နှင်းသီး(ခေါ်)ကြောင်မျက်လုံး(ခေါ်)လေချူသီးနှင့် ကျန်းမာရေး

 

မတူကွဲပြားအမည်များ

တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ရေမြေဒေသကွဲပြားသွားသည့်အလျောက် အမှတ်သညာလည်း အမျိုးမျိုး ရှိတတ်ကြပေသည်။ မြန်မာပြည်တွင်းမှာပင် ဒေသအခေါ်အဝေါ်များစွာ ရှိကြသည်။ မြန်မာပြည်၏  စစ်ကိုင်းတိုင်းတွင် အများဆုံး ထွက်ရှိသဖြင့် စစ်ကိုင်းသီး (စစ်ကိုင်းဆီးသီး)ဟုခေါ်ကြသည်။ တောင်ကြီးနှင့် မန္တလေးတို့တွင် တရုတ်ဆီးသီး၊ တရုတ်နှင်းသီးဟု လည်းကောင်း၊ မြင်းခြံမြို့တွင် လေချူသီးဟုလည်းကောင်း၊ ပုသိမ်မြို့တွင် သကြားသီးဟုလည်းကောင်း၊ မြစ်ကြီးနားနှင့် ခန္တီးတွင် သမင်မျက်လုံးဟုလည်းကောင်း၊ ပြင်ဦးလွင်တွင် ကြို့သီးဟုလည်းကောင်း၊ မော်လမြိုင်နှင့် မြဝတီတွင်  နန်းပြားသီးဟုလည်းကောင်း၊ တာချီလိတ်တွင် မော်လမြိုင်သီးဟုလည်းကောင်း၊ ရှမ်းပြည်တွင် လုံအယ်သီး၊ ကယားပြည်တွင် နှင်းသီး ဟု ခေါ်ဆိုကြသည်။ တချို့သူ များကလည်း တောကြက်မောက်သီး၊ နဂါးမျက်လုံး၊ မိကျောင်းမျက်စိ၊ ကြောင်မျက်လုံးဟုလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်တွင် ကြောင်မျက်လုံး သို့မဟုတ် နှင်းသီးဟုလည်းကောင်း အမျိုးမျိုးခေါ်ကြသည်။

လေချူသီးအကြောင်း တစေ့တစောင်း

အင်္ဂလိပ်အမည်မှာ Longan Fruit (Longon , Dragon's eyes , Eyeball tree) ဖြစ်သည်။ မြန်မာပြည်တွင်း လူအများစုက လောင်ဂန်သီးဟု ခေါ်ဆိုကြပြီး ထိုမှတစ်ဆင့် “လေချူသီး” ဟု အလွယ်ခေါ်လာကြပြီးနောက် ၎င်းအမည်တွင်လာခဲ့သည်။ ရုက္ခဗေဒ အမည်မှာ  Dimocarpus longan Lour ဖြစ်ပြီး Sapindaceae မျိုးရင်းဝင်ဖြစ်ကာ မျိုးစိတ်မှာ Dimocarpus longan ဖြစ်သည်။ မျိုးကွဲပေါင်းများစွာလည်း တွေ့မြင်ရသည်။ လိုက်ချီးနှင့် ကြက်မောက် မျိုးနွယ်ဖြစ်သော်လည်း လိုက်ချီးနှင့် ကြက်မောက်က မိုးများ၍ အေးသော ဒဏ်ကိုခံနိုင်ရည်ရှိပြီး လေချူသီးက အပူကြိုက်သီးနှံပင်ဖြစ်ကာ မေလလယ်မှ ဇွန်လကုန်ထိ အသီးထွက်လေ့ရှိသည်။ လေချူသီးက လိုက်ချီး၊ ကြက်မောက်တို့ထက် အရသာပိုချိုမြိန်သည်။ အများအားဖြင့် လေချူသီးကို သရေစာ၊ အချိုပွဲသီးနှံအဖြစ် စားလေ့ရှိသည်။ လေချူသီးကို သူ့ချည်းသက်သက် စားပါက အပူစာဖြစ်သဖြင့် ရင်အေးစေရန်အတွက် တရုတ်ပြည်တွင် လေချူသီးကို ကျောက်ပွင့်၊ တရုတ်ဆီးသီးခြောက်တို့နှင့်ရော၍ပြုတ်ပြီး သကြားအနည်းငယ်ထည့်ကာ သောက်စားကြသည်။

မြန်မာ၊ တရုတ်တောင်ပိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယအနောက်တောင်ပိုင်း၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ အမေရိကန်ပြည်ထောင်စု၏ ဟာဝိုင်အီ၊ ဖလော်ရီဒါတို့တွင် ကျယ်ပြန့်စွာပေါက်ရောက်နိုင်သည်။ ကမ္ဘာပေါ်တွင် လေချူသီးထွက်ရှိအားအကောင်းဆုံးမှာ ကမ္ဘောဒီး ယားနိုင်ငံဖြစ်သည်။ လေချူသီးသည် ကမ္ဘာသုံးအစားအစာ သီးနှံတစ်ခုဖြစ်ပြီး သူရှင်သန်ပေါက်ရောက်ရာ အရပ်ဒေသပေါ်မူတည်၍ စင်ကာပူနိုင်ငံတွင် လောင်ဂန်ဟုလည်းကောင်း၊ မလေးရှားတွင် မာတာကူကျင်(ကြောင်မျက်လုံးသီး)ဟုလည်းကောင်း၊ ထိုင်းတွင် လမျိုင်း ဟုလည်းကောင်း၊ တရုတ်ပြည်တွင် လုန်အန်းသီး (နဂါးမျက်လုံးသီး) ဟု ခေါ်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသတွင် အလေ့ကျပေါက်ရောက်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးကသာမြို့၊ ကချင်ပြည်နယ်  မြစ်ကြီးနားမြို့နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် မိုင်းယောင်း နှင့် မိုင်းယုတို့တွင်လည်း တွေ့ရသည်။ မြန်မာနိုင်ငံ၏ ကဆုန်လဆန်းပိုင်းကနေ စတင်ဖူးပွင့်၍ အသီးလိုက်ပြီး သုံးလအကြာ ဝါဆိုလအတွင်းရင့်မှည့်ကာ ခူးဆွတ်စားသုံးနိုင်သည်။ အခိုင်အတွဲလိုက်သီးသည့် အပင်ကြီးမျိုးဖြစ်သည်။ အသီးမှာလုံးဝန်း၍ အခွံပါးလွှာကာ အညိုရောင်ရှိသည်။ ၎င်းင်းအခွံအောက်တွင် အလွန်ချိုမြိန်သည့် မထူမပါးအဖြူအကြည်ရောင်ရှိသည့် အသားကိုစားသုံးရပြီး ၎င်းအောက်တွင် အမည်းရောင်ရှိသည့် အစေ့ကို တွေ့မြင်ရမည်ဖြစ်သည်။ သို့သော် ထိုအစေ့ကိုမစားရပေ။ ၎င်းအစေ့ကနက်မှောင်ပြောင်လက်လုံးဝန်းလှသဖြင့် “ကြောင်မျက်လုံးသီး” ဟု ခေါ်ဆိုကြဟန်တူပါသည်။

လေချူသီးနှင့် ကျန်းမာရေး

USDA ၏ လေ့လာချက်အရ ၁၀၀ ဂရမ်အလေးချိန်ရှိ လတ်ဆတ်သော လေချူသီးထဲတွင် ရေဓာတ် ၈၂ ဒသမ ၇၅ ဂရမ်၊ ခွန်အား ၆၀ ကယ်လိုရီ၊ ပရိုတင်း ၁ ဒသမ ၃၁ ဂရမ်၊ အဆီဓာတ် သုည ဒသမ ၁ ဂရမ်၊ ကစီဓာတ် ၁၅ ဒသမ ၁၄ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၁ ဂရမ်၊ ကယ်စီယမ် ၁ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၁၃ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၀ မီလီဂရမ်၊ မီးစုန်း ၂၁ မီလီဂရမ်၊ ပိုတက်စီယမ် ၂၆၆ မီလီဂရမ်၊ ဇင့် သုည ဒသမ ၀၅ မီလီဂရမ် အသီးသီးပါရှိကြောင်း သိရသည်။

  • လေချူသီးထဲတွင် gallic အက်စစ်နှင့် အာနိသင်တူသော polyphenols ဓာတ် မြင့်မားစွာပါရှိသည်။ ထိုဓာတ်က ခန္ဓာကိုယ် တွင်း အဆိပ်အတောက်များနှင့် free radicals များကို လျှော့ချပေးနိုင်ပြီး ကင်ဆာအကျိတ်အဖုများကို ကောင်းစွာ နှိမ်နင်း ပေးသည်။ အထူးသဖြင့် ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် သားအိမ်ခေါင်း ကင်ဆာဆဲလ်များ ကြီးထွား ပြန့်ပွားမှုကို ဟန့်တားပေးသည်။
  • လေချူသီးနှင့် အစေ့ထဲတွင်ပါရှိနေကြသော gallic, epicatechin, ellagic စသည့် အက်စစ် သုံးမျိုး ဓာတု ဓာတ်ပေါင်းစုက အအေးမိ၊ တုပ်ကွေး၊ ဖျားနာခြင်း အလွယ်တကူမဖြစ်စေနိုင်ပေ။ ထို့ပြင် ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာ များကို သက်သာ စေကာ အစာအိမ်ရောဂါ၊ အစာမျိုလမ်းကြောင်းရောဂါ တို့အတွက်ကိုလည်း ကောင်းကျိုးပြုသည်။
  • ခန္ဓာကိုယ်သွေး လှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေသည်။ သွေးကိုအာဟာရဓာတ်ဖြည့်ပေးနိုင်ပြီး အာရုံကြော စနစ်တွေကို လည်း နိုးကြားစေနိုင်သည့်အတွက် စိတ်ဖိစီးမှုများသူတွေအနေဖြင့် လေချူသီး စားသုံးပေးသင့်သည်။
  • အိပ်မပျော်သူများ၊ သွေးလေချောက်ချား စိတ်မငြိမ်သူများအတွက် လေချူသီးကလွန်စွာ ဆေးဖက်ဝင်သည်။
  • ဦးနှောက်ကိုကျန်းမာစေပြီး သတိမေ့ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေသည်။
  • တရုတ်ပြည်တွင် နှလုံး၊ သရက်ရွက်နှင့် ရေဖျဉ်းရောဂါများအတွက် ရိုးရာကုထုံးအဖြစ် လေချူသီးကို ဓာတ်စာအဖြစ် ကုသလေ့ ရှိသည်။
  • လေချူသီးထဲတွင် အပင်မှရရှိနိုင်သော သဘာ၀ Phytochemicals များ လုံလောက်စွာပါရှိနေ၍ အသားအရေကို ကြည်လင် စေပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်သည်။ ထို့ပြင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေအလားအလာကို လျှော့ချ ပေးနိုင်သည်။
  • လေချူသီးမကြာခဏစားပေးခြင်းဖြင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေသည်။
  • လေချူသီးစားခြင်းဖြင့် သွားနှင့်သွားဖုံးကို ကျန်းမာစေပြီး ခံတွင်းဆိုင်ရာပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်သည်။
  • အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်နေ့လျှင် လေချူသီးငါးလုံး မှန်မှန်စားပေးခြင်းက သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း WHO က အကြံပြုထားသည်။
  • အရိုးပွရောဂါ၊ အရိုးပျော့ရောဂါ စသည့် အရိုးကျန်းမာရေးအတွက် လေချူသီးကို စားပေးသင့်သည်။
  • လေချူသီးတွင် ပိုတက်စီယမ်မြင့်မားစွာပါရှိပြီး ဆိုဒီယမ်လုံးဝမရှိသည့်အတွက် သွေးတိုးရောဂါကို လွန်စွာကောင်းကျိုး ပြုပေးနိုင်သည်။
  • ချွေးထွက်လွန်ခြင်း၊ အရေပြားမှိုစွဲခြင်းနှင့် သွေးထွက်လွန်ခြင်းတို့အတွက် လေချူသီးထဲတွင်ပါရှိသော အနက်ရောင်အစေ့က ကောင်းကျိုးပြုပေးနိုင်သည်။
  • ဗီယက်နမ်နိုင်ငံတွင် မြွေကိုက်ဒဏ်ရာအတွက် လေချူသီးထဲရှိ အစေ့ခြောက်မှုန့်ကို ဒဏ်ရာပေါ် အုံပေးခြင်းဖြင့် မြွေဆိပ် ဖြေဆေးအဖြစ် အသုံးပြုလေ့ရှိသည်။

သတိပြုရန်

  • အချိုဓာတ်ကဲလွန်းသောသစ်သီးဖြစ်၍ ဆီးချိုရောဂါသည်များ အထူးရှောင်ရှားသင့်သည်။
  • အရေပြားယားယံသူများ၊ သွေးမသန့်၍ အနာပေါက်သူများ လေချူသီးကို သင့်တင့်ရုံသာစားသင့်သည်။
  • လေချူသီးက အရသာချိုမြသဖြင့် စားကောင်းလှသော်လည်း ကိုယ်ဝန်ဆောင်မိခင်များမစားသင့်ပေ။ အသီးက အပူဓာတ်စာ ဖြစ်သဖြင့် သန္ဓေသားကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။ ကမ္ဘာ့အရှေ့ပိုင်းတိုင်းပြည်များနှင့် အာဖရိကတိုက်များ၏ တိုင်းရင်း ကုထုံးများတွင်လည်း ကိုယ်ဝန်ဆောင်များ လေချူသီးစားသောက်ခြင်းကို တားမြစ်ထားသည်။ သို့သော် နို့တိုက်မိခင်များ လေချူသီးစားခြင်းနှင့်ပတ်သက်၍ အထူးတလည် ညွှန်ကြားထားခြင်းမရှိပေ။

အချုပ်အားဖြင့်ဆိုသော် လေချူသီးက ကုသရန်ခက်သော ကင်ဆာဆဲလ်များကို နှိမ်နင်းပေးနိုင်သည့်အပြင် သွေးအားကောင်းစေပြီး နှလုံး၊ သရက်ရွက်၊ အရိုး၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ ဦးနှောက် နှင့် အာရုံကြောတို့ကို ကောင်းကျိုးပြုပေးနိုင်သည့် ရာသီစာ သီးနှံဖြစ်သည်။ ထို့ကြောင့်  ကိုယ်ဝန်ဆောင် နှင့် ဆီးချိုရောဂါသည်များမှအပ အရွယ်သုံးပါးမရွေး လေချူသီးကို စားသုံးပေးသင့်သည်။ လေချူသီးပင်အမျိုးအစားသည် တစ်နှစ်ပတ်လုံး စိမ်းနေသောအရွက်များဖြင့် အရိပ်ရပင်ဖြစ်၍ တချို့နိုင်ငံများတွင် Ever Green ဟုခေါ်ကြသည်။ မိုးနည်း၊ မိုးအသင့်အတင့်ဒေသများနှင့် ကိုက်ညီသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်အနေဖြင့် မြန်မာပြည် တစ်ဝန်း လေချူသီးပင်များများ စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုက်ရပါသည်။   ။

 

ပေါက်ပေါက်