ဗိုင်းရပ်ဒုတိယလှိုင်းကို အောင်နိုင်ခဲ့ပြီဖြစ်သည့် နယူးဇီလန်

ကမ္ဘာပေါ်၌ COVID-19 ဒုတိယလှိုင်း ပြန်လည်ခေါင်းထောင်လာချိန်   နိုင်ငံတော်တော်များများ အလဲလဲအပြိုပြို ဖြစ်ခဲ့ရကာ  ထိုအထဲမှ  ဗိုင်းရပ်ပထမလှိုင်းရော ဒုတိယလှိုင်းကိုပါ အောင်နိုင်ခဲ့သည့် ရှားရှားပါးပါး နိုင်ငံကတော့  လူဦးရေငါးသန်းခန့်သာ ရှိသော  နယူးဇီလန်ဖြစ်သည်။

အောက်တိုဘာ ၅ ရက်က နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က  COVID-19 ဒုတိယလှိုင်းကို အောင်နိုင်ပြီ ဖြစ်ကြောင်းနှင့်   ကန့်သတ်ပိတ်ပင်မှု အားလုံးကို ၉၅ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးတော့ မည်ဖြစ်ကြောင်း  ကြေညာခဲ့သည်။  အောက်တိုဘာ ၇  ရက်တွင်  ကန့်သတ်မှုများ လျှော့ချရေးအမိန့်က အသက်ဝင်လာမည် ဖြစ်ကာ    အရေးပေါ် အဆင့်သတ်မှတ်ချက်များကိုလည်း   အောက်ဆုံးဖြစ်သော အဆင့် (၁) အထိ လျှော့ချမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် နယူးဇီလန်က  ဗိုင်းရပ် အန္တရာယ် အကင်းရှင်းဆုံးနိုင်ငံ ဖြစ်လာကာ  မကြာတော့သည့်အချိန်တွင်   သြစတြေးလျကလည်း  နယူးဇီလန်နိုင်ငံသားများအတွက်  ၎င်း၏နယ်စပ်ကို   ပြန်လည် ဖွင့်လှစ်ပေးတော့မည် ဖြစ်သည်။ အောက်တိုဘာ  ၅  ရက်တွင်  တစ်နိုင်ငံလုံး  ဗိုင်းရပ်ကူးစက်ခံရသူ တစ်ဦးသာရှိခဲ့သည့် နယူးဇီလန်ကတော့  တစ်လ ရွှေ့ဆိုင်း ထားခဲ့ရသော ရွေးကောက်ပွဲကို အောက်တိုဘာ  ၁၇ ရက် တွင်  ပြန်လည်ကျင်းပနိုင်တော့မည်ဖြစ်ရာ  လက်ရှိဝန်ကြီးချုပ်အာဒန်အတွက် အကြီးမားဆုံးအောင်မြင်မှုတစ်ရပ် ဖြစ်လာရန် သေချာသလောက်ရှိနေပြီ ဖြစ်သည်။

နယူးဇီလန်ကို တစ်နိုင်ငံလုံး Lockdown ချစဉ် အတိုက်အခံတို့၏ ဝေဖန်ချက်ကို ဝန်ကြီးချုပ်အာဒန်က အပြင်းအထန် ခံစားခဲ့ရသော်လည်း နောက်ပိုင်းတွင် ဝန်ကြီးချုပ်အာဒန်က  အတိုက်အခံတို့၏  ပူးပေါင်းဆောင်ရွက်မှုကို ရရှိခဲ့ကာ ယခုတော့ ပြည်တွင်းကူးစက်မှု ကင်းစင်သွားသည့် နိုင်ငံအဖြစ်   ကြေညာနိုင်ခဲ့ပြီဖြစ်သည်။

အောက်တိုဘာ ၅ ရက်က ကူးစက်ခံရသူတစ်ဦးကလည်း ပြည်ပမှ ပြန်လာသူဖြစ်သောကြောင့် စိုးရိမ်စရာမရှိဘဲ  နယူးဇီလန် နိုင်ငံသားတို့  ပုံမှန်ဘဝကို  ပြန်လည်စတင်ခွင့်ရတော့မည် ဖြစ်ပြီး လူစုလူဝေးပြုလုပ်ခွင့်ကိုတော့ လူဦးရေ ၁၀၀ အထိ  ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။  ထိုအချိန်  ပြင်သစ်နှင့် ဗြိတိန်အပါအဝင်  ဂျာမနီနှင့်   အီတလီကဲ့သို့   တခြားဥရောပ နိုင်ငံများ၌တော့   ဗိုင်းရပ်ဒုတိယလှိုင်းကို  ထပ်မံခံစားနေရပြီး ကန့်သတ်ပိတ်ဆို့မှုများကို  တင်းကျပ်စွာ ချမှတ်နေရသည်။

ဥရောပသာမက တစ်ကမ္ဘာလုံး ဗိုင်းရပ်ဒုတိယလှိုင်းကို ခံစားနေရချိန် ပထမလှိုင်းရော ဒုတိယလှိုင်းကိုပါ အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့သည့်  ဝန်ကြီးချုပ်အာဒန်ကတော့ နိုင်ငံတကာ၏ ချီးကျူးမှုကိုသာမက ၎င်းနိုင်ငံသားများ၏ အားပေး ထောက်ခံမှုကိုပါ ထပ်မံရရှိလာကာ နယူးဇီလန်၌ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၄၉၉  ဦးသာရှိခဲ့သည်။ ထို့ကြောင့်  ကမ္ဘာပေါ်၌   ဗိုင်းရပ်ကူးစက်မှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရတော့မည်ဖြစ်ပြီး   နောက်ပိုင်းတွင် ဟောင်ကောင်နှင့်   တောင်ကိုရီးယား နိုင်ငံတို့၌ပင်     ဗိုင်းရပ်ကူးစက်မှု  မြင့်တက်လာပြန်သည့်အတွက်   နယူးဇီလန် ကတော့ ကမ္ဘာ့အလုံခြုံဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံနေရပြီ ဖြစ်သည်။

ဗိုင်းရပ်စတင်ကူးစက်မှု ခံရချိန်မှစ၍ သေဆုံးမှုကလည်း ၂၅ ဦးသာရှိခဲ့ကာ နယ်စပ်ဂိတ်များကိုပိတ်ပြီး Quarantine  Center များစွာထားကာ တစ်နိုင်ငံလုံး တင်းကျပ်သည့် ကန့်သတ်ချက်များ  အမြင့်ဆုံးအထိ ချမှတ်ခဲ့သည်။ နောက်ဆုံး ဆံပင်ညှပ်ဆိုင်ပင် ဖွင့်လှစ်ခွင့်မရှိသည်အထိ အမိန့်များထုတ်ခဲ့သည့် နယူးဇီလန်ကတော့  ယင်းအကျိုးကျေးဇူးများကို  ခံစားနေရပြီ ဖြစ်ကာ  စည်းကမ်းမလိုက်နာသူများကိုလည်း ပြင်းထန်စွာ  အရေးယူခဲ့သောကြောင့်  အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

နယူးဇီလန်၌ COVID-19 ဒုတိယလှိုင်းက ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် စတင်ခဲ့ကာ နေ့စဉ်ကူးစက်မှု ၁၀ ဂဏန်းအထိ မြင့်တက်ခဲ့သည်။ ပထမလှိုင်းအောင်မြင်ပြီးချိန် ပြည်ပမှပြန်ရောက်လာသည့် ရောဂါလက္ခဏာမပြဘဲ  တိတ်တဆိတ် ပိုးသယ်ဆောင်သူများကြောင့် ဒုတိယလှိုင်း ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး  ထိုလစ်ဟာမှုတစ်ခုမှ  နယူးဇီလန်သို့  ဗိုင်းရပ်ပြန်လည် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ထိုအတွက်လည်း ဝန်ကြီးချုပ်အာဒန်က ၎င်း၏အမှားကို  လူသိရှင်ကြားပြန်လည် တောင်းပန်ခဲ့ကာ နောက်ပိုင်း ရောဂါလက္ခဏာပြသူရော မပြသူပါ Quarantine  ၁၄  ရက်ဝင်စေခဲ့သည်။ နယူးဇီလန်နိုင်ငံ၏ အိမ်နီးချင်းဖြစ်သည့် သြစတြေးလျ နိုင်ငံရှိ ဗစ်တိုးရီးယား ပြည်နယ်ဆိုလျှင် တောမီးလောင်မှုသာမက COVID-19 ပထမလှိုင်းကိုပါ  အပြင်းအထန် ခံစားခဲ့ရပြီး ယခုအခါ တိတ်တဆိတ် ပိုးသယ်ဆောင်သူများကြောင့် ဒုတိယလှိုင်းကို ပြန်လည်စတင်ခဲ့ကာ နောက်ဆုံးအဆင့် အရေးပေါ်အမိန့် အဆင့် (၄) အထိ ထုတ်ပြန်ခဲ့ရသည်။

နောက်ဆုံးကူးစက်မှုက တစ်ရက် ၅၀၀ ကျော်ဆို သောပမာဏသို့ပင်ရောက်ရှိခဲ့ကာ ယခုတော့ အမှားများမှ သင်ခန်းစာယူပြီး နယူးဇီလန်နည်းတူ ကူးစက်မှုများကို ပြန်လည်လျှော့ချလာနိုင်ပြီဖြစ်သည်။ သြစတြေးလျ တောင်ပိုင်းပြည်နယ်ဆိုလျှင်    နယူးဇီလန်ထက်ပင် လုံခြုံသည့်ဒေသအဖြစ် ၎င်းကိုယ်၎င်း တင်စားခဲ့သည်အထိ ဗိုင်းရပ်ပထမလှိုင်းကို အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့ကာ ယခုတော့ နယူးဇီလန်ကိုလိုက်မီရန် အသည်း အသန်ကြိုးစားနေရပြီ ဖြစ်သည်။

ထိုအချိန်  အမေရိကန်၌  ဗိုင်းရပ်ကူးစက်ခံရသူ ခုနစ်သန်းကျော်သွားခဲ့ပြီဖြစ်ကာ  နောက်ဆုံး  ကမ္ဘာ့ အလုံခြုံဆုံးပုဂ္ဂိုလ်ဟု တင်စားထားသော  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပင် ဗိုင်းရပ်ကူးစက်ခံနေရသည်။ လွှတ်တော်အမတ် ဒါဇင်နှင့် ချီ၍လည်း ဗိုင်းရပ်ကူးစက် ခံနေရကာ  နေ့စဉ်ကူးစက်မှုပမာဏများ  တိုးလာနေမြဲဖြစ်သည်။

တစ်ချိန်က  အမေရိကန်သည်  အကောင်းဆုံး ဆိုသောအရာတွင်  ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်ကြွေး ကြော်နိုင်သော်လည်း ဗိုင်းရပ်အရေးတွင်တော့  အဆိုးရွားဆုံး နံပါတ်တစ်အဖြစ်   ပြောင်းပြန်နေရာယူထား ပြီဖြစ်သည်။    သေဆုံးသူ အရေအတွက်ကလည်း နှစ်သိန်းကျော်အထိဖြစ်လာကာ အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့်  ကာကွယ်တားဆီးရေးဌာန (CDC) ၏အမိန့်များကလည်း ထရမ့်ကြောင့် မထိ ရောက်ဖြစ်နေသည်။

သို့ဖြစ်၍ ဗိုင်းရပ်အရေးတွင် နယူးဇီလန်ကို ဥပမာ ယူရန်အထိ   အမေရိကန်တို့   နှိုင်းယှဉ်ခံနေရပြီး ကာကွယ်ဆေး ကလည်း ၂၀၂၁ ခုနှစ်မှ ရနိုင်မည်ဖြစ်သောကြောင့်    အလုံခြုံဆုံး ကမ္ဘာ့နံပါတ်တစ်အဖြစ်  အမေရိကန်အစား နယူးဇီလန်ကိုသာ ပြောင်းပေးရတော့မည် ဖြစ်ပါကြောင်း    ရေးသားတင်ပြလိုက်ရပါသည်။    ။                         

Ref;CNA