ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ပွဲကျင်းပ

မိတ္ထီလာ၊ အားကစား

မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို မေ ၂၄ ရက် ညနေ ၃ နာရီခွဲတွင် မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်ရှိ ခရိုင်အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ဝမ်းတွင်းမြို့နယ်အသင်းနှင့် သာစည်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဝမ်းတွင်းမြို့ နယ်အသင်းက သာစည် မြို့နယ်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုပေးအပ်ပွဲအခမ်းအနား ကိုကျင်းပရာ ပထမဆုရ ဝမ်းတွင်းမြို့နယ်အသင်းအား ငွေသားဆု၊ ဆုဖလားနှင့် တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ဒုတိယဆုရ သာစည်မြို့နယ်အသင်းအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားများအား ဆုတံဆိပ်များကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်တာဝန်ရှိသူများက ပေးအပ်သည်။

အဆိုပါ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၉ နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၁၈ ရက်မှ ၂၄ ရက် အထိကျင်းပပြီး မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်အသင်းတို့  ပါဝင်ယှဉ်ပြိုင်ကြောင်းသိရသည်။                        

(၆၀၂)