ကျောက်ဆည်မြို့နယ် သပြေသာကျေးရွာ၌ ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများ စီးပွားရေးအဆင်ပြေ

ကျောက်ဆည်၊ စိုက်ပျိုးစီးပွား

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သပြေသာကျေးရွာ၌ စိုက်ပျိုးသည့်ဂန္ဓမာပန်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုး သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာမှ ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူ ဦးတင်စိုး၏ ပြောပြချက်အရ သိရသည်။

ဂန္ဓမာပန်းများ စိုက်ပျိုးရာတွင် ပျိုးပင်များကို ပြင်ဦးလွင်မြို့နယ် အနီးစခန်းကျေးရွာမှ ဝယ်ယူရပြီး ပန်းပင်အမျိုးအစားအလိုက် ပျိုးပင် တစ်ပင်လျှင် ငွေကျပ် ခုနစ်ကျပ်မှ ၁၂ ကျပ်အထိရှိကာ စိုက်ပျိုးပြီး လေးလအကြာတွင် ပန်းများ စတင်ဖူးပွင့်ပြီး ရောင်းချရ ကြောင်း၊ ရောင်းချရာတွင် ပန်းခိုင် ၃၅ ခိုင်ပါ ပန်းစည်းတစ်စည်းလျှင် ငွေကျပ် ၃၅၀၀ မှ ၅၀၀၀ အထိရောင်းချရကြောင်းသိရသည်။

ဂန္ဓမာပန်းစိုက်ပျိုးရာတွင်   အပင်များသန်မာပြီး ကိုင်းဖြာမှုကောင်းစေရန် နွားချေးများကို မြေခံအဖြစ် အသုံးပြုကာ မြေအနေအထား ပေါ်မူတည်ပြီး ဘောင်များပြုလုပ်ရကြောင်း၊ ဂန္ဓမာပန်းတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ ခြောက်သောင်းခန့်စိုက်ပျိုးရပြီး  ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးပါက အပင်တစ်ပင်လုံး၏ အရွက်များ အမြဲစိမ်းလန်းနေသောကြောင့် ရောင်းချရာတွင် လူကြိုက်များကြောင်း   သိရသည်။       

 သက်မောင်(ကျောက်ဆည်)