သတိပြုစရာ မျောက်ကျောက်ရောဂါ

သတိပြုစရာ မျောက်ကျောက်ရောဂါ

မျောက်ကျောက်ရောဂါ (Monkeypox)သည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်တတ်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်ပြီး  ကျောက်ကြီးရောဂါနှင့် ရောဂါလက္ခဏာများ ဆင်တူသည်။ မျောက်ကျောက်ရောဂါကို ၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံရှိ ဓာတ်ခွဲခန်း တစ်ခုရှိ မျောက်များ၌ စတင်တွေ့ရှိခဲ့သည်။ လူတွင် ပထမဦးဆုံးကူးစက်မှုကို ၁၉၇၀ ပြည့်နှစ်တွင် ကွန်ဂိုသမ္မတ နိုင်ငံ၌ ကိုးနှစ်အရွယ် ယောကျ်ားကလေးတစ်ဦးတွင် စတင်တွေ့ရှိခဲ့သည်။ ၎င်းမှတစ်ဆင့် အာဖရိကတိုက်အလယ်ပိုင်းနှင့် အနောက်ပိုင်းများသို့ ကူးစက် ပျံ့နှံခဲ့ပြီး အာဖရိကတိုက်ရှိ နိုင်ငံ ၁၁ နိုင်ငံအထိ ကူးစက်ပျံ့နှံ့ခဲ့သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၊ အစ္စရေး နိုင်ငံ၊ ယူကေနိုင်ငံ၊ စင်ကာပူနိုင်ငံ တို့တွင် ကူးစက်မှုများတွေ့ရှိခဲ့ရသည်။

၂၀၂၂ ခုနှစ် မေ ၇ ရက်မှစတင်၍ ဗြိတိန်နိုင်ငံတွင် မျောက်ကျောက်ရောဂါဝေဒနာခံစားနေရသူ ကိုးဦးကို စတင်တွေ့ရှိခဲ့ရပြီး အများစုမှာ ရောဂါဖြစ်ပွားရာ နေရာများသို့ ခရီးသွားလာခဲ့သော ရာဇဝင်မရှိကြောင်း တွေ့ရှိရသည်။  ထို့ပြင်  ဘယ်လ်ဂျီယံ၊  ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ကနေဒါ၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံများတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားသူများကို စတင်တွေ့ရှိလာရပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၁၉၇၀ ပြည့်နှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မျောက်ကျောက်ရောဂါဖြစ်ပွားသူများမှာ အသက် ၁၀ နှစ်အောက် ကလေးငယ်များတွင်   ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားခဲ့သူများမှာ အသက် ၂၀ ဝန်းကျင် လူငယ်များတွင် အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။

ယခုဖြစ်ပွားလျက်ရှိသော မျောက်ကျောက်ရောဂါ ဖြစ်ပွားသူအများစုမှာ ငယ်ရွယ်သည့်အမျိုးသားများဖြစ်ကြပြီး လိင်တူဆက်ဆံ သူများတွင် ဖြစ်ပွားမှု ပိုမိုများပြားကြောင်းတွေ့ရှိရသည်။ အမျိုးသားများသည် အမျိုးသမီးများထက် ရောဂါပိုမိုဖြစ်ပွားနိုင်ခြေ ရှိကြောင်း တွေ့ရှိရသည်။ ထို့ပြင် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ခံအားကျဆင်းသူများ သို့မဟုတ် ကိုယ်ခံအား နှိမ့်ချဆေး သောက်သုံးနေသူများတွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။

ရောဂါကူးစက်ပုံမှာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းနှင့် တိရစ္ဆာန်မှလူသို့ ကူးစက်ခြင်းဟူ၍ နည်းလမ်းနှစ်မျိုးရှိသည်။ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ရာတွင် ရောဂါရှိသူ၏ ခန္ဓာကိုယ်အနာမှ ထွက်သော အရည်၊ ချွေး၊ အကျိအချွဲများနှင့် တိုက်ရိုက် ထိတွေ့ခြင်းမှ လည်းကောင်း၊ ရောဂါပိုးပါသော မသန့်ရှင်းသည့်ပစ္စည်းများအား ထိတွေ့ခြင်းဖြင့် လူ့ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိနေပါက အရေပြားမှတစ်ဆင့်လည်းကောင်း၊ ရောဂါပိုးရှိသူ၏ နှာချေချောင်းဆိုးရာမှတစ်ဆင့် ထွက်ပေါ်လာသော တံတွေး၊ သလိပ်၊ နှာရည် စသည်တို့မှ အခြားသူများ၏ အသက်ရှူလမ်းကြောင်းထဲသို့ ဝင်ရောက်သွားခြင်းဖြင့် လည်းကောင်း ရောဂါကူးစက်စေသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များတွင် မိခင်မှသန္ဓေသားသို့ ကူးစက်နိုင်သည်။

တိရစ္ဆာန်မှ လူသို့ကူးစက်ရာတွင် ရောဂါပိုးပါသော တိရစ္ဆာန်အကိုက်ခံရခြင်းနှင့် အကုတ်ခံရခြင်းကြောင့်လည်းကောင်း၊ ရောဂါပိုးပါရှိ သော တိရစ္ဆာန်၏ ခန္ဓာကိုယ်မှထွက်သော သွေး၊ သလိပ်၊ အကျိအချွဲများ စသည်တို့နှင့် တိုက်ရိုက်ထိတွေ့ခြင်းကြောင့် လည်းကောင်း၊ ကျက်အောင်မချက်ထားသော အစားအစာများ၊ မသန့်ရှင်းသော အသားများနှင့် ကလီစာများ စားသုံးခြင်းတို့မှလည်းကောင်း ကူးစက်နိုင်သည်။ အာဖရိကနိုင်ငံများ၌ ကြွက်များမှတစ်ဆင့် ကူးစက်မှုမှာ အများဆုံးတွေ့ရှိရပြီး ရှဉ့်၊ မျောက်နှင့် အခြားမျောက် မျိုးနွယ်ဝင် တိရစ္ဆာန်များမှလည်း ကူးစက်ကြောင်း တွေ့ရှိရသည်။

ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နောက်ကျောနာခြင်း၊ ပြန်ရည်ကျိတ်(Lymph Nodes)များ ရောင်ခြင်း၊ ချမ်းခြင်း၊ အားအင်ကုန်ခန်းခြင်း စသည်တို့ ခံစားကြရသည်။ အများစုမှာ ဖျားပြီး တစ်ရက်မှသုံးရက်အတွင်း မျက်နှာတွင် အနီစက်များစတင်ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်  အနီစက်များ ပျံ့နှံ့သွားတတ်သည်။ အဆိုပါ အနီစက်များ သည် တစ်ရက်မှ နှစ်ရက်အတွင်း အနီဖုလေးများအဖြစ် ပြောင်းလဲလာပြီး လေးရက်မှ ငါးရက်အတွင်း အရည်ကြည် အဖုလေးများ အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတတ်သည်။ ထို့နောက် ငါးရက်မှခုနစ်ရက်အတွင်း ပြည်တည်အနာအဖြစ် တဖြည်းဖြည်း ပြောင်းလဲ သွားပြီး ခုနစ်ရက်မှ ၁၄ ရက်အတွင်း နီညိုရောင် သို့မဟုတ် အညိုရောင်အဖြစ်သို့ ပြောင်းလဲသွားကာ အနားဖေးတက်၍ ပြန်လည် အရောင်ကျသွားသည်။ ရောဂါစတင်ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ချိန်ထိ ကြာချိန်သည် ခုနစ်ရက်မှ ၁၄ ရက်အတွင်း ကြာမြင့်နိုင်ပြီး ရောဂါလက္ခဏာများသည် ရက်သတ္တနှစ်ပတ်မှ လေးပတ်အထိ ခံစားရနိုင်သည်။

မျောက်ကျောက်ရောဂါသည် ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားသော Smallpox ဟုခေါ်သော ကျောက်ကြီးရောဂါနှင့် ရောဂါ လက္ခဏာများ အလားသဏ္ဌာန်တူသော်လည်း ကျောက်ကြီးရောဂါကဲ့သို့ ပြင်းထန်မှုမရှိကြောင်း  တွေ့ရှိရသည်။  အဓိက ခြားနားချက် မှာ မျောက်ကျောက်ရောဂါ ဝေဒနာရှင်များတွင် လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့တွင် ပြန်ရည် ကျိတ်များရောင်ရမ်းပြီး ကျောက်ကြီး ရောဂါဝေဒနာရှင်များတွင် ပြန်ရည်ကျိတ်များ ရောင်ရမ်းမှုမရှိကြောင်း တွေ့ရှိရသည်။

မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ခြင်းကြောင့် ရောဂါလက္ခဏာများဖြစ်ပေါ်ပြီး ရက်သတ္တနှစ်ပတ်မှ လေးပတ် အကြာတွင် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကြောင့် အလိုအလျောက်ပြန်လည် ကောင်းမွန်သွားနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုသည် လူတစ်ဦးချင်းစီ၏ ကိုယ်ခံစွမ်းအား၊  ရောဂါပိုးဝင်ရောက်မှုပမာဏနှင့် ရောဂါပိုး အမျိုးအစားပေါ် မူတည်၍ ကွဲပြားခြားနားမှုရှိသည်။ အထူးသဖြင့် အာဖရိကအလယ်ပိုင်း ဗီဇမျိုးသည် အာဖရိကအနောက်ပိုင်းဗီဇမျိုးထက် ပိုမိုပြင်း ထန်ပြီး သေဆုံးမှု ပိုမိုမြင့်မားကြောင်းနှင့် လူအချင်းချင်းသို့ ကူးစက်မှုသည်လည်း  ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။ သေဆုံးမှု အနေဖြင့် သာမန်ပြည်သူများတွင် သုည မှ ၁၁ ရာခိုင်နှုန်းအထိရှိပြီး ကလေးငယ်များတွင် သေဆုံးမှုနှုန်း ပိုမိုမြင့်မားနိုင်သည်။ အာဖရိကအနောက်ပိုင်း  ဗီဇမျိုးကြောင့် သေဆုံးမှုမှာ ၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အာဖရိကအလယ်ပိုင်းဗီဇမျိုးကြောင့် သေဆုံးမှုမှာ ၁၀ ဒသမ ၆ ရာခိုင်နှုန်း အထိရှိသည်။

မျောက်ကျောက်ရောဂါသည် ရေကျောက်ရောဂါ၊ ဝက်သက်ရောဂါနှင့် အခြား အရေပြားရောဂါတို့နှင့် ဆင်တူသောကြောင့်  ရှေးဦးစွာ  လူနာ၏ ရောဂါလက္ခဏာများအပေါ်မူတည်၍ ရောဂါစစ်ဆေး အတည်ပြုခြင်းကို ပြုလုပ်သင့်သည်။ သံသယလူနာနှင့် ဖြစ်နိုင်ခြေ ရှိသော လူနာများကို ဓာတ်ခွဲစစ်ဆေးအတည်ပြုချက် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်သည်။  ဓာတ်ခွဲစစ်ဆေး အတည်ပြုရန် အတွက် အရေပြားအနာများမှ အမြှေးပါးများနှင့် အရည်ကြည်ဖုများမှ အရည်များကို နမူနာယူ၍ မော်လီကျူးနည်းပညာ (Polymerase Chain Reaction- PCR)အသုံးပြု၍ စစ်ဆေးအတည်ပြုနိုင်သည်။

ရောဂါကုသရာ၌ လူနာ၏ အခြေအနေအပေါ်မူတည်၍ ရောဂါလက္ခဏာများ သက်သာစေရန်ကုသခြင်း(ဥပမာ - အဖျားကျဆေးများ ပေးခြင်း၊ အကိုက်အခဲ ပျောက်ဆေးများပေးခြင်း)၊ နောက်ဆက်တွဲဆိုးကျိုးများ မခံစားရစေရန် ကုသခြင်းနှင့် အခြားဗက်တီးရီးယား ရောဂါပိုးများမဝင်စေရန် ကုသခြင်းစသည့် နည်းလမ်းများအသုံးပြု၍ကုသနိုင်သည်။ ထို့ပြင် လူနာအား အာဟာရပြည့်ဝသော အစား အစာများ ကျွေးခြင်း၊ ကောင်းစွာအနားယူစေခြင်း၊ ရေဓာတ်ဆုံးရှုံးမှုမရှိစေရန် ရေဓာတ်ဖြည့်တင်းပေးခြင်း စသည့် နည်းလမ်းများဖြင့် လည်း ကုသနိုင်သည်။ ဆေးဝါးကုသမှုအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)မှ Tecovirimat ဆေးအား မျောက် ကျောက် ရောဂါ ကုသဆေးအဖြစ် အသုံးပြုရန် ၂၀၂၂ ခုနှစ်တွင် ခွင့်ပြုထားပြီးဖြစ်သည်။ သို့ရာတွင် ကျယ်ကျယ် ပြန့်ပြန့် ရောင်းချနိုင်ခြင်း မရှိသေးပါ။

ကာကွယ်ဆေးအနေဖြင့် ကျောက်ကြီးရောဂါကာကွယ်ဆေး Smallpox Vaccine ထိုးထားပြီးသူများတွင် မျောက်ကျောက် ရောဂါကို ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်။ အဆိုပါကာကွယ်ဆေး ထိုးထားခြင်း ရှိ၊ မရှိအား မိမိတို့၏ လက်မောင်းအပေါ်ဘက်တွင် ကာကွယ်ဆေးထိုးထားသော အမာရွတ်ရှိလျှင် ထိုးပြီးကြောင်း သိရှိနိုင်သည်။ အထူးသဖြင့်  မြန်မာနိုင်ငံ တွင် အသက် ၄၀ ဝန်းကျင်နှင့်အထက်  အမျိုးသား၊ အမျိုးသမီးများတွင် ကျောက်ရောဂါ ကာကွယ်ဆေးထိုးထားကြောင်းတွေ့ရှိရပြီး နောက်ပိုင်း လူငယ်လူရွယ်များတွင် ကျောက်ရောဂါကာကွယ်ဆေးအား ထိုးနှံခြင်းမရှိတော့ပါ။ ထို့ပြင် လက်ရှိအချိန်တွင် မူလထုတ် လုပ်ခဲ့သော ကျောက်ကြီးရောဂါ ကာကွယ်ဆေးများမှာ မရရှိနိုင်တော့သဖြင့် ကာကွယ်ဆေးအသစ် (MVA-BN)ကို ထပ်မံထုတ်လုပ် ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများအား ထိုးနှံပေးရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့သည်။ သို့ရာတွင် မျောက်ကျောက် ကာကွယ်ဆေးအား လူတိုင်းထိုးရန် လိုအပ်သောကာကွယ်ဆေး (Universal Vaccination) အဖြစ် ထိုးနှံရန် ခွင့်ပြုထားခြင်း မရှိသေးပါ။

မျောက်ကျောက်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် အသားများအား သေချာသန့်ရှင်းစွာနှင့် ကျက်အောင်ချက်ပြုတ်ခြင်း၊ တောရိုင်း တိရစ္ဆာန်များအား အကာအကွယ်မဲ့ ထိတွေ့ခြင်းမှရှောင်ကြဉ်ခြင်း၊ သံသယဖြစ်ဖွယ်လက္ခဏာရှိသော တိရစ္ဆာန်များနှင့် ရောဂါကြောင့် သေဆုံးခဲ့သော တိရစ္ဆာန်များအား ထိတွေ့မှုမှရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာသင့်သည်။ ထို့ပြင် မျောက်ကျောက်ရောဂါ သံသယ လက္ခဏာရှိသူများ တွေ့ရှိရပါက နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်၍ သတင်းပို့ ရန် လိုအပ်သည်။ သို့မှသာ  မျောက်ကျောက်ရောဂါဖြစ်ပွားခြင်း  ရှိ၊ မရှိကို ဆက်လက်အတည်ပြုနိုင်မည်ဖြစ်ပြီး လိုအပ် သောကုသမှု များ ဆောင်ရွက်သွားရမည်ဖြစ်သည်။

ထို့ပြင် ရောဂါဖြစ်ပွားသူ၊ သံသယဖြစ်ဖွယ်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ တိရစ္ဆာန်များနှင့် ထိတွေ့ခဲ့သူများအနေဖြင့် လက်ကို ဆပ်ပြာ သို့မဟုတ် Alcohol ၇၅ ရာခိုင်နှုန်းပါဝင်သော လက်သန့်ဆေးရည်ဖြင့် စနစ်တကျဆေးကြောရန် လိုအပ်သည်။ လူတစ်ဦးနှင့် တစ်ဦး ထိတွေ့မှုဖြင့် ကူးစက်နိုင်သောကြောင့် ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချသင့်သည်။ လူနာပြုစုရာတွင်လည်း  လုံလောက် သော အကာအကွယ်ဝတ်စုံ (PPE) များဝတ်ဆင်၍ ပြုစုသင့်သည်။   ရောဂါကူးစက်ခံထားရသူများအား သီးခြားခွဲထားခြင်း၊ ရောဂါ ထောက်လှမ်းရှာဖွေခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား ဆက်လက်ရှာဖွေဖော် ထုတ်ခြင်း စသည်တို့ကို ပြုလုပ်ရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် မျောက်ကျောက်ရောဂါသည် ကျောက်ကြီးရောဂါနှင့်နှိုင်းယှဉ်လျှင် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုလျော့နည်း ကြောင်း တွေ့ရှိရသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအချို့တွင် ရောဂါလက္ခဏာမပြခြင်းများရှိသော်လည်း မျောက်ကျောက်ရောဂါ ဖြစ်ပွားသူအားလုံးတွင်မူ  ရောဂါလက္ခဏာများမှာ  သိသာစွာဖြစ်ပေါ်လျက်ရှိသော  ရောဂါတစ်ခုဖြစ်သည်။ ထို့ပြင် မျောက်ကျောက် ရောဂါသည်   လူမှုကွန်ရက်များနှင့် အချို့သော အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသော သတင်းအမှားများကို  သတိပြုသင့် သည်။  မျောက်ကျောက်ရောဂါသည် ကာကွယ်နိုင်သောရောဂါဖြစ်သောကြောင့်  အသိ သတိဖြင့်  နေထိုင်သွားလျှင် ရောဂါဖြစ်ပွားမှု အား လျှော့ချနိုင်ပြီး ကူးစက်မှုကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။    ။

 

ဒေါက်တာကျော်ခန့် (ကျန်းမာ)