မကူးစက်တတ်သောရောဂါများနှင့် ကူးစက်နိုင်သောရောဂါများ

တစ်နေ့က ဆေးခန်းကို နာတာရှည်ရင်ကျပ်သမား တစ်ယောက်လာပြပါတယ်။ မိုးတစ်ပေါက်နှစ် ပေါက်မှန်ရုံနဲ့ ရင်ကျပ်လာတယ်လို့ဆိုပါတယ်။ သာမန်လူတစ်ယောက်အတွက်တော့ မိုးတစ်ပေါက် နှစ်ပေါက်ဟာ စာမဖွဲ့လောက်ပါဘူး။ ဒါပေမဲ့ ပန်းနာသည်အတွက်တော့ ပန်းနာထစေတယ်ပေါ့။ တကယ်က ပန်းနာရင်ကျပ်ရောဂါဆိုတာ အတိမ်းအစောင်းမခံတဲ့ အခြေအနေပဲဖြစ်ပါတယ်။ မိုးမှန် လို့မှ မဟုတ်ပါဘူး၊ ဆေးလိပ်ငွေ့ရှူမိရင်လည်း တစ်ရှိုက်တစ်ဖွာနဲ့၊ မတည့်တာစားမိရင်လည်း  တစ်ကိုက်တလေနဲ့ ရောဂါထလာနိုင်ပါတယ်။ ဆေးပညာမှာ ဒီလိုမျိုး မီးထိုးမောင်းတင် အခြေအနေ တွေရှိနေတတ်ပါတယ်။ ဥပမာ ပြောရရင် ရေအပြည့်ထည့်ထားတဲ့ ပူဖောင်းကိဆူးနဲ့ခြစ်လိုက်မိ သလိုပေါ့။

မကူးစက်တတ်တဲ့ရောဂါများ

မကူးစက်တတ်တဲ့ရောဂါတွေဟာ အဓိကအားဖြင့် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်လူနေမှု စရိုက်ပုံစံတွေနဲ့ ဆက်စပ်နေပါတယ်။ သွေးတိုးရောဂါသည်ရဲ့သားသမီးဟာ သွေးတိုးရောဂါဖြစ်နိုင်ခြေများပါတယ်။ သွေးတိုး ရောဂါမရှိသူရဲ့သားသမီးနဲ့နှိုင်းယှဉ်ရင်ပေါ့။ အဲဒီမှာဆွေမျိုးနီးစပ်လွန်းလေ ဖြစ်နိုင်ခြေ   ပိုများလေပါပဲ။ သားသမီးဖြစ်သူနဲ့ သူတို့ရဲ့မျိုးဆက်၊ မြေးမြစ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ မျိုးရိုး လိုက်တာက အားနည်း သွားပါတယ်။ တချို့ရောဂါတွေမှာတော့ ငုပ်လျှိုးဗီဇဆိုပြီး ပါလာတာမျိုး တော့ရှိတတ်ပါတယ်။ သားသမီးမှာရောဂါမဖြစ်ပေမယ့် မွေးလာတဲ့မြေးမြစ်တွေမှာ ရောဂါဗီဇပြလာ တာမျိုးပေါ့။ အဲတော့ ရောဂါမျိုးရိုး မလိုက်ချင်လို့ ဘာလုပ်ရမလဲမေးရင် ရောဂါမရှိတဲ့ မျိုးရိုးနဲ့ လက်ဆက်ထိမ်းမြားကြပေါ့လို့ပြောရမှာပါပဲ။ မျိုးရိုးတစ်ခုတည်းကဆိုရင် ရောဂါတစ်ခုခုရဲ့ဗီဇတွေ၊ ငုပ်လျှိုးဗီဇတွေပါလာနိုင်ပါတယ်။ နှစ်ယောက်ပေါင်း လိုက်တဲ့အခါ မျိုးဗီဇဟာ  အားကောင်းလာပြီး ရောဂါဖြစ်ထွန်းလာနိုင်ပါတယ်။ ဒါမှမဟုတ် တစ်ခုခုတိမ်းစောင်းလိုက်တာနဲ့ ရောဂါထဖြစ်လာနိုင်တဲ့ အခြေအနေတည်ရှိနေနိုင်ပါတယ်။ သူများနဲ့တန်းတူ အငန်လေး နည်းနည်းပါးပါး စားလိုက်တာပါပဲ၊ ကိုယ့်မှာကျသွေးတက်လာသလိုမျိုးပေါ့။

အစားအသောက်။ ငယ်ကတည်းကအငန်တွေ၊ အချိုတွေ၊ ပြည့်ဝဆီတွေ၊ အရောင်တုအရသာတုတွေ စားခဲ့တာပဲ ဘာမှမဖြစ်ပါဘူးလို့ အထင်ရှိနေတတ်ပါတယ်။ သွေးပေါင်ချိန်ကြည့်တဲ့အခါ၊ သွေးစစ် ကြည့်တဲ့အခါ၊ ဒါမှမဟုတ် ခွဲဖို့စိတ်ဖို့လိုအပ်လို့ ကျန်းမာရေး စစ်ဆေးကြည့်တဲ့အခါ၊ ဒါမှမဟုတ် ပုံမှန်ကျန်းမာရေး စစ်ဆေးကြည့်တဲ့အခါသွေးတိုး၊ ဆီးချိုတက်၊ သွေးတွင်းအဆီတက်၊ နှလုံး ECG မမှန်၊ ကင်ဆာအရိပ်အယောင်တွေ တွေ့လာပါတယ်။ တဖြည်း ဖြည်း စုဆောင်းလာသမျှတွေဟာ သွေးကြောထဲ အညစ်အကြေးဖတ်တွေအဖြစ် တွယ်ကပ်လာ၊ မလိုအပ်တဲ့နေရာတွေမှာ အဆီပို အဖြစ်စုပုံလာ၊ ကိုယ်တွင်းအင်္ဂါတွေမှာ ဂျိုး(ချိုး)တည်လာ၊ ပိတ်ဆို့ လာတာပေါ့။ ဒါကြောင့် အိမ်စာပဲ စားကြပါ။ အသီးအရွက်၊ အသီးအနှံ လတ်လတ်ဆတ် ဆတ်တွေပဲ စားကြပါ။ အသားငါး၊ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက် ပစ္စည်းတွေကိုပြည့်စုံအောင် သုံးဆောင်ကြပါ။ အချို တွေ၊ အချိုရည်တွေ၊ အသင့်စားတွေ၊ ကြာရှည်ခံတွေကို တတ်နိုင်သလောက်ရှောင်ကြပါလို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောကြပါတယ်။ အစားမရှောင်ပါနဲ့လို့ဆိုတာဟာ အသီးအရွက်၊ အသားငါးတွေကို အကုန်စားပါလို့ ဆိုလိုတာပါ။ မတည့်တာတွေ၊ မသင့်လျော်တာတွေကတော့ ရှောင်ရမှာပေါ့။

ကိုယ်လက်လှုပ်ရှားခြင်း။ အထိုင်လျှော့လိုက်တာ၊ လှုပ်ရှားတက်ကြွစွာ နေထိုင်တာဟာ ကျန်းမာခြင်း ရဲ့ အခြေခံဥပဒေပဲဖြစ်ပါတယ်။ ခြေသလုံးကို ဒုတိယနှလုံးသားလို့ ခေါ်ကြပါတယ်။ ဆရာကြီး ရွှေဥဒေါင်းကလည်း ဆရာဝန်ခြေနှစ်ချောင်းဆိုပြီး လမ်းလျှောက်ဖို့ ရေးသားတိုက်တွန်းခဲ့ပါတယ်။ နှလုံးက အားနဲ့ညှစ်ထုတ်လိုက်တဲ့ သွေးတွေကခြေဖျား၊ လက်ဖျားထိရောက်ရှိပျံ့နှံ့သွားပြီး ခေါင်းဖျား ခြေဆုံးကသွေးတွေဟာ ဘာအားနဲ့နှလုံးထံပြန်ရောက်နိုင်မှာလဲ။ ကိုယ်လက်လှုပ်ရှားခြင်း၊ ကြွက်သား တွေနဲ့ သွေးပြန်ကြောထဲက တစ်ဖက်ပွင့်အဆို့ရှင်လေးတွေကြောင့် နှလုံးထံပြန်ရောက်ရှိပါတယ်။ အဲတော့ သွေးလှည့်ပတ်မှုလုပ်ငန်းမှာ ကိုယ်လက်လှုပ်ရှားခြင်း၊ ကြွက်သားအားကောင်းခြင်း တွေက လည်း အရေးပါပါတယ်။ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ကောင်းကောင်းလည်ပတ်ရတော့  ကိုယ်တွင်း အညစ်အကြေးတွေကင်းစင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းပေါ့ပါးလာပါတယ်။

မူးယစ်သေစာ။ တကယ်တော့ ခန္ဓာကိုယ်ကြီးဟာ နေ့စဉ်ဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနေရတာနဲ့ကိုပင်ပန်းနေပါပြီ။ စားသောက်တဲ့အထဲက၊ ရှူသွင်းတဲ့အထဲက နေထိုင်ရာမြေထု၊ လေထု၊ ရေထုထဲကအဆိပ်အတောက်တွေ ဒုနဲ့ဒေးပေါ့။ အစာမှတ်ပြီး စားမိပါတယ်။ မမြင်ရတဲ့မှိုတွေ၊ ရောဂါ ပိုးမွှားတွေ၊ ဓာတုပစ္စည်းတွေပါလာပါတယ်။ ရေထဲကနေရောဂါပိုးမွှားတွေ၊ ဓာတုအဆိပ် တွေပါလာပြန်တယ်။ ဒီလိုမျိုးနဲ့ စက္ကန့်မလပ် တာဝန်ထမ်းဆောင်နေရတဲ့ ခန္ဓာကိုယ်ကြီးကို ဝန်ပို တွေပေးလိုက်တာဟာ မောင်းတင်ထားတဲ့ သေနတ်ခလုတ်ပေါ် လက်ညှိုးလေး ခပ်တင်းတင်း တင် လိုက်သလိုပါပဲ။ အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ စိတ်ကြွဆေး၊ မူးယစ်ဆေးဝါးတွေဟာ ထပ်ဖြည့် လိုက်တဲ့ ဝန်ပိုတွေပဲမဟုတ်လား။ မူးယစ်ဆေး အကြောထဲ ထိုးသွင်းရာကနေ HIV ရောဂါပိုး၊ ကွမ်းယာရောင်းသူရဲ့ အသည်းရောင် အသားဝါဗိုင်းရပ်ပိုး၊ အမြည်းထဲက မသန့်တဲ့ပြန်ကြော်ဆီတွေ၊ ဝမ်းလျှောဝမ်းကိုက်ပိုး စတာမျိုးတွေပေါ့။

စိတ်ကျန်းမာရေး။ စိတ်သာရှင်စောဘုရားဟောလို့ ပြောကြပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်လာသလိုစိတ်ဓာတ်၊ အတွေးအခေါ်၊ ခံယူချက်၊ သဘောထားတွေကလည်း အချိုးတူဖွံ့ဖြိုးလာရပါမယ်။ စိတ်ကျန်းမာရေးဆိုတာ ဦးနှောက်ဖွံ့ဖြိုးကျန်းမာမှု၊ ကိုယ်ခန္ဓာရောဂါ ဘယကင်းစင်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ကိုယ်ကျန်းမာရေးကလည်း စိတ်ဓာတ်ကြံ့ ခိုင်မှု၊ ယထာဘူတကျကျ တွေးခေါ်မြော်မြင်နိုင်မှု၊ သဘာဝအရှိတရားကို သဘော ပေါက်နားလည် လက်ခံနိုင်မှုတွေနဲ့ အပြန်အလှန် ထပ်တူပြုလျက်ရှိပါတယ်။ စိတ်တည်ငြိမ်မှုရှိနေရင် ကိုယ်တွင်း ပဋိပက္ခတွေလည်းငြိမ်းချမ်းပြီး သက်ဆိုင်ရာအလုပ်တွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ကြ ပါ မယ်။ 

စိတ်ဓာတ်ကျဆင်းနေတာ၊ အလွန်အကြူး ခံစားနာကျင်နေတာစတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဟော်မုန်း တချို့မြင့်တက်လာရပါတယ်။ ဒီလိုမြင့်တက်လာခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးပေါင် ချိန်မြင့် မားလာခြင်း၊ နှလုံးခုန်နှုန်းမြင့်တက်လာခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်ခံစားလာရပါတယ်။ အိပ်မပျော် စားမဝင်ခြင်း၊ အလွန်အကြူး စားသောက်မိခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစတဲ့ ကိုယ်အခြေ အနေတွေနဲ့တွေ့ကြုံလာရပါတယ်။ 

ဒါကြောင့်စိတ်အေးချမ်းတည်ငြိမ်အောင်၊ ကြံ့ခိုင်အောင်၊ ကျန်းမာအောင် ယောနိသောမနသီကာယ၊ သင့်တင့်လျောက်ပတ်သောစိတ်ကို  မွေးမြူခြင်း၊ ယုံကြည်ရာဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ တရား ထိုင်ခြင်း၊ တရားစာများ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို အခါအားလျော်စွာ ဆောင်ရွက်နေရပါမယ်။

ကူးစက်တတ်တဲ့ရောဂါများ

တစ်ကိုယ်ရေသန့်ရှင်းမှု။ သွားတိုက်ခြင်း၊ မျက်နှာသစ်ခြင်း၊  အစာစားပြီးတိုင်း  ပလုတ်ကျင်းခြင်း၊ လက်သည်းခြေသည်းညှပ်ခြင်း၊ ခေါင်းလျှော်ခြင်း၊ ရေချိုးခြင်း၊ ရေဖတ်တိုက်ခြင်း၊ သန့်ရှင်းသော အဝတ်အစားတို့ကိုဝတ်ဆင်ခြင်း စတဲ့တစ်ကိုယ်ရေသန့်ရှင်းမှုတို့ဟာ ပတ်ဝန်းကျင်က ဝင်ရောက်လာ မယ့် အခွင့်အရေးယူ ရောဂါပိုးတို့ကိုနေစရာမပေး၊ စားစရာမကျွေးဘဲ မျက်ခြည်ဖြတ်လိုက်တာ ဖြစ်ပါတယ်။ မဟုတ်ရင် အစာတစ်ခုခုစားပြီး စက္ကန့်ပိုင်းအတွင်း ခံတွင်းထဲမှာ ရောဂါပိုးမွှားတွေ ပေါက်ပွားလာပါမယ်။ အစာအချိုရည်တွေက အက်စစ်ပျော့အဖြစ်ပြောင်းလဲလာပြီး သွားတွေရဲ့ကြွေ လွှာတွေကိုတိုက်စားပါလိမ့်မယ်။ ခံတွင်းထဲမှာ မကောင်းတဲ့အနံ့ အသက်တွေဖြစ်ပေါ်လာတာဟာ ပေါက်ပွားလာတဲ့ပိုးမွှားတွေနဲ့ သူတို့ရဲ့အဆိပ်တွေကြောင့်ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု အား နည်းရင် အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာရောဂါ စတဲ့ကူးစက်ရောဂါတွေအပြင် စိတ်မရွှင်လန်းခြင်း၊ မိမိကိုယ်ကိုယုံကြည်မှု အားနည်း ခြင်း စတဲ့စိတ်ရောဂါတွေလည်း ခံစားရနိုင်ပါတယ်။ မသန့်ရှင်းခြင်းဟာ မကူးစက်တတ်တဲ့ ရောဂါ တွေကိုလည်း ဖိတ်ခေါ်နေပါတယ်။

ပတ်ဝန်းကျင်သန့်ရှင်းရေး။ အမှိုက်ပုံနားနေထိုင်တဲ့သူတွေ၊ ရေဆိုးမြောင်းနား နေရတဲ့သူတွေဟာ ရောဂါ အမျိုးမျိုးရဲ့ လက်တစ်ကမ်းမှာ နေထိုင်နေရသူတွေပါပဲ။ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟပ်တွေက နေသယ်ဆောင်ပေးမယ့် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဂျပန်ဦးနှောက်ရောင်၊ ဆင်ခြေထောက်၊ ဝမ်းရောဂါ အမျိုးမျိုး၊ ပလိပ်၊ အသည်းရောင် အသားဝါစတဲ့ ကူးစက်ရောဂါတွေကြားထဲနေရ သလိုပါပဲ။ အစာသန့်၊ လက်သန့်၊ အိမ်သာသန့်၊ ရေသန့်ဆိုတဲ့သန့်လေးသန့်ဟာ ကူးစက်ရောဂါ၊ မကူးစက်တဲ့ရောဂါ တော်တော်များများကို ကာကွယ်နိုင်ပါတယ်။ မကူးစက်တဲ့ရောဂါကို ဥပမာပြ ရမယ်ဆိုရင်မသန့်ရှင်းတဲ့ သောက်ရေကနေ အာဆင်းနစ်ဓာတု အဆိပ်သင့်တဲ့အခါ ရရှိလာတဲ့ အရေပြားရောဂါ အမျိုးမျိုးနဲ့  အရေပြားကင်ဆာကိုပြနိုင်ပါတယ်။

ကျန်းမာတဲ့အမူအကျင့်များ။ လူစုလူဝေး ရှောင်ရှားခြင်း၊ အပြင်စာတွေကိုလျှော့စားခြင်း၊ နှာချေ ချောင်းဆိုးတဲ့အခါအကာအကွယ်နဲ့နှာချေချောင်းဆိုးခြင်း၊ အသီးအရွက်၊ အသားငါး လုံလောက်မျှတ အောင် စားသောက်ခြင်း၊ လက်ကိုမကြာ ခဏဆပ်ပြာနဲ့ရေကိုသုံးပြီး ဆေးကြောခြင်း၊ ယင်လုံ အိမ်သာသုံးစွဲခြင်း၊ နေထိုင်မကောင်းတဲ့အခါ ကျွမ်းကျင်တဲ့ကျန်းမာရေး ဝန်ထမ်းနဲ့သာ ပြသခြင်း၊ အိမ်မှာ အနားယူခြင်း၊ အရက်နဲ့ မူးယစ်ဆေးဝါးရှောင်ကြဉ်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက် အနားယူခြင်း၊ ရေဓာတ်လုံလောက်အောင် သောက်သုံးခြင်း၊ သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ် စားသောက်ခြင်း၊ ကျက်အောင်ချက်ပြီး ပူပူနွေးနွေးစားသောက်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ များ လေ့လာကျင့်သုံးခြင်း စတာတွေဟာ ကျန်းမာရေးကို  ကောင်းမွန်တိုးတက်လာစေတဲ့  အပြုအမူ တွေပဲဖြစ်ပါတယ်။  မိမိကြောင့် တစ်ပါးသူ နာမကျန်းမဖြစ်စေသလို အပြန်အလှန်အားဖြင့် သူတစ်ပါး ကြောင့် မိမိရောဂါကူးစက်ခြင်း မရှိတော့ပါဘူး။ နောက်ထပ်အချက်အလက်တွေ အများကြီး ကျန်နေ ပါလိမ့်မယ်။ စဉ်းစားမိသလောက်လေး မျှဝေလိုက်တာပါ။  ။

ဇော်သစ်ကြည်