ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်လေးဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၀၆ ရာခိုင်နှုန်းရှိ

နေပြည်တော်  မေ  ၂၆

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၂၅-၅-၂၀၂၂ ရက် ည ၈ နာရီမှ ၂၆-၅-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၆၆၂၄ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် လေးဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၀၆ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၁၆၈၀၄၀ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၁၃၂၆၀ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက် ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၅  ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၂၄၄ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူမရှိသဖြင့်  ယနေ့ အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိသည်။  

ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးရမှုကို ခုနစ်ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရသည်။ လူတိုင်းစေ့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။                          

  (၅၀၀)