လီဗာပူးအသင်းကို ဗိုလ်လုပွဲတွင် ဒုတိယအကြိမ် ထပ်မံအနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက် (၁၄) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရီးယဲမက်ဒရစ်အသင်း ဆွတ်ခူး

လီဗာပူးအသင်းကို ဗိုလ်လုပွဲတွင် ဒုတိယအကြိမ် ထပ်မံအနိုင်ရရှိပြီး အသင်းသမိုင်းတစ်လျှောက် (၁၄) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရီးယဲမက်ဒရစ်အသင်း ဆွတ်ခူး

ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မေ ၂၉ ရက် နံနက်က ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ပီအက်စ်ဂျီအသင်း အိမ်ကွင်း၌  လီဗာပူးအသင်းနှင့်  ရီးယဲလ်မက်ဒရစ် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရီးယဲလ်မက်ဒရစ် အသင်းသည် လီဗာပူးအသင်းကို ဗိုလ်လုပွဲတွင် ဒုတိယအကြိမ် ထပ်မံအနိုင်ရရှိပြီး    အသင်းသမိုင်း တစ်လျှောက် (၁၄)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင် ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲမတိုင်မီ  ပရိသတ်များ  ကွင်းအတွင်း  ဝင်ရောက်နေရာယူရန်    အဆင်မပြေမှု တချို့ရှိခဲ့ပြီး ကြန့်ကြာခဲ့သည့်အတွက် သတ်မှတ်ထားသည့်အချိန်ထက်    နာရီဝက်နောက်ဆုတ်ပြီး ကျင်းပခဲ့ရခြင်း ဖြစ်သည်။

အဆိုပါပွဲစဉ်အစပိုင်းတွင်  လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားခဲ့ပြီး မာနေး၏ သွင်းဂိုး ဂိုးတိုင်ထိခဲ့သည့်အတွက်    လီဗာပူးအသင်းအတွက် နစ်နာခဲ့ရသကဲ့သို့ ရီးယဲလ်မက်ဒရစ်အသင်း ဂိုးသမား  ကော့တွိုက်စ်  လက်စွမ်းပြ ကာကွယ်မှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲချိန်ပထမပိုင်းတွင်  ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

ထို့နောက်    ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင် နှစ်သင်းစလုံးအပြန်အလှန် ကစားမှုများဖြင့်    ပိုမိုအကြိတ်အနယ်ရှိလာကာ ပွဲချိန် ၅၉ မိနစ်တွင် ဗယ် ဗာဒီ၏ဖြတ်တင်ပေးပို့သည့် ဘောလုံးကို အာနိုးလ်၏ လူကပ်ပုံအားနည်းမှုမှ တစ်ဆင့်   ဗင်နီစီးယက်စ်က အပိုင်ဂိုးသွင်းပြီး ရီးယဲလ်မက်ဒရစ် အသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် လီဗာပူးအသင်းက ပြန်လည်ဖိအားပေး ကစားသော်လည်း   ရီးယဲလ်မက်ဒရစ်အသင်းကပင် ဂိုးရရှိနိုင်သည့် အခွင့်အရေးများ ရရှိခဲ့ရာ  ပွဲပြီးဆုံးချိန်တွင်  ရီးယဲလ်မက်ဒရစ် အသင်းက  ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းနှင့်  လီဗာပူးအသင်းတို့ သည် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း  တွေ့ဆုံခဲ့ဖူးပြီး ရီးယဲလ်မက်ဒရစ် အသင်းက ၃ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိကာ   ယခုအခါတွင်လည်း ဒုတိယအကြိမ်ထပ်မံ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းကို  ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့သည့် ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီသည် နည်းပြဘဝသက်တမ်း တစ်လျှောက် ချန်ပီယံလိဂ်ဖလား လေးကြိမ်အထိရရှိခဲ့ပြီး   ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆု အကြိမ်ရေ အများဆုံး နည်းပြအဖြစ် စံချိန်တင်နိုင်ခဲ့သည်။

အလားတူ  ရီးယဲလ်မက်ဒရစ်အသင်း   ဂိုးသမား ကော့တွိုက်စ်သည်လည်း     ဂိုးပေါက်ကာကွယ်မှု ကိုးကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်း တစ်လျှောက်   တစ်ပွဲအတွင်း   ဂိုးပေါက်ကာကွယ်မှု ကိုးကြိမ်ပြုလုပ်နိုင်ခဲ့သည့်  ပထမဆုံး ဂိုးသမားအဖြစ်မှတ်တမ်း ဝင်ခဲ့ကြောင်း သိရသည်။