငံမှာ ဒီရောဂါ ဖြစ်တဲ့ လူနာတွေကို ထပ်တွေ့ရပါတယ်။ ဒီလူနာတွေဟာ အာဖရိကတိုက်ကို ခရီးသွားတာမရှိတာတစ်ကြောင်း၊ သူတို့အချင်းချင်း လည်း လူကိုယ်တိုင် တွေ့ဆုံဖူးတာမရှိတာတစ်ကြောင်းတို့ကြောင့် “မျောက် ကျောက်ဗိုင်းရပ်” ပိုးကပဲ လေယာဉ်ပျံစီးပြီး ဒီနိုင်ငံတွေ ကို အလည်ရောက်သွားတာလား သို့မဟုတ် သင်္ဘောကြီးစီးပြီး မျက်စိလည် လမ်းမှားရောက်သွားတာလားလို့ သုံးသပ်ကြပါတယ်။ ဘယ်နည်းနဲ့ပဲရောက်ရောက် လူသားတွေကို ဒုက္ခမပေးဘဲ တိရစ္ဆာန်ကိုပဲ ဒုက္ခပေးရင် တော်သေးတာပေါ့နော်။

နောက်နှစ်ရက်လည်းကြာရော (မေ  ၂၀  ရက်ပေါ့)၊ ဒီ “မျောက်ကျောက်ရောဂါ” ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ တွေ့လာရပါတယ်။ “မျောက်ကျောက်ဗိုင်းရပ်” ဟာ အင်မတန်စွမ်းတယ်ပြောရမှာပေါ့။ ဗီဇာမလို၊ ပတ်စ်ပို့(Passport)မလိုဘဲ နိုင်ငံတွေအများကြီးကို တစ်ချိန်တည်းရောက်သွားတာ။ ဒီနိုင်ငံတွေကတော့သြစတြေးလျ၊  ဘယ်လ်ဂျီယံ၊  ကနေဒါ၊  ပြင်သစ်၊ဂျာမနီ၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ အင်္ဂလန်နဲ့ အမေရိကနိုင်ငံတွေပဲဖြစ်ပါတယ်။ ဒါဟာ “ကပ်ရောဂါ” ဆိုတာဖြစ်တာပဲ။ဒီလိုမျိုး ဗီဇာမလို၊ ပတ်စ်ပို့မလိုတဲ့ဗိုင်းရပ်၊ X'ray စက်တွေနဲ့လည်းမပေါ်တဲ့ ဗိုင်းရပ်၊ အာဖရိကတောထဲမှာမနေဘဲ လေယာဉ်စီးပြီး ချမ်းသာတဲ့တိုင်းပြည်တွေ အလည်သွားပြီး ဒုက္ခတွေပေးနေတဲ့ ဒီ “မျောက်ကျောက်” ဗိုင်းရပ်ဟာ အာရှတိုက်ကိုရောက်ပြီလား၊ မရောက် သေးဘူးလား၊ ဒီနေ့မရောက်သေးဘူး ဆိုရင် မနက်ဖြန်ရောက်မှာလားဆိုတော့ ကျွန်မတို့ အမြဲသတိရှိနေရမှာပါ။ဒီရောဂါလက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်မလဲဆိုတာ သိထားဖို့လို့ ကာကွယ်မှုတွေကို အားလုံးဝိုင်းဝန်းလုပ်ကြရမှာပါ။

ရောဂါလက္ခဏာတွေကတော့ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ခါးကိုက်မယ်၊ ကိုယ်လက်တွေကိုက်ခဲမယ်၊ ပြီးတော့ အကျိတ်ထွက်မယ်၊ အရေပြားအကွက်ထွက်မယ်ပေါ့။ အရေပြားအကွက်ဟာ အနီကွက်လည်းဖြစ်နိုင်တယ် သို့မဟုတ် အရည်ကြည်ဖုလည်းဖြစ်နိုင် တယ်လေ။ အခုအတောအတွင်းမှာ ဖျားနာမယ်။ ကိုယ်လက်ကိုက်ခဲမယ်၊ အကျိတ်ထွက်မယ်၊ အရေပြားမှာ အကွက်ပေါ်မယ်၊ ရေနွေးပူလောင်သလို အရည်ကြည်ဖုထွက်မယ်ဆိုရင် “မျောက်ကျောက်” ပေါ့။ အရေပြားအကွက်တွေဟာ မျက်နှာမှာ အဖြစ် အများဆုံးလို့ ပြောပါတယ်။

အားလုံးစိတ်ပူနေတာကတော့ “မျောက်ကျောက်ရောဂါ” ဖြစ်ရင် အသက်အန္တရာယ်ဆုံးရှုံးနိုင်လားဆိုတဲ့အချက်ပဲဖြစ်မှာပါ။ အခုအထိ ထုတ်ပြန်ထားတဲ့မှတ်တမ်းတွေအရကတော့ လူ ၁၀၀ လောက် “မျောက်ကျောက်ရောဂါ” ဖြစ်ရင် အဖိတ်အစဉ်ဖြစ်နှုန်းဟာ ၁၀ ဦး ထက်နည်းတယ်လို့ဆိုပါတယ်။ ဒီအချက်ဟာလည်းကိုဗစ်-၁၉ ရောဂါဖြစ်တုန်းက အဖိတ်အစဉ်နှုန်းနဲ့အလားသဏ္ဌာန်တူပါတယ်။ ဒီလိုဆိုရင် ကတိမ်းကပါးဖြစ်နှုန်းကို အားလုံးချိန်ဆလို့ရပြီလို့ထင်ပါတယ်။

ဒါဆိုရင် ကျွန်မတို့ ဘယ်လိုကာကွယ်ကြမလဲ။ ကာကွယ်ဆေးရှိလား၊ ကြိုထိုးထားရင်ရမလားပေါ့။ ဒီ “မျောက်ကျောက်” ဗိုင်းရပ်ဟာ ရောဂါဖြစ်သူက ထွက်လာတဲ့ ခန္ဓာကိုယ်အရည်တွေမှာပါတယ်။ ဥပမာတံတွေး၊ သလိပ်၊ အရေပြားအနာမှထွက်သည့်အရည်နှင့် သွေး၊ သုက်ရည်၊ နို့၊ ဆီး၊ ဝမ်းတွေအားလုံးမှာ ပါတယ်။ ဒါကြောင့် ရောဂါဖြစ်တဲ့လူရဲ့အရေပြား အကွက်နဲ့ထိမိရင် ကူးမယ်။ ရောဂါဖြစ်တဲ့လူ ချောင်းဆိုးလို့ ထွက်လာတဲ့ သလိပ်က တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ကြမ်းပေါ်မှာသွားကပ်နေပြီးတော့ ဒီအမှုန်တွေက ခြောက်သွားတော့ လေတိုက်တဲ့အခါလေထဲမှာ  ပျံ့လွင့်နေတော့တာပေါ့။  ဒါကို  ရှူရင်ကူးတာပေါ့။

ဒီရောဂါပိုးပါတဲ့ အမှုန်လေးတွေက မျက်နှာပေါ်ကိုရောက်လာရင်၊ မျက်လုံးထဲဝင်သွားရင်၊ နှာခေါင်းထဲဝင်သွားရင်၊ ပါးစပ်ထဲဝင် သွားရင် ကူးပြီပေါ့။ ရောဂါဖြစ်ပြီပေါ့။ ဒါတွေကို ကာကွယ်တဲ့ နည်းလမ်းကမခက်ပါ။ ကျွန်မတို့အားလုံးမှာ ကိုဗစ်-၁၉ ကိုကာကွယ်တဲ့ အလေ့အကျင့် ကောင်းလေးတွေ သိပြီးသားပါ။ အားလုံးလည်းလုပ်ပြီးသား၊ လုပ်နေဆဲတွေပါ။ ဒီဗိုင်းရပ်ပိုးကိုမရှူမိအောင် နှာခေါင်း စည်းတပ်ရမှာပေါ့။ သူများဆီက ရောဂါပိုးပါတဲ့အမှုန်တွေ မျက်နှာပေါ်မကျအောင်မျက်လုံးထဲမဝင်အောင် မျက်နှာဖုံးတပ်ရမှာပေါ့။ တံခါး လက်ကိုင်၊ လှေကားလက်ကိုင်တွေမှာ ပိုးတွေကပ်နေတဲ့အတွက် လက်ကိုဆပ်ပြာနဲ့ သေသေချာချာဆေး ကြောရမှာပေါ့။ ဒါ့အပြင် ရောဂါပိုးတွေ အများကြီးရှိနိုင်တဲ့နေရာဟာ လူထူထပ်တဲ့နေရာလေ။ အဲဒီနေရာတွေ ရှောင်ရမှာပေါ့။ အားလုံးသိပြီးသား၊ အကျွမ်း တဝင်ဖြစ်ပြီးသားတွေပါ။ ဘာများခက်ခဲလို့လဲ၊ ဘယ်လောက်များ ငွေကုန်ကြေးကျများလို့လဲနော်။ လွယ်ပါတယ်။ အမြဲ လိုက်နာဖို့ အလေ့အကျင့်ရှိဖို့ပဲလိုတာပါ။

ကာကွယ်ဆေးဆိုလို့ “မျောက်ကျောက်ရောဂါ” အတွက် ကာကွယ်ဆေး ၂၀၁၉  ခုနှစ်မှာပေါ်ပါပြီ။ ဒီ “မျောက်ကျောက်ရောဂါ” ဟာ လွန်ခဲ့တဲ့အနှစ် ၁၀၀ လောက်က ကပ်ရောဂါဖြစ်တဲ့ “ကျောက်ရောဂါ” (SMALL POX)နဲ့ အမျိုးနီးစပ်တယ်လေ။  ဒီ SMALL POX ကာကွယ်ဆေးဟာ “မျောက်ကျောက်” ကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ SMALL POX ဟာ တစ်ကမ္ဘာလုံးမှာ ကျောက်ကင်းစင် တာဟာ “၁၉၈၀” ပြည့်နှစ်ကတည်းကလေ။ “မျောက်ကျောက်” ကာကွယ်ဆေး (MUA-BN) တစ်ကမ္ဘာလုံးမြန်မြန်ရပါစေလို့ ဆုတောင်းရမှာပေါ့။ အခုအချိန်အထိကတော့ “မျောက်ကျောက်ရောဂါ” ဟာ အဖြစ်နှုန်းမများသေးတော့ တစ်ကမ္ဘာလုံး ကာကွယ် ဆေးထိုးဖို့အတွက် ညွှန်ကြားချက်မရှိသေးပါ။

“မျောက်ကျောက်” ဗိုင်းရပ်ပိုးက ကျွန်မတို့ဆီကို ရေလမ်းကလာမှာလား၊ ကုန်းလမ်းကလာမှာလား၊ လေထဲကလာမှာလား ဒီပိုးဘယ်လမ်းကပဲလာလာ၊ ကျွန်မတို့အားလုံး အားလုံး တစ်ဦးချင်းစီ ကာကွယ်မှုတွေ လုပ်ကြမယ်ဆိုရင် “မျောက်ကျောက်” ဗိုင်းရပ် ကျွန်မတို့ ခန္ဓာကိုယ်ထဲမဝင်နိုင်ပါ။ ဒုက္ဓမပေးနိုင်ပါ။ သူအရှုံးပေးသွားရမှာပါ။ တစ်ဦးချင်းစီ ကာကွယ်ပြီးစုပေါင်းအားဖြင့် “မျောက် ကျောက်ရောဂါ” ကာကွယ်ကြပါစို့။   ။

 ပါမောက္ခ ဒေါက်တာခင်ဖြူပြာ