လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ (၁၆၃)

မေး။ ။မင်္ဂလာပါဆရာရှင့်။ကျွန်မအသက်၃၆ နှစ်ပါ။ချောင်းဆိုးနေတာ တစ်ပတ်လောက်ရှိပါပြီ။ အခုညာဘက်ရင်ဘတ်နာ ပြီးအောင့်နေပါတယ်ဆရာ။ အဲ့ဒါဘာဖြစ်တာလဲသိချင်လို့ပါ။ ဆေးနည်းလေး ညွှန်ပြပေးပါဆရာ။

ဖြေ။ ။ချောင်းဆိုးများလို့  ရင်ဘတ်အောင့်တာပါ။  ပြည်ပန်းညိုရွက် ဟင်းချိုချက်သောက်ပါ။ပြည်ပန်းညိုရွက်က အဆုတ်က အပူကိုငြိမ်းစေပါတယ်။  အသံဝင်တာ၊ ချောင်းဆိုးတာကိုသက်သာစေပါတယ်။လေပူကိုနိုင်ပါတယ်။  လျက်ဆေး အနေနဲ့ကတော့ တိုင်းရင်းဆေးခန်းများမှာ တိုင်းရင်းဆေးအမှတ်(၁)မက်လင်ချဉ်လျက်ဆား လျက်ပေးပါ။ချင်းသုပ်ကို ဆီမထည့်ဘဲ ရှောက်ရည်ညှစ်သုပ်စားပေးရင်လည်း  ရင်ဘတ်အောင့်သက်သာပါတယ်။

မေး။ ။ သမီးအဖေ ဘယ်ဘက်ခြေထောက် ခြေဖဝါးထဲကနေ ဒူးထိမီးစနဲ့ ထိုးသလိုပူလို့  ဘယ်လိုလုပ်ရမလဲရှင့်။ ညအိပ်ရင်ပိုဖြစ်ပါတယ်ရှင့်။ ဘာဖြစ်တာလဲရှင့်။

ဖြေ။ ။ခြေဖဝါးဆားပွတ်  ဒူးအထက်မှ အောက်ရေလောင်းခြေဆေး။ အိပ်ရာမဝင်မီပြုလုပ်ပါ။ ဆားနင်းရင်လည်း ရပါတယ်။ပေါင်ထိပ်နဲ့ ခါးမှာအပူငုပ်လို့ဖြစ်တာပါ။ လမ်းလျှောက်ပေးပါ။အထိုင်မများပါစေနဲ့။

မေး။ ။မင်္ဂလာပါဆရာကြီးရှင့်။ ကြာဆူးရောဂါပျောက်အောင် ဘယ်လိုကုရမလဲ ဆရာကြီးရှင့်။အရင်မရှိပါဘူး။ ခုမှအအေးပိုင်းဒေသကိုရောက်လာပြီး   ရေပူနဲ့ချိုးတာများမှထွက်လာတာပါ။ ပေါင်ကနေစထွက်ပါတယ်။ ခြေထောက်နှစ်ဖက်လုံးပါ။ လက်ပြင်မှာနဲနဲ ထွက်လာပါပြီ။ တစ်ကိုယ်လုံးထွက်လာမှာကြောက်လို့ပါ။ ဘယ်လိုဆေးနည်းနဲ့ ကုရမလဲ ဆရာကြီးရှင့်။

ဖြေ။ ။ကြက်ဆူးထွက်တာ (အချို့ကလည်း ကြာဆူးလို့ခေါ်ပါတယ်) အေးတဲ့ရာသီမှာပိုဖြစ်ပါတယ်။  နေရောင်မထိတဲ့ ပေါင်၊ခြေသလုံး၊ကျောကုန်းတွေမှာပိုဖြစ်ပါတယ်။ နေရောင်ခြည်ပြပေးရင်သက်သာပါတယ်။ နေရောင်မရတဲ့ဒေသဆိုတော့ ကုသရခက်ပါတယ်။  အနောက်တိုင်းကတော့ ဗီတာမင်(စီ) ဓာတ်ချို့တဲ့လို့ ဖြစ်တာဆိုပြီး စီဗစ်လိုဆေးမျိုးတွေပေးလေ့ရှိပါတယ်။ အချဉ်များများစားပေးပေါ့။   မြန်မာပြည်မှာဆိုရင်တော့ တမာရွက်ပြုတ်ရည်နဲ့ ရေချိုးခိုင်းပါတယ်။ ဆားခါးနဲ့ရေချိုးပေးပါ။ ရေနွေးငါးလီတာတစ်ပုံးမှာ ဆားခါးသုံးဇွန်းထည့်ဖျော် ရေအေးနဲ့စပ်ချိုးပါ။ တောနယ်တွေမှာတော့ ကြာဆူးပေါက်ရင် ကြာပင်ကကြာရိုးကို ဆားနဲ့ရောသွေးလိမ်းကြပါတယ်။

သနပ်ခါးကျောက်ပျဉ်ရှိရင် သနပ်ခါးကို သံပရာရည်နဲ့  ဆားအနည်းငယ်ထည့်  သွေးလိမ်းပါ။ ကြာဆူးကို သံပရိုသီးခြမ်းနဲ့ပွတ်ပြီးမှ သနပ်ခါးလိမ်းရင်လည်းရပါတယ်။ ပရဆေးဆိုင်မှာ စန္ဒကူးနီအခေါက်ဝယ်ပြီး သွေးလိမ်းရင် ကြာဆူးအမာရွတ်ပျောက်ပါတယ်။

မေး။ ။ဆရာခင်ဗျ။ ကြွက်နို့ပေါက်နေလို့ဘယ်လိုနည်းနဲ့  ဖယ်ရှားရပါမလဲခင်ဗျာ။ ပွားလာမှာစိုးလို့ပါ။

ဖြေ။ ။ကြွက်နို့ပျောက်ဆေးနည်းကတော့ ကြက်သွန်ဖြူကိုလှီး ထွက်လာတဲ့အစေးနဲ့ ကြွက်နို့ကို နာနာပွတ်ပြီး ပလာစတာကပ်ထား။တစ်နေ့လေးကြိမ်ပြုလုပ်ပါ။ (တစ်နည်း)မုန်တိုင်ပင်မှထွက်သော သားတက်ကို ဖဲ့သွေးပြီး ကြွက်နို့ကိုလိမ်းပါ။

မေး။ ။ သမီးတစ်ခုလောက်မေးချင်လို့ပါ ဆရာရှင့်။ ညအိပ်ခါနီးဇလုံနဲ့ ခြေဖဝါးဆားပွတ်ပြီးပေါင်ရင်းက ရေပြန်ဆေးချပါတယ်ရှင်။ ပြန်မဆေးရင်မနေတတ်လို့ပါ။ အိမ်ကလူကြီးတွေကပြန်ဆေးရင်   အပူအပေါ် ပြန်တတ်ပြီး မျက်စိမှုန်မယ်လို့ပြောလို့ ဘာလုပ်ရမယ်မှန်းမသိတော့ပါ။ ရေပြန်ဆေးရင် အဲ့လို တကယ်မှုန် သွားမှာလားလို့ သိပါရစေဆရာရှင်။

ဖြေ။ ။ရေဆေးတာမှန်ပါတယ်။ ဆားပွတ်ပြီး ရေမဆေးရင် ဆားငွေ့ကြောင့်အပူမထွက်ဘဲ အပူကန်တတ်ပါတယ်။  ပေါင်ရင်းဒူးအထက်ကအောက်  လောင်းတာလည်း မှန်ပါတယ်။ ဆားပွတ်ပွတ် ဆားနင်းနင်း ပြီးရင် ခြေထောက်ကို ရေအေးလောင်းပေးရပါမယ်။ မျက်စိကြည်ပြီး  မျက်မှန်ဒီဂရီတောင်ကျစေတာလက်တွေ့ပါ။  ကျောက်ကပ်မကောင်းသူတွေအတွက်လည်း ခါးမှအပူတွေအောက်ကိုသက်စေပါတယ်။ခါးပူ ခါးကိုက် သက်သာစေပါတယ်။ ရုံးအထိုင်များသူတွေလည်းလုပ်သင့်ပါတယ်။

မေး။ ။ဆရာကြီးခင်ဗျ။ကျွန်တော့်အသက်က ၃၇ နှစ်ပါ။ အိမ်ထောင်နဲ့သားတစ်ယောက် ရှိပါတယ်ဗျ။ အိမ်ထောင်သက်က ၁၂ နှစ်ရှိပါပြီဗျ။  ကိုယ်အလေးချိန်ပေါင် ၁၆၀လောက်ရှိပါတယ်ဗျ။ (နားနဲ့မနာဖဝါးနဲ့ နာပါဆရာ)ကျွန်တော့်မှာ  ပန်းသေပန်းညှိုးရောဂါ ဖြစ်နေတယ်လို့  သံသယဖြစ်မိလို့ ဆရာ့ဆီကို စာရေးအကူအညီတောင်း ရတာပါခင်ဗျ။  အဲဒါကြောင့် ဘယ်လိုနေထိုင်စားသောက်ပြီး  ဘယ်လိုဆေးဝါး အစားအစာ   စားသောက်ရမယ်ဆိုတာ ကျေးဇူးပြု၍  လမ်းညွှန်ပြသပေးပါဦးခင်ဗျ။

ဖြေ။ ။ ပန်းသေပန်းညှိုးရောဂါဖြစ်တာရှက်စရာမဟုတ်ပါ။ ကုသရင်ပျောက်ကင်းနိုင်တဲ့ ရောဂါပါ။    ရုံးဝန်ထမ်းတွေမှာလည်း အညောင်းထိုင်တာများရာက ဖြစ်လာတတ်ပါတယ်။ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အကြောလေ့ကျင့်ခန်းများလုပ်ပါ။အားဆေးအနေနဲ့ ရှဉ့်မတက်ဥ အချောက်လှန်း ပျားရည်နဲ့တေစားပါ။ ပရဆေးဆိုင်မေးဝယ်ပါ။ဟင်းစားဇွန်းတစ်ဇွန်း မနက်ညစားပါ။   ဖီးကြမ်းငှက်ပျောသီးမီးဖုတ်  နေ့စဉ်နှစ်လုံးစားပါ။ကြက်ဥနဲ့ပျားရည်ရောစပ်သောက်ပါ။ဆီးဝမ်းမှန်အောင် ဂရုစိုက်ပါ။  စိတ်ဓာတ်မကျအောင်ဂရုစိုက်ပေးပါ။ ပျောက်နိုင်တဲ့ရောဂါပါ။

မေး။ ။ အမျိုးသမီး အဖြူဆင်းရောဂါအတွက် ဆေးနည်းသိလိုပါတယ်ရှင့်။

ဖြေ။ ။အဖြူဆင်းမီးကွင်းဂမုန်းရွက်သုပ်စားပါ။ ဆန်ဆေးရည်အကြည်မှာသကြားခတ်သောက်ပါ။ အပူအစပ်ရှောင်ပါ။ အုန်းစိမ်းရည်သောက်ပါ။ တိုင်းရင်းဆေးအမှတ် (၂၁) ဆီးဆေးဖြူဆေးဝယ် သကြားနဲ့ရောစပ်သောက်ရင်လည်း မီးယပ်ဖြူဆင်းရောဂါသက်သာပါတယ်။

မေး။ ။ ဆရာကြီးရှင့်။ ကျွန်မအသက် ၂၅နှစ်ပါ။ အခုလက်ရှိတော့ စင်ကာပူမှာပါဆရာ အလေးချိန် ၆၀ Kg ရှိပါတယ်။ ဆီးဝမ်းမှန်ပါတယ်။   ဓမ္မတာမမှန်လို့ ဆေးခန်းပြကြည့်တာ ဆေးစစ်ပြီးအဖြေက polycystic ovary (PCOS) သားဥအိမ်ရေအိတ်တည်နေတယ်ပြောတယ်ဆရာ။ အခုလက်ရှိတော့  ဖောလစ်အက်စစ်ပဲ သောက်ခိုင်းတယ်။ ကျွန်မမြန်မာတိုင်းရင်းဆေးကိုလည်း ယုံကြည်ပါတယ်။ ရောဂါအမြစ်ပြတ်အောင် မြန်မာဆေးနည်းလေးလမ်းညွှန်ပေးပါရှင့်။

ဖြေ။ ။သစ်ကြံပိုးအမှုန့်ဝယ်ပါ။ ဟင်းခတ်အမွှေးအကြိုင်ရောင်းတဲ့ဆိုင်တွေမှာ  ဝယ်လို့ရပါတယ်။ အမှုန့်ဟင်း စားဇွန်း တစ်ဇွန်းနေ့စဉ် စားပေးပါ။ သားအိမ်ရေအိတ်ပျောက်ဖူးသူရှိပါတယ်။ (တစ်နည်း)နနွင်းမှုန့်ကို ပျားရည်နဲ့လုံးထား။ ရွေးစေ့ခန့်လုံး။ မနက်၊ည သုံးလုံးစားပေးရင်လည်း ရေအိတ်တည်ရောဂါ သက်သာစေပါတယ်။ ရေအိတ်တည်ရောဂါရှိရင်   ထမင်းစားပြီးရေချိုးခြင်း၊ ညအိပ်ရာဝင် ရေချိုးခြင်းများ ရှောင်ကြဉ်ပါ။ ရေခဲရည်အအေးရှောင်ပါ။ ရေနွေးကို အအေးခံ ရေကျက်အေးလုပ်သောက်ပါ။

မေး။ ။ဆရာကြီးရှင့်။ တစ်ခုလောက်မေးခွင့်ပြုပါ။ သမီးက ဘယ်လောက်စားစားအရမ်းပိန်နေလို့ ဝတဲ့နည်းလေး  ညွှန်ပြပေးပါဆရာကြီးရှင့်။

ဖြေ။ ။ ဝလိုလျှင် ဖီးကြမ်းငှက်ပျောသီး နှစ်လုံး ထမင်းစားပြီးတိုင်းစားပေးပါ။ မနက်စောစောရေတစ်ခွက်သောက် ရေချိုးပေးရင်   အပူကုန်ပြီးဝလာစေပါတယ်။ အုန်းသီးအနုကရတဲ့   အုန်းစိမ်းရည်သောက်ပြီး ရေချိုးရင်လည်း အပူကုန်ပြီး ဝလာစေနိုင်ပါတယ်။

မေး။ ။သမီးရဲ့သမီးလေးက လေးလပဲရှိပါသေးတယ်ဆရာကြီးရှင့်။ အခုချောင်းတွေတအားဆိုးပြီး ချွဲတွေကျပ်နေလို့ပါဆရာကြီးရှင့်။ ချွဲကျပ်လွန်းလို့ နို့တောင်ကလေးက သိပ်မစို့နိုင်ပါဘူး ဆရာကြီးရှင့်။  ကလေးအထူးကုဆရာဝန်လည်း သမီးတို့အရပ်မှာမရှိလို့ပါ။   ဆရာကြီးသမီးကို ဆေးနည်းလေးပေးပါဦး ဆရာကြီးရှင့်။ အားကိုးပါတယ်ဆရာကြီးရှင့်။

ဖြေ။ ။ကွမ်းရွက်နဲ့ဆားကို ကန်တော့ထိုးပြီး အထုပ်ပြုလုပ်ပါ။ သံပြားပေါ်တင်မီးအပူပေးပြာချပါ။   ထိုကွမ်းရွက်ပြာဆားကို ရွေးစေ့ငယ်ခန့် ကလေးလျှာပွတ်ပေးပြီး နို့တိုက်ပေးပါ။ ကွမ်းရွက်မီးကင် ကလေးရင်အုပ်မှာကပ်ပေးပါ။ မုန်ညင်းဆီထဲ ကွမ်းရွက်ခြေထည့် မီးနဲ့ချက်ထား။ ကလေးရင်ဘတ်၊နောက်ကျော  စိမ့်ဝင်အောင်လိမ်းပေးပါ ချွဲများထွက်လာပါလိမ့်မယ်။   ။

ကြည်လွင်မြင့်(မုဒြာ)