ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းစတင်တက်ရောက်မှု မြင်ကွင်းများ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာ(မူလတန်း၊ လယ်တန်း၊ အထက်တန်း)ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်ပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျောင်းတက်ရောက်မှု မြင်ကွင်းပုံရိပ်များနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူနှင့် ကျောင်းသားမိဘများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

ဉီးသိန်းမြင့်(ကျောင်းအုပ်ကြီး)

အ.ထ.က(၃)တာမွေ

ဒီနေ့က တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်တဲ့နေ့ဖြစ်ပါတယ်။ မနှစ်ကထက်စာရင် ကျောင်းအပ်နှံတဲ့ကလေးတွေ များပါတယ်။ အ.ထ.က(၃) တာမွေမှာ မနှစ်က ၃၇၂ ဦးအပ်ထားပြီး  ဒီနှစ် ဇွန် ၁ ရက်အထိ  ၆၃၉ ဦးအပ်နှံထားပါတယ်။ မူလတန်း ၁၈၆ ဦး၊ အလယ်တန်း ၃၂၃ ဦး၊ အထက်တန်း ၁၃၀ ဦး အပ်နှံထားပါတယ်။ ဒီကြားထဲမှာလည်း  လာပြီးအပ်တုန်းဆိုတော့ ဒီနှစ်က ပိုများပါတယ်။   လုံခြုံရေး၊ အတန်းနေရာချထားရေး၊ ကျောင်းအပ်တဲ့နေ့ကစပြီး စာသင်ကြားနိုင်ဖို့  အစစအရာရာ ပြင်ဆင်ဆောင်ရွက် ထားပါတယ်။ ဒီနေ့ကျောင်းဖွင့်တဲ့နေ့မှာပဲ မူလတန်းကျောင်းသားတွေ၊ ငါးနှစ်နဲ့  ၁၂  နှစ်ကြား  ကလေးတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ဆေးထိုးနှံမယ့်ကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စနစ်တကျ ဖြည့်သွင်းပေးပါတယ်။

မောင်ဥက္ကာပြည့်စုံ

အ.ထ.က(၂)မင်္ဂလာဒုံ

ကျွန်တော်က အ.ထ.က(၂)မင်္ဂလာဒုံအောင်ဆန်းသူရိယ   လှသောင်းကျောင်း Grade-9B မှာ ပညာသင်ကြား နေပါတယ်။

ကျောင်းတက်ဖို့ မေ ၂၆ ရက်ကတည်းက ကျောင်းအပ်နှံခဲ့ပါတယ်။   ကျောင်းမှာလည်း ဗလာစာအုပ်နဲ့ ဖတ်စာအုပ်တွေကို အခမဲ့ပေးပါတယ်။ ဒီနှစ်ဖြေမယ့်စာမေးပွဲကို ထူးချွန်စွာဖြေဆိုနိုင်အောင် ကြိုးစားသွားမှာပါ။ ကျောင်းတက်ရမယ်ဆိုတော့ အရမ်းပျော်ပါတယ်။  သူငယ်ချင်းတွေနဲ့လည်း   ပြန်တွေ့ရတယ်။   ကိုယ့်ဆရာ၊ ဆရာမတွေနဲ့လည်း    ပြန်တွေ့ရတယ်။

ကျွန်တော့်ရဲ့ အနာဂတ် ရည်မှန်းချက်ကတော့ စစ်တက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားချင်ပါတယ်။  ဒါကြောင့်  အခုကတည်းက  ကြိုးစားမှာပါ။  ကျောင်းမှာ ကျောင်းအဝင်ပေါက်ကတည်းက Mask တပ်ပြီး ကိုယ်အပူချိန်တိုင်းရပါတယ်။ လက်ဆေးပြီးတော့မှ  အခန်းထဲကိုဝင်ရတယ်။

အခန်းထဲမှာလည်း တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရပါတယ်။    အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက် ဖြစ်သေးတဲ့ သူငယ်ချင်းတွေကိုလည်း လာရောက်တက်ကြဖို့ ပြောချင်ပါတယ်။

မလွင်နှင်းအိမ်

အ.ထ.က(၂)မင်္ဂလာဒုံ

သမီးက    အ.ထ.က(၂)  မင်္ဂလာဒုံ အောင်ဆန်းသူရိယလှသောင်း ကျောင်းမှာ Grade-10A တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။   ကျောင်းတက်ဖို့အတွက်   လိုအပ်တဲ့စာအုပ်တွေ၊   စာရေးကိရိယာတွေ၊   သင်ရိုးသစ်လည်း ဖြစ်တဲ့အတွက်ကြောင့် တခြားဝယ်ရတာတွေလည်းရှိတယ်။   ကျောင်းကလည်း   စာအုပ်တွေ အခမဲ့ထုတ်ပေးပါတယ်။ ဆရာမတွေ စာသင်တဲ့အခါမှာ ဂရုတစိုက်နားထောင်မယ်။ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပြီး အကောင်းဆုံးကြိုးစားသွားပါမယ်။ ဒီနှစ်က အတန်းသစ်လည်း ဖြစ်တဲ့အတွက် ဆရာ၊ ဆရာမ အသစ်တွေ၊     သူငယ်ချင်းအသစ်တွေနဲ့ နောက် သင်ရိုးသစ်ကို သင်ရတာလည်းဖြစ်တဲ့ အတွက်ကြောင့် ပျော်ပါ တယ်။ သမီးရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ ဆရာဝန်ဖြစ်ချင်ပါတယ်။ ဖြစ်အောင်လည်း ကြိုးစား သွားမှာပါ။ ကျောင်းမှာ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နဲ့အညီ ကျောင်းအဝင်မှာ ကိုယ်အပူချိန်တိုင်း ရတယ်။    နောက်ပြီး လက်ဆေးဘေစင်တွေ ထားရှိတယ်။ လက်ဆေးရတယ်။ အဆောင်တွေရှေ့မှာလည်း လက်ဆေးရတယ်။    သင်ရိုးသစ်ဖြစ်တဲ့ အတွက်ကြောင့် နှစ်စကနေစပြီး ကြိုးစားသွားမှာပါ။ အကြောင်းအမျိုးမျိုးနဲ့ မတက်ဖြစ်သေးတဲ့  သူငယ်ချင်းတွေကို  နှစ်စကတည်းက  လာရောက်တက်ကြဖို့  ဖိတ်ခေါ်ချင်ပါတယ်။

 

ဒေါ်ခိုင်ဇင်ထက်(ကျောင်းသားမိဘ)

ကျွန်မသမီးက အ.ထ.က(၂)မင်္ဂလာဒုံ

အောင်ဆန်းသူရိယ   လှသောင်းကျောင်း စတုတ္ထတန်း Grade-4 မှာ ပညာသင်ကြားနေတဲ့ မဝင့်ဝဿန်ထက် ဖြစ်ပါတယ်။ သားသမီးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ မိဘတစ်ယောက်အနေနဲ့ကတော့   သူတို့ ဒီကျောင်းစာအပြင် ဝါသနာပါတဲ့ အဆို၊ အက၊ နောက် အားကစား၊ သူဝါသနာပါတာကို ကျွန်မပံ့ပိုး ပေးပါတယ်။ ကျောင်းအပ်တဲ့နေ့မှာ ကျောင်းကနေ ကျွန်မတို့ကို ဗလာစာအုပ်တွေ၊ ပုံနှိပ်စာအုပ်တွေ အခမဲ့ပေးပါတယ်။ ဒါ့ပြင် နောက်ထပ်ကျောင်းဝတ်စုံတွေကိုလည်း    ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။  ကိုဗစ်-၁၉ ရောဂါ ကာလမှာ ကျောင်းတွေပိတ်ထားတာကြာတဲ့ အခါကျတော့  အခုလို  ကျောင်းတွေပြန်ဖွင့်တော့  ကျန်းမာရေးနဲ့အညီ  ကျောင်းတွေကို   စည်းကမ်းရှိစွာ  ပြန်ဖွင့်ပေးတဲ့ အတွက်ကြောင့် တာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျောင်းသားမိဘတွေကိုလည်း   ကိုယ့်သားသမီးတွေကို   အချိန်မီကျောင်းအပ်နှံဖို့ အကြံပြုစကားပြောချင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလ ကျောင်းပိတ်ထားတဲ့အချိန်မှာ ကျွန်မသမီးလေးကို ကျောင်းစာတွေနဲ့ မကင်းကွာအောင် စာအုပ်တွေကို ဖတ်ခိုင်းတယ်။ နောက် သူဝါသနာပါတဲ့   အွန်လိုင်းသင်တန်းတွေကိုလည်း သင်ခိုင်းပါတယ်။ ပန်းချီ၊ အက၊ ဝါသနာပါတဲ့ အားကစား အဲဒါမျိုးတွေ လုပ်ပေးဖြစ်ပါတယ်။

သတင်းအဖွဲ့(ရန်ကုန်)