၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံမှုများကို ဇွန် ၁ ရက်အထိ ဆက်လက်လက်ခံသွားမည်

ရန်ကုန်  မေ  ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းအခြေခံပညာဦးစီးဌာနအောက်ရှိ ထက်၊ လယ်၊ မူကျောင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ  ဇွန် ၁ ရက်အထိ သတ်မှတ်ထားပြီး  ကျောင်းသား၊  ကျောင်းသူများကို ကျောင်းဖွင့်ချိန်ကာလ ဇွန်လကုန်အထိဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့သည် ကျောင်းအပ်နှံရေးသီတင်းပတ်၏ အဖွင့်ရက်ဖြစ်သည့် အားလျော်စွာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  ထက်၊ လယ်၊ မူကျောင်းများတွင် အတန်းအလိုက် ကျောင်းလာရောက်အပ်နှံသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် စည်ကားလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်းက ရန်ကုန်တိုင်းဒေသကြီး အနေနဲ့ ကျောင်းတွေ မဖွင့်ခင်ကတည်းက ကျောင်းတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေ ရှိပါတယ်။  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ညွှန်ကြားမှုနဲ့ ဌာနဆိုင်ရာ အသီးသီးပါဝင်ပြီး ကျောင်းသန့်ရှင်းရေးနဲ့ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကို အထူးဆောင်ရွက်ထားရှိပါတယ်။ ကျောင်းတွေမှာလည်း   ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ  စာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါတယ်။   နိုင်ငံတော်က ကျောင်းသုံးဖတ်စာအုပ်၊  ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ မူလတန်းအဆင့်မှာ ကျောင်းဝတ်စုံတစ်စုံစီ   အခမဲ့ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။    ရန်ကုန်တိုင်းဒေသကြီးမှာ အခြေခံပညာကျောင်းပေါင်းအနေနဲ့ ၂၇၅၉ ကျောင်း ရာနှုန်းပြည့်ဖွင့်ပြီး ကျောင်းသားတွေကိုလက်ခံနေပါတယ်။   ကျောင်းသား လက်ခံတဲ့အခါ    ပုံမှန်နှစ်တွေထက်စာရင် ဖြေလျှော့ပြီး      လက်ခံပေးထားပါတယ်။ ကျောင်းထွက်လက်မှတ်ရရှိဖို့ အခက်အခဲ ရှိသူတွေကိုလည်း စိစစ်ပြီးဖြေလျှော့ လက်ခံပေးပါတယ်။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် ရရှိအောင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ အခြေခံပညာကျောင်းတွေ ရပ်ရွာ၊ ကျေးရွာအထိ ဖွင့်လှစ်ပေးထားပြီဖြစ်ပါတယ်။ ကျောင်းမနေသူ ကလေးများကိုလည်း ကျောင်းကို ရောက်ရှိအောင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်ဟု  ပြောသည်။

ယခုနှစ်ကျောင်းအပ်နှံရာတွင်လည်း   မည်သည့်အခကြေးငွေမှ   ကောက်ခံခြင်း မပြုရန်၊ ငွေကြေးလက်ဆောင် ပစ္စည်းများ လက်ခံခြင်းမပြုရန်နှင့်    အတန်းတံဆိပ်၊ ကျောင်းတံဆိပ် အစရှိသည်များ ရောင်းချခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း လသာမှ  Grade-4 ကျောင်းသူမိဘတစ်ဦးကလည်း  ကျွန်မသမီးက ဒီကျောင်းမှာ Grade-4 တက်မှာပါ။ ဓာတ်ပုံ သုံးပုံပဲပေးရတယ်။ ကျောင်းက ပြန်ပြီး ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံ၊ Mask ရယ်ပေးတယ်။ ကမ္ဘာနဲ့အဝှမ်းမှာ ကလေးတွေ ပညာရေးလုံးပန်းနေချိန် ဒီမှာလည်း ကလေးတွေကို ကျောင်းအပ်ခွင့်ရတာ ဝမ်းသာပါတယ်။ ပညာသင်ဖို့ အခွင့်အလမ်းတွေရတယ်။    ဒါမှလည်း သူတို့ရဲ့အနာဂတ်တွေပြောင်းလဲနိုင်မှာပါ။

မာလာလာပြောခဲ့တဲ့စကားလိုပဲ  ဘောပင်တစ်ချောင်း၊ စာအုပ်တစ်အုပ်၊ ကျောင်းသားတစ်ယောက်၊   ဆရာမ တစ်ယောက်ရှိရင် ကလေးတွေရဲ့အနာဂတ်၊ ကမ္ဘာကြီးကိုပါ ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ စကားကို ကျွန်မ တို့သတိရရမှာပါ။ ဒီလိုမျိုး ကျောင်းမတက်ဘဲနေရင်၊ ကလေးတွေရဲ့ အနာဂတ်မလှပရင် ကမ္ဘာကြီးကိုလှပအောင် ဘယ်လိုပြောင်းလဲလို့ရမလဲ။ အဲဒါကြောင့် အနာဂတ်မျိုးဆက်သစ်လေးတွေရဲ့ ပညာရေးတိုးတက် မြင့်မားဖို့အတွက် ကျောင်းနေရမယ့်အရွယ်၊ ကျောင်းတက်ရမယ့်အချိန်မှာ ကျောင်းသားတွေကို ကျောင်းအပ် ပေးကြပါလို့ မိဘတစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ်။    ဒီနှစ် ကျောင်းလာအပ်တဲ့ ကျောင်းသူတွေ ပိုများလာတာလည်းတွေ့ရတယ်ဟု ပြောသည်။ 

ကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအနေဖြင့် Mask၊ Face Shield ပေးဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ကျောင်းများတွင် သတိပေးစာ၊ ကြေညာချက်၊ ဗီနိုင်းများ ချိတ်ထားခြင်း၊ စာသင်ချိန်အတွင်း  လိုက်နာရမည့် အချက်များ ချိတ်ဆွဲထားခြင်း၊ လက်ဆေးဘေစင်များနှင့် အမှိုက်ပုံးများ  စနစ်တကျထား ရှိပေးထားသည်ကိုလည်း တွေ့ရသည်။

ယခု  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  Grade-5၊ Grade-8 နှင့်  Grade -11 သင်ရိုးသစ်တန်းများကို  ဖွင့်လှစ်သွားမည် ဖြစ်သဖြင့် လက်ရှိတွင် ဆရာ၊ ဆရာမများ အတွက် သင်ရိုးသစ် TOT သင်တန်းများကို ဧပြီလအတွင်း   ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်  ပညာရေးမှူး ဦးသိန်းထွန်းကလည်း ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလ မတိုင်မီကတည်းက ကျောင်းတွေရဲ့  ကျောင်းဝင်းသန့်ရှင်းရေးအတွက် ရေနဲ့မိလ္လာ၊ ကျောင်းသုံးစာအုပ်တွေ အချိန်မီ ဖြန့်ဝေနိုင်ဖို့ကအစ   သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်ခဲ့ကြတယ်။ ကိုဗစ်က ပေါ့သွားပေမယ့်  လုံးဝပျောက်သွားတာ မဟုတ်သေးဘူး။ ဒါကြောင့် ကျောင်းတွေမှာ  ခုံစီတာကအစ  ကိုဗစ်စည်းကမ်းနဲ့အညီ   ဆောင်ရွက်ထားတယ်။

ဒါ့အပြင် ကျောင်းမဖွင့်ခင် သင်ကြားရေး ဆရာ၊  ဆရာမတွေကိုလည်း  Grade -5၊ Grade -8 စတာတွေကို   ဗဟိုအဆင့်၊ တိုင်းအဆင့်၊  မြို့နယ်အဆင့်   သင်ရိုးသစ် သင်တန်းတွေပေးရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ   အခြေခံပညာအထက်တန်းကျောင်း ငါးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှစ်ကျောင်း၊  အခြေခံပညာ အလယ်တန်းကျောင်း  ငါးကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၃၅ ကျောင်း စုစုပေါင်း ၄၇ ကျောင်းရှိပါတယ်။ ကိုယ်ပိုင်ကျောင်း ၁၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ခြောက်ကျောင်းရှိပါတယ်။

ကျောင်းတက်ချင်တဲ့   ကလေးတွေကို ဇွန်လကုန်အထိ လက်ခံပေးပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးက အစ အစစအရာရာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆွေးနွေး စီမံဆောင်ရွက်ထားရှိပါတယ်။ ကလေးတွေကျောင်းတက်ကြပါ ဟု ပြောသည်။

လက်ရှိတွင်  အသက် ၁၂ နှစ်အထက်ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အမှတ်(၂)  အခြေခံပညာအထက်တန်းကျောင်း  စမ်းချောင်း ကျောင်းအုပ်ဆရာမကြီး   ဒေါက်တာစန္ဒာမြငြိမ်းက ကျောင်းအပ်နှံရေး သီတင်းပတ်ကို ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ကျောင်းတိုင်း လက်ခံကြပါတယ်။   ဒီနှစ်ကျောင်းအပ်နှံရေး   ဆောင်ပုဒ်ကတော့ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဖြစ်ပါတယ်။ နှစ်တိုင်းကျောင်းသားဟောင်းရော၊ ကျောင်းသားသစ်ရော လက်ခံပါတယ်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ ရောက်ရှိရေးအတွက် ဆိုတဲ့အတိုင်း ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းအားလုံးကျောင်းသားများအားလုံးကို လက်ခံပါတယ်။ ဒီနှစ်ဆို ၂၀၁၉-၂၀၂၀ ပြည့်နှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ဖြစ်တဲ့ ကျောင်းသား အားလုံး လက်ခံပါတယ်။ ကျောင်းသားအသစ်တွေကိုလည်း လက်ခံပါတယ်။ ကျွန်မတို့ ကျောင်းက   မိန်းကလေးကျောင်းဖြစ်တဲ့အတွက် ပဉ္စမတန်းအထိကို ယောကျ်ားလေး လက်ခံပြီး Grade-6 မှ Grade-12 အထိ မိန်းကလေးပဲလက်ခံပါတယ်။    ကျောင်းမဖွင့်ခင်ကတည်းက ပညာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြပါတယ်။ အခမဲ့ပညာရေးလည်းဖြစ်တဲ့အတွက် အခမဲ့ကျောင်းသုံးဖတ်စာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask၊ Faceshield တွေကိုလည်း ကလေးတိုင်းသတ်မှတ် အရေအတွက်အတိုင်း အခမဲ့ပေးပါတယ်။ ကျောင်းမဖွင့်ခင် လုပ်စရာကတော့   ဆရာမတွေကိုလည်း အတန်းပိုင်ဆရာမ၊   အတန်းမှူးခွဲဝေပြီး အချိန်ဇယား သင်ရိုးသစ်ဆိုရင် မူလတန်းအောက်ဆိုရင် KG ကနေ Grade-3 အထိ စာသင်ချိန်ခုနစ်ချိန်နဲ့ တစ်ချိန်ကို ၃၅ မိနစ် အချိန်ဇယားဆွဲထားပါတယ်။  မူလတန်းအထက်ဆိုရင်   စာသင်ချိန် ခုနစ်ချိန်နဲ့ တစ်ချိန်ကို   မိနစ် ၄၀ ဆွဲထားပါတယ်။ အလယ်တန်းကနေအထက်တန်းကို တစ်ချိန်ကို ၄၅ မိနစ်နဲ့ တစ်နေ့ရှစ်ချိန်သင်ကြား ပေးမှာဖြစ်ပါတယ်။ လက်ခံထားတာကတော့ အသက်ငါးနှစ်ပြည့်သူတိုင်း   KG  ဆိုတဲ့သူငယ်တန်းကို   တက်ရောက်ခွင့်ရှိတယ်။

အသက်ခြောက်နှစ်ပြည့်သူတိုင်း Grade-1 ကို တက်ခွင့်ရှိတယ်။  မနှစ်ကအကြောင်းအမျိုးမျိုးကြောင့်    မတက်ဖြစ်တဲ့သူတွေ အခုနှစ်မှာ     လာရောက်တက်နိုင်ပါတယ်။ တက်ရောက်ပြီး ၂၀၁၉-၂၀၂၀ မှာ Grade-3 အောင်မြင်ထားရင် ဒီနှစ် ပညာသင်နှစ်မှာ Grade-4 ကို တက်ရောက်နိုင်ပါတယ်။ ကျောင်းအပ်နှံရေး သီတင်းပတ်မှာ မိဘတွေရော၊ ကျောင်းသား၊  ကျောင်းသူတွေရော ကျောင်းအပ်နှံကြပါလို့ ပြောချင်ပါတယ် ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း လေးကျောင်းအပါအဝင်   အခြေခံပညာ ကျောင်း ၂၇၅၈ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း    ၂၃၀၊ ကိုယ်ပိုင်ကျောင်း ၂၇၃ ကျောင်းရှိခဲ့ကြောင်း သိရသည်။                  

သတင်းအဖွဲ့