ကိုးလတာ ကာလအတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၁၇ သိန်းကျော် တင်ပို့ထား

 

ကိုးလတာ ကာလအတွင်း ပြည်ပသို့ ပြောင်းတန်ချိန် ၁၇ သိန်းကျော် တင်ပို့ထား

၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် မေလအထိ ကိုးလတာ ကာလအတွင်း  ပြည်ပသို့ ပြောင်းတန်ချိန် ၁၇ သိန်းကျော် တင်ပို့ထားပြီး  ပြည်တွင်း၌  ပြောင်းလက် ကျန်  တန်ချိန်ခြောက်သိန်းခန့် ရှိနေသေးကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင်၏ ပြောပြချက်အရ သိရ သည်။

အဆိုပါ ကာလအတွင်း ပြည်ပသို့တင်ပို့သည့်  ပြောင်းတန်ချိန်  ၁၇  သိန်းကျော် အနက်  ခုနစ်သိန်းခန့်ကို  ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကျန်ပမာဏကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လောလောဆယ် တင်ပို့ထားတာဆိုရင် ပြောင်းတန်ချိန် ၁၇ သိန်းကျော်ရှိပါပြီ။  နယ်စပ်ကုန်သွယ်ရေးကနေရော  ပင်လယ်ရေကြောင်းကနေပါ  တင်ပို့ထားတာပါ။ ပြည်တွင်းမှာ  ပြောင်းလက်ကျန်ကတော့ တန်ချိန်   ခြောက်သိန်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်”  ဟု  ဦးမင်းခိုင်ကပြောသည်။

ထိုသို့တင်ပို့ရာတွင် တရုတ်နှင့် ထိုင်းနိုင်ငံ တို့သို့ နယ်စပ်ကုန်သွယ်ရေးများမှ လည်း ကောင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ဗီယက်နမ် စသည့်နိုင်ငံတို့သို့   ပင်လယ်ရေကြောင်းမှ လည်းကောင်း  တင်ပို့ခဲ့ခြင်းဖြစ်ပြီး  လတ်တလောတွင် ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

”လက်ရှိ ပြောင်းဈေးနှုန်း အနည်းငယ် ကောင်းနေပေမယ့်လည်း ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။   အဓိကကတော့ ထိုင်းနိုင်ငံကို   နယ်စပ်ကုန်သွယ်ရေးက တစ်ဆင့် တင်ပို့နေတာပါ။ အခုနောက်ပိုင်း ပြည်တွင်းမှာ ပြောင်းလက်ကျန်နည်းလာ တာနဲ့ ထိုင်းနိုင်ငံရဲ့ ဝယ်လိုအားများလာ တာကြောင့် ဈေးကောင်းတာလည်းပါတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံရဲ့ ပြောင်းဈေးကလည်း အနည်းငယ်မြင့်လာတာကြောင့် လောလော ဆယ်တော့   ပြောင်းဈေးက  ကျသွားဖို့ အလားအလာမရှိပါဘူး”  ဟု ဦးမင်းခိုင်က ပြောသည်။

ထို့ပြင် မေ ၂၈ ရက်တွင် ပြောင်းတစ် ပိဿာလျှင် ကမ္ဘာ့ပေါက်ဈေး အနေဖြင့် ငွေကျပ် ၁၅၄၄ ကျပ်၊ တရုတ်နိုင်ငံပေါက် ဈေးအနေဖြင့် ငွေကျပ် ၁၄၁၄ ကျပ်၊ ထိုင်း နိုင်ငံပေါက်ဈေးအနေဖြင့် ငွေကျပ် ၁၂၇၀ အသီးသီး ရှိကြောင်း သိရသည်။