၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအမေး၊အဖြေများ(၂)

ယမန်နေ့မှအဆက်

Myanmar  National  Post မှ အယ်ဒီတာချုပ် နောင်တော်လေးက   မိမိအနေဖြင့် NLD ပါတီနှင့်ပတ်သက်၍ အစဉ်တစိုက် မေးမြန်းမှုအပေါ် နားလည်ပေးနိုင်မည်ဟု ထင်မြင်မိကြောင်း၊ အဆိုပါ ပါတီ၏ ဥပဒေမဲ့ အကြမ်းဖက်မှုများကို မိမိတို့ မီဒီယာများ အနေဖြင့်လည်း မြင်တွေ့နေရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း   သိနေကြပါကြောင်း၊ သို့သော် UEC အနေဖြင့် ယနေ့အချိန်အထိ   ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိသေးသည်ကိုတွေ့ရကြောင်း၊ အဆိုပါ ပါတီမှကျူးလွန်ခဲ့သည့် ဥပဒေမဲ့လုပ်ရပ်များအပေါ် မည်သည့်အချိန်ကာလခန့်တွင် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခုမေးခွန်းကို မေးမြန်းသည့် သတင်းထောက်ကြီး အနေဖြင့် ယခုမေးခွန်းနှင့် ဆင်တူသည့်မေးခွန်းကို ယခင်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ပါကြောင်း၊ ယခုသတင်းစာ ရှင်းလင်းပွဲတွင်မူ တစ်လ၊ နှစ်လ၊ သုံးလဆိုသည့် ကာလသတ်မှတ်ချက် တစ်ခုအနေဖြင့် မေးမြန်းလိုသည့် သဘောတရားမျိုးဖြင့် မေးမြန်းသည်ဟု သဘောပေါက်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၁)အရ မိမိတို့၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို  ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းရာတွင်    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ပါတီနိုင်ငံရေး ကင်းရှင်း၍ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး အတွေ့အကြုံရှိသည့် လူပုဂ္ဂိုလ်များနှင့် ရွေးချယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊  အဆိုပါကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ(၁၀)(ဌ)ပါ နိုင်ငံရေးပါတီများကို   ကြီးကြပ်ခြင်းတာဝန်များကို ဆောင်ရွက်ရာ၌    အားလုံးအပေါ်တွင် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်မျှမျှတတ ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်၍ ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များပါဝင်သည့်     စုံညီအစည်းအဝေးမှ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီး ယခုမေးမြန်းသည့် ကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သည့်ကိစ္စများကို လုပ်မည်ဟု ကြိုတင်ဆုံးဖြတ်ထားခြင်း မရှိကြောင်း၊   အဆိုပါ လုပ်ငန်းစဉ်များအပေါ်   မိမိတို့အနေဖြင့် ဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း     အချိန်နှင့်တစ်ပြေးညီ အသိပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ခေတ်ပုံရိပ်ဂျာနယ်မှ   သတင်းထောက်ဦးဝင်းနိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အနေဖြင့် နောင်လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍    ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့်   နောက်ဆုံးအချိန်မှာ မည်သည့်ရက်ဖြစ်နိုင်မည်ကို သိလိုကြောင်း၊  ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင်  လူဦးရေကိုအခြေခံသည့် အချိုးကျကိုယ်စားပြု  PR စနစ်ဖြစ်သည့်အတွက် မဲဆန္ဒနယ်မြေအား ခရိုင်အလိုက်သတ်မှတ်မည်၊ မြို့နယ်အလိုက် သတ်မှတ်မည်၊ ဒေသအလိုက် သတ်မှတ်မည်ကို သိလိုကြောင်း၊ ယခင်ရွေးကောက်ပွဲဥပဒေအား မည်ကဲ့သို့သော အချက်များကို ပြန်လည်ဖြည့်စွက်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းနှင့် ပတ်သက်၍ လုပ်ငန်းစဉ်(၅)အရ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဥပဒေအရ လုပ်ဆောင်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲစက်ဝန်းတွင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့်   ရွေးကောက်ပွဲအလွန်ကာလဟူ၍ ပါဝင်ကြောင်း၊   ၎င်းတို့မှာ  တစ်ဆက်တစ်စပ်တည်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလဟု ဆိုရာတွင် လွှတ်တော်ရွေးကောက်ပွဲ   နည်းဥပဒေ ၁၆ အရ မည်သည့်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မည်သည့်နေ့တွင် တင်သွင်းရမည်၊ မည်သည့်နေ့တွင်နောက်ဆုံးထား၍ ရုပ်သိမ်းနိုင်သည်၊ မည်သည့်နေ့တွင် စိစစ်မည်ဟု   ထုတ်ပြန်သည့်အချိန်တွင်   ရွေးကောက်ပွဲအချိန်ကာလစတင်ပြီ ဖြစ်ကြောင်း၊   ထိုအချိန်မှစတင်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတိုင်း  ဆောင်ရွက်ပြီးစီး၍  ရလဒ်များ ထုတ်ပြန်ပြီးစီးသည့် အချိန်ကာလအထိမှာ ရွေးကောက်ပွဲကာလ ဖြစ်ကြောင်း၊  နောက်ပိုင်းကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်း ကိစ္စရပ်များမှာ ရွေးကောက်ပွဲ အလွန်ကာလဖြစ်ကြောင်း၊   အဆိုပါကာလများပြီးစီးပါက ရွေးကောက်ပွဲ အကြိုကာလ ဖြစ်ကြောင်း၊ ယခုကာလသည် ရွေးကောက်ပွဲအကြိုကာလဖြစ်သည်ဟု ပြောလိုကြောင်း၊ ရွေးကောက်ပွဲ အကြိုကာလ ဖြစ်သည့်အတွက် ရွေးကောက်ပွဲအကြိုကာလ   လုပ်ငန်းစဉ်များဖြစ်သည့် မဲစာရင်းများပြုစုခြင်း၊ ဥပဒေမူဘောင်ဖြစ်သည့် ဥပဒေများကို ယခင်အတွေ့အကြုံများအပေါ် မူတည်၍ သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစောပိုင်းက ပြောခဲ့သည့် PR စနစ်ကို ကျင့်သုံးရန်ရှိသည့်အတွက် ယင်းစနစ်နှင့်ကိုက်ညီသည့် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများကို    ပြင်ဆင်ဆောင်ရွက်ထားကြောင်း၊    ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါဥပဒေမူဘောင်ကို ဆောင်ရွက်ကြောင်း၊ အလားတူအခြေခံကျပြီး လုပ်ငန်းပမာဏကြီးမားသည့်  မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများ၏ Capacity Building နှင့် အင်အားဖြည့်တင်းခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ရွေးကောက်ပွဲတွင် အသုံးပြုမည့်  မဲရုံသုံးပစ္စည်းများကိုလည်း စုဆောင်းရကြောင်း၊ ရုံးအဆောက်အဦများ ဆောက်လုပ်ခြင်းကဲ့သို့သော အုပ်ချုပ်မှုကိစ္စများကိုလည်း ဆောင်ရွက်ရကြောင်း၊ ထိုကဲ့သို့ ပြင်ဆင်ဆောင်ရွက်ဖွယ်ရှိသည့် ရွေးကောက်ပွဲ အကြိုကာလ လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း၊   အလားတူ ရွေးကောက်ပွဲကာလ ရောက်ရှိ၍ ကြေညာပြီးပါက ဆင့်ကဲဆင့်ကဲ တစ်ဆက်တစ်စပ် တည်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များရှိပါကြောင်း၊  ရွေးကောက်ပွဲအလွန်ကာလ လုပ်ငန်းစဉ်များလည်း ရှိကြောင်း၊ အဆိုပါ ကိစ္စများကိုလည်း သတ်မှတ်ချက်များနှင့် အညီ စီမံချက်များ ကြိုတင်ရေးဆွဲပြီး ဖြစ်ကြောင်း၊ သတင်းထောက်ကြီးမေးမြန်းသည့် PR စနစ်နှင့်ပတ်သက်၍ ပြောရမည်ဆိုပါက ၎င်းင်းနှင့်ပတ်သက်သည့်   စာအုပ်ထုတ်ခဲ့သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ဥပဒေအတည်ပြုထုတ်ပြန်လာပါက  PR နှင့် ပတ်သက်သည့် ဗဟုသုတများ၊ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး Pamphlet များ၊ နိုင်ငံပိုင် မီဒီယာများမှ   အသိပညာပေးထုတ်ပြန်ကြေညာခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်များကို ယခုအချိန်အထိ ခန့်အပ်ထားခြင်း မရှိသေးသည်ကို တွေ့ရကြောင်း၊ ၂၀၂၃  ခုနှစ်၊   သြဂုတ်လခန့်တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်မည်ဟု အကြမ်းဖျင်းသိထားကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် တစ်နှစ်ခန့်သာ လိုတော့သည်ဟု မိမိအနေဖြင့် တွက်ချက်မိကြောင်း၊ ထို့ကြောင့် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်များကို ယခုအချိန်အထိ   ခန့်အပ်ခြင်းမရှိသေးကြောင်း၊ အမှန်တကယ်တွင်မူ ခန့်အပ်ရန်သင့်နေပြီ ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက    ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်များ လုပ်ပေးနေကြောင်း၊   မိမိအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကောင်းကြောင်းကို ပြောလို၍မဟုတ်ကြောင်း၊ မိမိတို့သတင်းဌာနများအနေဖြင့် ဝန်ကြီးဌာနအချို့ကို စောင့်ကြည့်နေကြောင်း၊ မည်သည့် ဝန်ကြီးဌာန၏ လုပ်ပုံလုပ်နည်းက အတုယူရန်လိုသည်၊    မလိုသည်ကို ချိန်ထိုးပြခြင်းဖြစ်ကြောင်း၊  ယခု ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် ပြည်နယ်နှင့် ခရိုင်တို့ရှိ ဦးစီးအရာရှိများက ရုံးထိုင်ခြင်းမပြုဘဲ မြို့နယ်ကို ဝိုင်းဝန်းကူညီကြကြောင်း၊ ယခုနောက်ပိုင်းတွင်   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက Door To Door စနစ်ဖြင့် အိမ်တစ်အိမ်၏ သန်းခေါင်စာရင်းကို စစ်ဆေးမည်ဆိုပါက အိမ်သားတစ်ဦးဦး  အိမ်တွင်မရှိပါက မည်သည့်နေရာသို့သွားသည်ကို မှတ်တမ်းတင်မည်၊ မှတ်ပုံတင် ရှိ/မရှိ    မှတ်တမ်းတင်မည်၊ မှတ်ပုံတင်မရှိပါက  နိုင်ငံတော်က ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေသည်ကို  အသက်ပြည့်ပြီး ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် လိုက်ပါဆောင်ရွက်ခြင်းမပြုသည်ကို   မှတ်တမ်း တင်မည်ဟု သိရကြောင်း၊ ယခုလက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိသည့် ပန်းခင်းစီမံချက်နှင့် ရပ်/ကျေး  ရွေးကောက်ပွဲကော်မရှင်ခန့်ထား၍ ၎င်းတို့ ၂ ဦး ပူးပေါင်းလုပ်ဆောင်မည် ဆိုပါက အိမ်တွင်မရှိသည့်အိမ်သားမှာ မည်သည့်နေရာသို့ သွားရောက်နေသည်ကို သိနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက်လည်း အဖျက်အမှောင့် လုပ်ငန်း လုပ်နေသူများ၏ Data များရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရပ်/ကျေး  ရွေးကောက်ပွဲကော်မရှင်များ မဖွဲ့စည်းရသေးပါက   အမြန်ဆုံးဖွဲ့စည်းပေးရန် ရှိ/မရှိ  သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး  မေးမြန်းသည့် ကိစ္စနှင့်ပတ်သက်သည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်  ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်   ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း၊    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၂ ၊ကော်မရှင်ဥပဒေ ၁၀(ဂ)ပါ လုပ်ပိုင်ခွင့်အရ ပုဒ်မ ၁၂ အရဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းရသည့် ကော်မရှင် အဖွဲ့ခွဲများမှာ တိုင်း၊ တိုင်းကော်မရှင်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်း/ဒေသနှင့် မြို့နယ်အဆင့်ထိ ကော်မရှင်အဖွဲ့ခွဲများ ဖြစ်ကြောင်း၊ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲများကိုမူ တိုင်းဒေသကြီး/ပြည်နယ်  ကော်မရှင်အဖွဲ့ခွဲက ကော်မရှင်ဥပဒေပုဒ်မ ၁၃ အရ ဖွဲ့စည်းရကြောင်း၊ ယခုလက်ရှိတွင်တိုင်း၊ ခရိုင်၊ မြို့နယ်များကို ဖွဲ့စည်းရန် Timeline  ချထားကြောင်း၊ ရွေးကောက်ပွဲ အကြိုကာလတွင် ဆောင်ရွက်ရသည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ ထို့ကြောင့်  ရွေးကောက်ပွဲအကြို ကာလလုပ်ငန်းစဉ်များတွင် အထက်ပါ ကိစ္စများကို သတ်မှတ်သည့် အချိန်ဇယားအတိုင်း ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးပါက တိုင်းကော်မရှင်မှ ရပ်/ကျေးကော်မရှင်ကို ဆက်လက်ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သည့်    မဲစာရင်းပြုစုရေးနှင့် ပတ်သက်လျှင်  ယခုအချိန်တွင် ဥပဒေကြောင်းအရ  ရပ်/ကျေးကော်မရှင်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသေးကြောင်း၊ မဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းနှင့် သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနစာရင်းတို့ကို မြို့နယ်ကော်မရှင်မှ ပေါင်းစပ်၍ မဲစာရင်းများကို ပြုစုရကြောင်း၊ လဝကမှရရှိသည့် ပုံစံ(၆၆/၆)စာရင်းများ၊ မှတ်ပုံတင်ထုတ်ပေးပြီးသူများ၏ မှတ်ပုံတင် စာရင်းများနှင့်   ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ကောက်ခံရရှိသည့် မြေပြင်လူဦးရေစာရင်းများကို တိုက်ဆိုင် စစ်ဆေးရကြောင်း၊ ထိုသို့တိုက်ဆိုင်စစ်ဆေးရာတွင်  နှစ်ဖက်စာရင်းဇယားများတွင် ကွဲလွဲချက်များ ရှိနေဆဲဖြစ်ကြောင်း၊ ထိုစာရင်းဇယားများ ညီစေရန်အတွက် စာရင်းများကောက်ယူ၍ နှစ်ဖက်စာရင်းဇယားများ တိုက်ဆိုင်စစ်ဆေးဆဲဖြစ်ကြောင်း၊ ထိုသို့တိုက်ဆိုင်စစ်ဆေးပြီး စာရင်းဇယားများညီညွတ်ပြီး   ဥပဒေနှင့်အညီ မဲပေးခွင့်ရှိသည့်သူများ၏ စာရင်းများရရှိပြီ ဆိုပါက ရွေးကောက်ပွဲ ကျင်းပသည့်ရက်တွင် အဆိုပါစာရင်းများဖြင့် မဲစာရင်းဟူ၍ ဖြစ်လာမည် ဖြစ်ကြောင်း၊ မဲစာရင်းဖြစ်လာပြီဆိုပါက  အဆိုပါ မဲစာရင်းများကို မိမိတို့ကော်မရှင်များက စိစစ်ရကြောင်း၊ ကပ်ထားရပါကြောင်း၊ ယခင်က၂ ကြိမ်ကပ်ထားကြောင်း၊ ထိုသို့ကပ်ထားသည့် အချိန်တွင် ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်း၊  အစားထိုးဖြည့်စွက်ခြင်း စသည့်လုပ်ငန်းများကို   ဥပဒေနှင့်အညီ ဆောင်ရွက်ရကြောင်း၊ ထို့ကြောင့် ရပ်/ကျေးကော်မရှင်၏ Function မှာ မရှိသေးကြောင်း၊ သို့သော် မိမိတို့အချိန်မီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ/နည်းဥပဒေပါအတိုင်း မဲစာရင်းများ  ပြည့်စုံမှန်ကန်ရေးအတွက် အခြေခံမဲစာရင်းများ တိုက်ဆိုင် စစ်ဆေးနေကြောင်း၊ အခြေခံလူဦးရေ စာရင်းကိုလည်း တိုက်ဆိုင် စစ်ဆေးနေကြောင်း၊  မဲဆန္ဒရှင် စာရင်းကိုလည်း သတ်မှတ်သည့် ကာလအတိုင်း ပြုစုမည်ဖြစ်ကြောင်း၊ ပြုစုပြီးစီးပါက စိစစ်သည့် လုပ်ငန်းကို ကော်မရှင် အဆင့်ဆင့်နှင့် ထိုဒေသတွင် အခြေစိုက်သည့်   နိုင်ငံရေးပါတီများ ပူးပေါင်း၍ စိစစ်မည်ဖြစ်ကြောင်း၊ ထိုသို့စိစစ်ပြီးနောက် ကပ်ထားပေးမည်ဖြစ်ကြောင်း၊ ကပ်ထားသည့်အချိန်တွင် ပြည်သူလူထုကကြည့်ရှု၍ တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ စိစစ်ပြီးပါက Final မဲစာရင်းကို ကပ်ထားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တွေ့ကြုံခဲ့ရသည့် မဲစာရင်းမှားယွင်းမှု ၁၁ ဒသမ ၃ သန်းခန့်ရှိခဲ့သည့်အတွက် အဆိုပါကိစ္စကို    အထူးသတိထား၍ သက်ဆိုင်ရာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊  ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ကြိုတင်ပူးပေါင်း၍ အကြိမ်ကြိမ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ယခုလက်ရှိတွင် ဆယ်အိမ်မှူး/ရာအိမ်မှူးများက မဲစာရင်းပြုစုနေသည်ကို တွေ့ရပါကြောင်း၊  သို့သော် အိမ်တိုင်းစေ့မရောက်ကြောင်း ထိုကိစ္စကိုလည်း သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခုလက်ရှိတွင် ရပ်/ကျေးမှစာရင်းများကို အဆင့်ဆင့်ပြုစု၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြပြီး မြို့နယ်မှတစ်ဆင့် တင်ပြထားဆဲသာရှိသေးကြောင်း၊ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက  စိစစ်သည့်အပိုင်း၊ မဲစာရင်းဖြစ်ရန် သတ်မှတ်သည့် အသက်ကာလများဖြင့် ပိုင်းဖြတ်ခြင်း အပိုင်းများကို မဆောင်ရွက် ရသေးကြောင်း၊ ဝန်ကြီးဌာနအလိုက်  လုပ်ငန်းစဉ်များသာ ရှိနေသေးကြောင်း၊ ထိုကိစ္စများကိုလည်း ပေါင်းစပ်ညှိနှိုင်း၍ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အချိန်မီဖွဲ့စည်း၍ အဆင်ပြေစေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar  Public  Press မှ အယ်ဒီတာ ကိုခန့်က   ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပမည်ဟု သိရကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် ပါတီအများစုမှာ ပါတီများ၏ မူဝါဒများ၊ စံနှုန်းများကို ပါတီ၏ဗဟို အလုပ်အမှုဆောင်များမှအပ အများပြည်သူသာမက ၎င်းင်းတို့၏ပါတီဝင်များပင်မသိရှိကြကြောင်း၊ ထိုအခြေအနေမှာ  ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများအတွက် မဖြစ်သင့်သည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အကျိုး၊     တိုင်းပြည်အကျိုးကို ထမ်းဆောင်ကြမည့်  ပါတီများအနေဖြင့် ပြည်သူလူထု သိရှိနိုင်ရန်အတွက် မိမိတို့ ပါတီ၏မူဝါဒများ၊ စံနှုန်းများ၊ ပြည်သူအပေါ် အလေးထားသည့် ကျင့်ဝတ်များ၊  မိမိတို့ပါတီအနေဖြင့် လွှတ်တော်အတွင်းသို့ အမတ်များအဖြစ် ရောက်ရှိပါက ပြည်သူများအပေါ် မည်ကဲ့သို့  ကောင်းကျိုးပြုမည် ဆိုသည်ကို ပြည်သူများ သိရှိနိုင်ရန် အလွန်အရေးကြီးသည့်အတွက် ပါတီများ၏ မူဝါဒများကို ပြည်သူများသိရှိစေရန် ချပြနိုင်ရန်အတွက် UEC အနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခု မေးခွန်းကို ပြန်လည်ဖြေဆိုရမည်ဆိုပါက ပါတီများ၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ သဘောထားများနှင့် ပတ်သက်လျှင် မိမိအနေဖြင့် နှစ်ပိုင်းခွဲ၍ ပြောမည်ဖြစ်ကြောင်း၊ ပထမအပိုင်းမှာ ပါတီများ၏ အပိုင်းဖြစ်ကြောင်း၊ ပါတီများသည် ၎င်းတို့၏ ပါတီစည်းရုံးရေးနှင့် မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်ရကြောင်း၊ ပါတီတည်ထောင်ပြီးနောက်ပိုင်း မှတ်ပုံတင်ခွင့်ရရှိပြီးပါက ပါတီ၏ စည်းရုံးရေးကို ၎င်းတို့၏ပါတီအတွင်း ဆောင်ရွက်ခွင့်ရှိကြောင်း၊ အလားတူ မဲဆွယ်စည်းရုံးရေးကာလတွင် လှည့်လည်စည်းရုံး ဟောပြောသည့် လုပ်ငန်းစဉ်များနှင့်  မီဒီယာမှ စည်းရုံးသည့် လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ ပါတီစည်းရုံးရေး လုပ်ဆောင်ရာတွင် လည်းကောင်း၊ မဲဆွယ်စည်းရုံးရေး ကာလအတွင်း  မဲဆွယ်စည်းရုံးရာတွင်လည်းကောင်း၊ မိမိပါတီ၏မူဝါဒများ၊ သဘောထားများနှင့် လုပ်ငန်းစဉ်များကို ထုတ်ပြန်ခြင်း၊ ပြောကြားခြင်း၊ ကြေညာခြင်းများကို ဆောင်ရွက်၍ရကြောင်း၊ ဆောင်ရွက်လျက် လည်းရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် ဥပဒေပုဒ်မ ၅ အရ တင်ပြရာတွင်လည်း ပါတီအမည်နှင့် အလံ၊ တံဆိပ်၊ တည်ထောင်လိုသောပါတီ၏ နိုင်ငံရေး သဘောတရားနှင့်လုပ်ငန်းစဉ်များ၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံတို့အပြင် အခြားပါရှိရမည့် အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ပေးပို့ရကြောင်း၊   ထိုအချက်အလက်များကို စိစစ်၍ ပါတီမှတ်ပုံတင်ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ထိုသို့မှတ်ပုံတင်ခွင့်ပြုပြီးပါက ၎င်းပါတီနှင့် ပတ်သက်သည့် အချက်အလက်များကို UEC ၏ Website ရှိ ပါတီများ အခန်းကဏ္ဍတွင် အဆိုပါပါတီ၏ အလံတံဆိပ်၊ ခေါင်းဆောင်၊ ပါတီ၏ဖွဲ့စည်းပုံ စည်းမျဉ်းအစရှိသည့် အချက်အလက်များကို လေ့လာသိရှိနိုင်ကြောင်း၊  ပါတီဝင်များကို ရွေးကောက် တင်မြှောက်နိုင်မည့် အရည်အသွေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်များလည်း ရှိကြောင်း၊ ပါတီဝင်အဖြစ် စုဆောင်းရမည့်သူများ၏ အရည်အသွေး၊   အရည်အချင်းများနှင့် ပါတီဝင်အဖြစ် စုဆောင်းခြင်း မပြုရသူများနှင့် ပတ်သက်သည့် သတ်မှတ်ချက်များလည်း ရှိကြောင်း၊    အလားတူ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အနေဖြင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများနှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများဟူသည့် သတ်မှတ်ချက်များလည်းရှိကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊  နည်းဥပဒေများတွင် သတ်မှတ်ချက်ရှိကြောင်း၊ ထိုသတ်မှတ်ချက်များနှင့်အညီသာ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပါဝင်၍   ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post သတင်းဌာနမှ  အယ်ဒီတာချုပ် နောင်တော်လေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ကျောင်းပြန်ဖွင့်သည့် လုပ်ငန်းစဉ်များသည် ပြည်သူများအတွက် လိုအပ်ချက်ဖြစ်သည်ဆိုသည်မှာ ပြောစရာ မလိုပါကြောင်း၊ သို့သော် အကြမ်းဖက်ဘေးအန္တရာယ် မကင်းသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်ကဲ့သို့ ဒေသများ၌   ကျောင်းများကို မဖြစ်မနေ ဖွင့်ခိုင်းမည်လား၊ ကျောင်းသား၊ ကျောင်းသူများနှင့်  ဆရာ၊ ဆရာမများ အန္တရာယ်ကင်းရှင်းရေးအတွက်   အကြမ်းဖက်ဘေးအန္တရာယ် အခြေအနေများအရ ဆောင်ရွက်မည်လား သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့အနေနှင့်   ကျောင်းများကို  တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် လုံခြုံရေးအခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းများလည်း ရှိကြောင်း၊  တချို့ကျောင်းများမှာ ဆရာ၊ ဆရာမများကလည်း   ကျောင်းဖွင့်လိုကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများကလည်း တက်ရောက်လိုကြောင်း၊ သို့သော်လည်း လက်ရှိအချိန်တွင် ကျောင်းများကို သာ  ပစ်မှတ်ထား နှောင့်ယှက်ဖျက်ဆီးနေသည်ကို  တွေ့ရကြောင်း၊   ယခင်နှစ်ကလည်း   မိမိတို့ကြုံတွေ့ရပြီး ဖြစ်ကြောင်း၊ မိမိတို့ကျောင်းဖွင့်ရန်  ဆောင်ရွက်ခဲ့ရာတွင် ဆရာ၊ ဆရာမများ၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ ဖြစ်သည့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နှင့်ရပ်မိရပ်ဖ  အဖွဲ့အစည်းများ၊ ထို့အပြင် ယခင်နှစ်က စစ်မှုထမ်းဟောင်း များပါ Volunteer  အနေနှင့်် ဝင်ပြီးလုပ်ဆောင်သည်များ ရှိကြောင်း၊ ယခုနှစ်တွင်လည်း  လိုအပ်သည့် နေရာများတွင် ကျောင်းများကို အန္တရာယ်ကင်းကင်းနှင့် ဖွင့်လှစ်နိုင်ရန် ပြည်သူလူထုပါဝင်သည့် စနစ်များ၊ မိမိပြောခဲ့သည့်  Volunteer များ၊  စစ်မှုထမ်းဟောင်းများ ပါဝင်သည့်စနစ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်အားလုံးပူးပေါင်းပြီး   ဆောင်ရွက်သွားရန်ရှိကြောင်း၊ မိမိအနေနှင့်  ထပ်မံမေတ္တာရပ်ခံလိုသည်မှာ ထိုကိစ္စသည် ပြည်သူလူထုတစ်ရပ်လုံးအနေနှင့်လည်း စဉ်းစားရမည်ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံပညာရေး ကဏ္ဍတွင် မည်သို့ဖြစ်ခဲ့သည်၊ မည်မျှနိမ့်ကျနေပြီ ဆိုသည်ကို အချက်အလက်များ၊ အထောက်အထားများနှင့် မိမိတို့ပြောပြီး ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လက်တွေ့ကျကျ စဉ်းစားကြည့်မည်ဆိုလျှင် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ  လုပ်ကိုင်ခြင်းသော် လည်းကောင်း၊ ပညာရပ်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍   အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်ခြင်းသော်လည်းကောင်း၊ မည်သည့်လုပ်ငန်းများ လုပ်ကိုင်သည် ဖြစ်စေ  ပညာသင်ကြားခဲ့မှုနှင့် မသင်ကြားခဲ့မှုသည်  အလုပ်အကိုင်ရရှိမှုနှင့်   အခွင့်အလမ်းရရှိမှုများမှာ ကွာခြားသွားမည် ဖြစ်ကြောင်း၊   ထိုကိစ္စများကို  ဂရုစိုက်ရမည်ဖြစ်ကြောင်း၊  ထိုသို့  ကျောင်းသား၊ ကျောင်းသူများကို နှောင့်ယှက်နေခြင်း၊ စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများကို နှောင့်ယှက်ခြင်းများသည်  မိမိတို့ အစိုးရကို  နှောင့်ယှက်နေခြင်း ဆိုသည်ထက် နိုင်ငံ၏ အနာဂတ်ကို နှောင့်ယှက်နေခြင်းပင် ဖြစ်ကြောင်း၊  မိမိပြောခဲ့သည့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင် ပြည်သူလူထု အနေဖြင့်လည်း တတ်နိုင်သည့်ဘက်က ပူးပေါင်း ပါဝင်ဆောင်ရွက်စေလိုကြောင်း၊ မီဒီယာအနေနှင့်လည်း  တတ်နိုင်သည့်ဘက်က ဝိုင်းဝန်း ကူညီပြီး  ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း၊  မိမိတို့အစိုးရအကျိုးအတွက် လုပ်ဆောင်ခိုင်းနေခြင်း မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံအကျိုး၊  ပြည်သူလူထုအကျိုးအတွက်  လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်   အားလုံးဝိုင်းဝန်း  ပူးပေါင်း လုပ်ဆောင်ကြပါစို့ဟု  ထပ်မံတိုက်တွန်းပြောလိုပါကြောင်း   ပြန်လည်ဖြေကြားသည်။

Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ဥက္ကာက   ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနှင့် ဆောင်ရွက်နေသည့်  ငြိမ်းချမ်းရေး ဆောင်ရွက်မှုများတွင် မည်သို့သောစိန်ခေါ်မှုများကို တွေ့ရှိရသည်၊ မည်သို့ကျော်ဖြတ် နေရသည်ကို သိလိုကြောင်း၊   ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သိလိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍  ကျောင်းသားများကို ထောက်ပံ့နေသည်မှာ အင်မတန်ဝမ်းသာဖို့  ကောင်းပါကြောင်း၊   ထိုထောက်ပံ့မှုသည် ယခုပထမနှစ်အစမှာသာ ထောက်ပံ့သွားမည်လား၊ ကျောင်းသားများ အခက်အခဲ ဖြစ်လေ့ဖြစ်ထရှိသည့် နှစ်ဝက်လို အချိန်မျိုးတွင်လည်း   ထောက်ပံ့သွားရန်ရှိလား၊ ပညာရေးထောက်ပံ့မှုများကို  အရပ်ဘက် အဖွဲ့အစည်းများနှင့်ပေါင်းပြီး   မည်သို့ချိတ်ဆက်၍    လုပ်ဆောင်ရန်ရှိသည်ကို သိလိုကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍  အကြမ်းဖက်မှုများက ရှိနေဆဲဖြစ်ကြောင်း၊ ထိုအကြမ်းဖက်မှုများ အပေါ်တွင် PDF ၊ NUG တို့ ဘက်ကလည်း ဝါဒဖြန့်သည့်အနေနှင့်  ၎င်းတို့ နိုင်နေပြီ တပ်မတော် ကျရှုံးတော့မည်ဟု ပြောကြောင်း၊ ထိုအပေါ်တွင် မည်သို့ပြန်လည်ဖြေကြားပေးနိုင်မည်ကို သိလိုကြောင်း၊ သံတမန်ရေး နှင့်ပတ်သက်၍ သံတမန်ရေးဆောင်ရွက်နေသည့် ကိစ္စအပေါ်တွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေနှင့်  မည်သို့သော  အခက်အခဲစိန်ခေါ်မှုများရှိသည်၊ မည်သို့   ဆောင်ရွက်နေသည်ကို   သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆယ်နှစ်တာကာလအတွင်း သင်ခန်းစာယူရမည့် အကြောင်းအရာများကို  မိမိပြောခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုမှာ ယေဘုယျအားဖြင့် နှစ်မျိုးရှိကြောင်း၊  ထို ၂  မျိုးမှာ External Factors နှင့်  Internal Factors ဆိုသည့်  ပြည်တွင်း၊   ပြည်ပမှ လာသည့် အကြောင်းအရာ   နှစ်မျိုးဖြစ်ကြောင်း၊ ပြည်တွင်းနှင့် ပတ်သက်၍ မိမိတို့ ရင်ဆိုင်ရသည့် အဓိကစိန်ခေါ်မှုကို ယခင်သတင်းစာရှင်းလင်းပွဲတွင်လည်း   မိမိပြောခဲ့ပြီး ဖြစ်ကြောင်း၊  မိမိပြောခဲ့သည်မှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း အောင်မြင်မည်ဟု မိမိယုံကြည်ကြောင်း၊  အောင်မြင်မည်ဟု ယုံကြည်သည်မှာ မိမိတို့တွင် အချက်လေးချက်ရှိခြင်းကြောင့် ဖြစ်ကြောင်း၊ နံပါတ်(၁)မှာ အတွေ့အကြုံနှင့် ပတ်သက်၍ မိမိတို့တွင်ရှိကြောင်း၊  နံပါတ်(၂)မှာ ပေးလာသည့်အချိန်အခါနှင့် ပတ်သက်၍ လုပ်နည်းများ၊ လုပ်နိုင်ခြင်း၊ ဆောင်ရွက်နိုင်ခြင်းများ မိမိတို့တွင်ရှိကြောင်း၊  အချိန်ကာလအားဖြင့်   မိမိတို့ဘက်တွင် ရှိကြောင်းကို ပြောခဲ့ကြောင်း၊ အဓိက မိမိတို့ထပ်မံဖြည့်ဆည်းရမည်မှာ ပြည်သူလူထု၏ ပါဝင်မှုနှင့် ပတ်သက်၍ဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထောက်ခံခြင်းများတွင် ပြည်သူလူထုပါဝင်လာမှု မြင့်တက်လာသည်များ ရှိကြောင်း၊ သို့သော် ပြည်တွင်း၌  အဓိက ကြုံတွေ့ရသည့် အခက်အခဲမှာ နံပါတ်(၁)အချက်အနေနှင့် တချို့တိုက်ရိုက်ပါဝင်ပတ်သက်သူများ ကိုယ်တိုင်သိလျက်နှင့် မသိချင်ယောင်ဆောင်ခြင်း၊  နံပါတ်(၂)အချက်အနေနှင့် မကြားချင်ယောင်ဆောင်ခြင်း ဖြစ်ကြောင်း၊ မသိချင် ယောင်ဆောင်ခြင်းနှင့် တိုက်ရိုက်ပါဝင်ပတ်သက်သူများကိုယ်တိုင် မကြားချင်ယောင်ဆောင်ခြင်းမှာ  အဓိကအခက်အခဲ ဖြစ်ကြောင်း၊ မိမိဆိုလိုသည်ကို ထပ်ရှင်းအောင်ပြောရမည်ဆိုလျှင်  တိုက်ရိုက်ပါဝင် ပတ်သက်သည့်   သူဆိုသည်မှာ ငြိမ်းချမ်းရေးမှာ  ပါဝင်ပတ်သက်သည့်သူ အားလုံးထက်ပိုပြီး ပါဝင်ပတ်သက်သည့် သူမည်သူရှိမည်လဲဟု   ယခင်သတင်းစာရှင်းလင်းပွဲတွင် မိမိပြောခဲ့ပါကြောင်း၊ တချို့နေရာများတွင်  ယခင်ကတည်းကတိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်  အနိမ့် အမြင့်အတက်အကျများ ရှိခဲ့သကဲ့သို့ တချို့နေရာများတွင် EAO အဖွဲ့အစည်းများ ကိုယ်တိုင်က ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တောင်းဆိုထားသည့်အချက်အလက်များ ရှိကြောင်း၊ တောင်းဆိုထားသည့် အချက်အလက်ဆိုသည်မှာ ဥပမာ NCA စာချုပ်ဖြစ်ပေါ်လာရန်အတွက် လိုင်ဇာ၊ KIA ၌ အခြေခံခဲ့ကြောင်း၊ NCA စာချုပ်ကို ထပ်မံ အဆင့်မြှင့်တင်ခြင်းများ၊ NCA  စာချုပ် အတည်ပြုခြင်းများကို လော်ခီးလာ၊ KNU တွင် အတည်ပြုခဲ့ကြောင်း၊ ယခုငြိမ်းချမ်းရေး ဆွေးနွေးရာတွင်  KNU၊ KIA မပါကြောင်း၊ မိမိတို့ ဆွေးနွေးနေသည်များမှာ ၎င်းတို့ ရေးဆွဲခဲ့သည့်အတိုင်း ဆွေးနွေးနေခြင်း ဖြစ်သော်လည်း  ၎င်းတို့ မပါသည်မှာ မသိချင်ယောင်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ မကြားချင်ယောင်ဆောင်ခြင်း ဆိုသည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ဖိတ်ခေါ်ခဲ့ကြောင်း၊  တချို့အဖွဲ့များမှာ ပေါ်ပေါ်တင်တင်မတက်ဘူးဆို၍   ထုတ်ပြန်ခဲ့ကြောင်း၊ တချို့အဖွဲ့များမှာ တက်မည်ဟုလည်း မပြောကြောင်း၊  မတက်ဘူးဟူ၍လည်း မပြောသည့်အတွက်  မကြားချင်ယောင်ဆောင်ခြင်း ဖြစ်ကြောင်း၊ ၎င်းင်းသည် မိမိတို့အတွက်  အဓိကအခက်အခဲဖြစ်ကြောင်း၊ မိမိတို့ပြည်သူလူထု မီဒီယာများနှင့် လုပ်ရမည်မှာ   မသိချင်ယောင် ဆောင်သည့်သူများကို သိအောင် မိမိတို့က မျက်စိဖွင့်ရလိမ့်မည်ဖြစ်ကြောင်း၊  မကြားချင်ယောင် ဆောင်နေသည့်သူကို ကြားအောင် မိမိတို့ပြောပေးရလိမ့်မည် ဖြစ်ကြောင်း၊ ထိုကိစ္စများသည် မိမိတို့အစိုးရ၏ တာဝန်ဖြစ်သကဲ့သို့ ပြည်သူလူထု အားလုံးကလည်း ပါဝင်ရန် အရေးကြီးကြောင်း၊ မည်သည့်အတွက်ကြောင့် ဆိုသော်  မြန်မာနိုင်ငံ၏အဓိက   အခက်အခဲပြဿနာများသည် ယင်းအပေါ်တွင် မူတည်နေခြင်းကြောင့် ဖြစ်ကြောင်း၊ နံပါတ်(၂)အချက်မှာ ပညာရေးဖြစ်ကြောင်း၊  ပညာရေးထောက်ပံ့မှုများနှင့် ပတ်သက်၍ အကြမ်းဖျင်း မူဝါဒပြောပြလိုကြောင်း၊ ပြဋ္ဌာန်းစာအုပ်များသည် မိမိတို့ငယ်ငယ်တုန်းကဆိုလျှင် အဟောင်းပြန်ကိုင်ရခြင်းများရှိကြောင်း၊ သက်သာသည့် ဈေးနှုန်းနှင့်  ဝယ်ရသည်များရှိကြောင်း၊ ယခုအချိန်တွင် ကျောင်းသား၊ ကျောင်းသူအားလုံးကို ပညာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အစိုးရအနေဖြင့်  ပြဋ္ဌာန်းစာအုပ် အသစ်ကိုသာ  ကိုင်ခိုင်းကြောင်း၊ ထိုသို့ စာအုပ်အသစ်ကိုင်နိုင်ရန်အတွက်  နှစ်စဉ်နှစ်တိုင်းပုံနှိပ်ကြောင်း၊   နှစ်စဉ်နှစ်တိုင်း ပို့ဆောင်ရကြောင်း၊   ထိုအရာများကို အကြမ်းဖက်သမားများက  ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊  မီးရှို့ဖျက်ဆီးခြင်းများ၊ ပိုက်ဆံကောက်ခြင်းများရှိကြောင်း၊  မူလတန်းကလေးများဆိုလျှင် ကျောင်းဝတ်စုံကအစ ထောက်ပံ့ပေးသည့်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနှင့်  မည်မျှအထိ  ဂရုစိုက်သလဲ ဆိုလျှင် ကျောင်းဝတ်စုံများကို  အရည်အသွေးမမီသည်များ ဖြစ်မည်စိုးသဖြင့်   တပ်မတော်အထည်ချုပ် စက်ရုံများမှ  ကျောင်းဝတ်စုံများကို   အဆင့်မီမီရက်လုပ် ပေးနိုင်ရန်၊ ချုပ်လုပ်ပေးနိုင်ရန် အလေးထား လုပ်ဆောင်လျက် ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့သည်မှာ  တပ်မတော်တွင် မူဝါဒတစ်ခုအဖြစ်ရှိကြောင်း၊ တပ်မတော်တွင်  မည်ကဲ့သို့ထောက်ပံ့သလဲဆိုလျှင် နှစ်အစတွင်  တစ်ခါ၊   နှစ်ဝက်တွင်တစ်ခါ ထောက်ပံ့ကြောင်း၊ နှစ်ဝက်တွင်ထောက်ပံ့သည့် အခါတွင်လည်း လိုအပ်မည့် ကျောင်းသုံးဗလာ စာအုပ်ကဲ့သို့ ကျောင်းသုံးပစ္စည်းများ၊    တတ်နိုင်သည့်နေရာများတွင် ကျောင်းဝတ်စုံများပါ  ထောက်ပံ့ကြောင်း၊ အနည်းဆုံး ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ အထောက်အကူပြု ပစ္စည်းများ  ထောက်ပံ့ပေးခြင်းများ ရှိကြောင်း၊ သတင်းထောက်ကြီးအနေနှင့်   ယခုလို   ကျောင်းသားများအတွက် မေးမြန်းပေးသည့် အတွက်ကို မိမိတို့အနေနှင့်လည်း ကျေးဇူးတင်ပါကြောင်း၊ ယခုပြောသည့်ကိစ္စများကို မိမိဆက်လက်သတင်းပို့ပြီး  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက   ဗိုလ်ချုပ်ပြောကြားသွားခဲ့ သကဲ့သို့ ကျောင်းသားများအတွက် အဓိက လိုအပ်ချက်ဖြစ်သည့်   ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များကို တစ်နှစ်စာ  အကြမ်းဖျင်းလုံလောက်မှု ရှိပါကြောင်း၊  ကျန်သည့်ထောက်ပံ့မှုအနေနှင့်  ပညာသင်ထောက်ပံ့ကြေးကို မြို့နယ် အလိုက်စိစစ်ပြီး   တင်ပြလာသည့်အခါ မိမိတို့   ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ အလှူရှင်များ ကလည်း ၎င်းတို့တွင်ရှိသည့်  Budget များနှင့် မိမိတို့က သက်ဆိုင်ရာဒေသများ၌   လိုက်လံထောက်ပံ့ ပေးလျက်ရှိကြောင်း ဖြည့်စွက် ဖြေကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍  PDF၊ NUG တို့က ၎င်းတို့နိုင်နေပြီ ဆိုတာမျိုးသည် ယခင်ကတည်းကတိုင်  ပြောနေခြင်း ဖြစ်ကြောင်း၊ မိမိအမြင်သည်  မိမိတို့အစိုးရ၏ မူဝါဒအတိုင်း ဖြစ်ကြောင်း၊ မိမိတို့အစိုးရ၏ မူဝါဒဆိုသည်မှာလည်း တပ်မတော်၏မူဝါဒသာဖြစ်ကြောင်း၊ တပ်မတော်သတင်းစာရှင်းလင်းပွဲများတွင်လည်း   မိမိခဏခဏပြောကြောင်း၊ EAO နှင့်မိမိတို့ တိုက်ပွဲဖြစ်သည်ဖြစ်စေ၊  မိမိတို့  မြန်မာနိုင်ငံသား အချင်းချင်းတိုက်ပွဲဖြစ်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ  သေရသည်မှာ    မိမိတို့၏ မြန်မာနိုင်ငံသားသာ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့် မလိုလားအပ်သည့် ဆုံးရှုံးမှုများကို မဖြစ်ပေါ်စေလိုကြောင်း၊ သို့သော် မိမိတို့အနေနှင့် ပြည်သူလူထု၏  အသက်အိုးအိမ်စည်းစိမ်များကို   တိုက်ခိုက် လာလျှင် အကြမ်းဖက်သမားအဖြစ်သတ်မှတ်ပြီး လိုအပ်သည့်လုပ်ဆောင်မှုများကို   လုပ်ရမည် ဖြစ်ကြောင်း၊ တစ်နေ့က ဝါဒဖြန့်သည့် ရုပ်ရှင်ကားတစ်ကား ကြည့်လိုက်ပါကြောင်း၊ ထိုအထဲတွင် ၎င်းတို့က အရှုံးမပေးမချင်း ငါတို့နိုင်တယ်ဆိုသည့် ဝါဒမျိုးကို ရိုက်သွင်းထားကြောင်း၊ မိမိတို့က   မည်သည်ကို သွားအမှတ်ရသလဲဆိုလျှင် ဗကပခေတ်က တပ်နီများကိုသွင်းပေးထားသော စကား ဖြစ်သည့် တိုက်ရဲရမည်၊  သေရဲရမည်၊ သတ်ရဲရမည်ဆိုသည့်စကားကို သွားသတိရ ကြောင်း၊   တိုက်ရဲရမည်၊ သေရဲရမည်၊ သတ်ရဲရမည်ဆို၍  မည်သို့ ဖြစ်ကုန်ကြသည် ဆိုသည်ကိုလည်း လက်တွေ့မျက်မြင်ပင်ဖြစ်ကြောင်း၊   အားလုံးထိခိုက်နစ်နာ ကြောင်း၊ ထိုသို့ဖြစ်သည့် အတွက်ကြောင့် ယခုကဲ့သို့ PDF များ  ယခုအချိန်အထိ ရှိနေသေးသည်ဆိုသည့်   မကွေးတိုင်းဒေသကြီး၊     စစ်ကိုင်းတိုင်းဒေသကြီး၊ ဆင်စွယ်ရွာ လူသတ်မှုကဲ့သို့ ပြည်သူလူထုနစ်နာခဲ့ရမှုများ ရှိကြောင်း၊ နောက်ဆုံး သတ်စရာမရှိ၍ အချင်းချင်း သတ်ခဲ့သည်များလည်း ရှိကြောင်း၊ ပဲခူးရိုးမပေါ်မှ ဖြုတ်၊ ထုတ်၊ သတ်လုပ်ငန်းစဉ်ဆိုသည့် အချင်းချင်းသတ်ခဲ့သည် များလည်းရှိကြောင်း၊ မိမိပြောလိုသည်မှာ နားထောင်ကောင်းသည့် စကားလုံးတိုင်းသည် စား၍ကောင်းသည့် စကားလုံးမဟုတ်ကြောင်း၊  နားထောင်၍ ကောင်းသော်လည်း  အဆိပ်သင့်သည့် အရာများ အများကြီးရှိသည်ဟု   မိမိပြောလိုကြောင်း၊ နားထဲတွင် နားထောင်၍ ကောင်းပါလိမ့်မည်၊ သို့သော် ရင်ထဲတွင် အဆိပ်သင့်ပါလိမ့်မည်၊ ထိုအရာများသည် ပြောမည်ဆိုလျှင်   အများကြီးရှိကြောင်း၊ ဥပမာ တပ်နီခေတ်တွင်   တရုတ်ပြည်၌ ၎င်းတို့ပြောခဲ့သည့် တော်လှန်ရေးကို သင်ယူခြင်းဖြင့် တော်လှန်ကြ ဆိုသည့်ဆောင်ပုဒ်သည်    တော်တော်လေးကို ခေတ်စား ခဲ့ကြောင်း၊ နောက်ဆုံး တော်လှန်ရေးကို သင်ယူခြင်းဖြင့်  တော်လှန်ကြ ဆိုသည့်ဆောင်ပုဒ်ကို လက်တွေ့ကျင့်သုံးလိုက်သည့်အခါတွင် စာသင်ခန်းများပိတ်ပြီး တစ်မျိုးသားလုံးအောက်ကျ၊ နောက်ကျ နှစ်ပေါင်းများစွာ ခံခဲ့ရသည်ဆိုပြီး သုံးသပ်ချက်ထုတ်ထားပါကြောင်း၊ နောင်တစ်ချိန်တွင်  သမိုင်းကစကားပြောလိမ့်မည် ဖြစ်ကြောင်း၊ အရှုံးမပေးမချင်း  ငါတို့နိုင်သည် ဆိုသည့်အရာသည်  နားထောင်ရာတွင် နားထောင်၍ ကောင်းချင်ကောင်းပါလိမ့်မည်၊   ဦးနှောက်နှင့်  နှလုံးသားထဲတွင် အကုန်လုံးအဆိပ်သင့်သည့်  စကားလုံးမျိုး ဖြစ်သည်ဟု မိမိပြောလိုကြောင်း၊ သံတမန်ရေးရာဆောင်ရွက်မှုအနေနှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ယခင်သတင်းစာရှင်းလင်းပွဲတွင်   ကျယ်ကျယ်ပြန့်ပြန့်ပြောပြီးဖြစ်ကြောင်း၊  မိမိတို့နိုင်ငံသည်   အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ အချုပ်အခြာအာဏာပိုင်သည့် အစိုးရ အုပ်ချုပ်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့အနေနှင့် တခြားနိုင်ငံများကို တန်းတူရည်တူ ဆက်ဆံသကဲ့သို့၊ ကျန်သည့် နိုင်ငံများကလည်း မိမိတို့နိုင်ငံကို အဆင့်တူဆက်ဆံလာကြကြောင်း၊ ထိုသို့မဟုတ်ဘဲ  တခြားနည်းလမ်းတစ်ခုနှင့် တစ်မျိုးမျိုးတစ်ဖုံဖုံဆက်ဆံလာမည်ဆိုလျှင် မိမိတို့အနေနှင့် တူညီသည့် တုံ့ပြန်မှုမျိုးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဂုဏ်သိက္ခာ၊ မိမိအစိုးရ၏ ဂုဏ်သိက္ခာအတွက် နိုင်ငံခြား ဆက်ဆံမှုရေးရာတွင်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။

People  Media  Agency မှ သတင်းထောက်ချုပ်  ဦးကျော်စိုးဦးက NLD  အမတ်ဟောင်း ဖြိုးဇေယျာသော်နှင့်   ၈၈/ပွင့်လင်းမှ ကိုဂျင်မီတို့ အပါအဝင် အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများကို နိုင်ငံတော်က  သေဒဏ်အမိန့်ချမှတ် ထားသည်ရှိကြောင်း၊ အဆိုပါ သေဒဏ်အား နိုင်ငံတော်အနေဖြင့်   ကျင့်သုံးမည်လား သို့မဟုတ် သက်ညှာစွာဆောင်ရွက်သွားမည်လား သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   တရားဥပဒေနှင့်ပတ်သက်ပြီး  တရားစီရင်မှုတွင် တရားစီရင်မှု၏   သဘောတရား ဆိုတာရှိကြောင်း၊ တရားစီရင်မှုတွင်  အခွင့်အရေးနှင့် တာဝန်ရှိမှုကို   ဖော်ထုတ်ခြင်းဖြစ်ကြောင်း၊  အခွင့်အရေးနှင့် တာဝန်ရှိမှုတွင် တရားမမှုမှာသာမက   ရာဇဝတ်မှုတွင်လည်းရှိကြောင်း၊ အခွင့်အရေးဆိုသည်မှာ အသတ်ခံရလျှင် အသတ်ခံရသူတွင်လည်း အခွင့်အရေးရှိကြောင်း၊ အလုပ်ခံရလျှင် အလုပ်ခံရသူတွင်လည်း  အခွင့်အရေးရှိကြောင်း၊ တာဝန်ရှိမှုဆိုသည်မှာ   ထိုသို့လုပ်ဆောင်ခဲ့သူက မည်သို့တာဝန်ရှိသည်ဆိုသည်ကို   ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆုံးဖြတ်ရာတွင် အချက်အလက်အပေါ် အမှီပြုရကြောင်း၊  ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး  ရာဇသတ်ကြီး ဆိုသည်မှာ မင်း၏အမိန့်ကို ဆန့်ကျင်သူအား အရေးယူအပြစ်ပေးခြင်းဖြစ်ကြောင်း၊ ရာဇသတ်ကြီးကို ၁၈၆၁ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အာဏာတည်ခဲ့ပြီး   ယနေ့အထိလည်း အာဏာတည်ကျင့် သုံးလျက်ရှိကြောင်း၊ ရာဇသတ်ကြီးသည် မည်သည့်အရပ်ဒေသတွင် ရှိနေသည့်  ပြည်ထောင်စုနိုင်ငံသား ကျူးလွန်သည့် ပြစ်မှုများအားလုံးသက်ဆိုင်ကြောင်း၊ ရာဇသတ်ကြီးထဲတွင်  ထိုသို့ရေးလျှင်   ထိုသို့လုပ်ပိုင်ခွင့်ရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသည့်ဖြစ်ရပ်များသည် PDF အမည်ခံ အကြမ်းဖက် သမားများ၊ မြို့ပေါ်တွင်နေထိုင်သည့်   အကြမ်းဖက်သမားများက ပြည်သူလူထုကို   ရက်ရက် စက်စက်သတ်ဖြတ် ခဲ့ကြကြောင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းကိုအားလုံးအသိပင်ဖြစ်ကြောင်း၊  ရည်ရွယ်ချက် ရှိရှိဖြင့်  သတ်ဖြတ်ခြင်းများလည်းရှိကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး သေဒဏ်ပေးမှု၊ မပေးမှုများနှင့် ပတ်သက်ပြီး ပြောလိုသည်မှာ  မိမိတို့အစိုးရ အနေဖြင့် ပြစ်မှုနှင့်ညီသည့်  ပြစ်ဒဏ်ကိုပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း   ပြန်လည်ဖြေကြားသည်။

Golden  Hand News ဂျာနယ် အယ်ဒီတာချုပ် ဦးလှဆွေက မိမိမေးမြန်းသည့်   မေးခွန်းသည်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့်   ပတ်သက်ကြောင်း၊ နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် အကြမ်းဖက်ဘေးရှောင်လူအင်အား ၂၃၀ ရောက်နေကြောင်း၊ ၎င်းတို့သည်  တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုမှ ရောက်လာကြသူများ ဖြစ်ကြောင်း၊ ထိုအထဲတွင်   ဝန်ထမ်း ၃၉ ဦးလည်းပါကြောင်း၊  အဆိုပါအဖွဲ့များသည် ၁ နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊   သို့သော် ဒီနေ့အချိန်အထိ  Focal Ministry  ဖြစ်သည့် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လာရောက်ကြည့်ရှုခြင်း၊ ထောက်ပံ့ခြင်းများ မရှိကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ကြိမ် ထောက်ပံ့ထားကြောင်း၊ အလှူရှင်များထံမှ  အလှူခံ၍ ကျွေးနေရကြောင်း၊ တကယ်တမ်းတာဝန်ရှိသည်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဟု မိမိအနေဖြင့် မြင်မိကြောင်း၊   အဆိုပါ အဖွဲ့များအထဲတွင် ဝန်ထမ်း ၃၉ ဦး ပါဝင်ကြောင်း၊  ယင်းဝန်ထမ်းများ သည်လည်း သက်ဆိုင်ရာ  DG ၊ MD များကို သွားရောက် ပြောပြပြီး မိမိတို့ကို နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်ရှိ သက်ဆိုင်ရာရုံးများတွင် တွဲဖက်ပေးရန်၊ ပြောင်းရွှေ့တာဝန် ထမ်းဆောင် စေခြင်းများ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ဝန်ထမ်းတချို့မှာရရှိပြီး တချို့မှာမရရှိခဲ့ကြကြောင်း၊ မိမိဖြစ်စေလိုသည်မှာတာဝန်ရှိသည့်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ထိုအကြမ်းဖက်ရှောင်သူများကို သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များမေးမြန်းစေလိုကြောင်း၊  ထို ၂၃၀ သောလူများသည် အားလုံးပြည်ခိုင်ဖြိုး ပါတီဝင်များ  မဟုတ်ကြောင်း၊ ပါတီဝင်သည် ၃၀ ရာခိုင်နှုန်းသာ ရှိပြီး ကျန်သူများသည်ကြားလူများ ဖြစ်ကြောင်း၊ သို့သော် အားလုံးသည် အသတ်ခံထားရသူများဖြစ်ကြောင်း၊  ၅ လောင်းပြိုင်အသတ်ခံထားရသူများ၏ မိသားစုများပါဝင်သလို  တချို့မှာ  မိဘနှစ်ပါးစလုံးအသတ်ခံရသဖြင့် မောင်နှမနှစ်ယောက်သာကျန်သူများလည်း ပါဝင်ကြောင်း၊  အသက် ၈၀ မှ မွေးကင်းစကလေးငယ်အရွယ်အထိ  ပါဝင်ကြောင်း၊ အဆိုပါလူ ၂၃၀ အား Focal Ministry မှတာဝန်သူများက လာရောက်တွေ့ဆုံပြီး ဝန်ကြီးဌာနများနှင့် ယင်းအဖွဲ့ထဲမှဝန်ထမ်းများနှင့်  ဆက်သွယ်ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ပေးစေလိုကြောင်း၊ အချို့ပင်စင်စားအငြိမ်းစားကြီးများဆိုလျှင် ပင်စင်မထုတ်ရသည်မှာ  ၁၀ လရှိပြီဖြစ်ကြောင်း၊ ပင်စင်သည် တစ်နှစ်ကျော်၍  သတ်မှတ်ကာလ ကျော်လွန်သွားပါက ပြန်လျှောက်ရသည့်  လုပ်ထုံးလုပ်နည်းများရှိကြောင်း၊ ၎င်းင်းတို့အနေဖြင့် မိမိတို့ပင်စင်ကို နေပြည်တော်သို့ လွှဲပေးစေလို၍  တောင်းဆိုရာ တစ်ဖက်မြို့နယ်မှ လွှဲပေးခြင်းမရှိဟု သိရကြောင်း၊ ယင်းကိစ္စများအား  ဝန်ကြီးဌာနအနေဖြင့်  ပင်စင်ဦးစီးဌာနနှင့် ညှိနှိုင်း၍ လုပ်ဆောင်ပေးမည်ဆိုပါက  အင်မတန်မှကောင်းမွန်ကြောင်း၊   ခိုးဝင်လာသည့် ဘင်္ဂါလီများအတွက်  လစဉ်ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်ဖြင့် ထောက်ပံ့နေသေး သည်ဟုသိရကြောင်း၊   ယခုကဲ့သို့ နိုင်ငံသားများ  အကြမ်းဖက်ခံရ၍ ရောက်ရှိလာသည့် ပုဂ္ဂိုလ်များကို   ပစ်မထားသင့်ဘူးဟု မိမိအနေဖြင့်ထင်မိကြောင်း၊ ၎င်းသည်   လတ်တလောကိစ္စဖြစ်ကြောင်း၊ ရေရှည်တွင် ထိုသူများသည် မိမိတို့နေရပ်သို့ပြန်ရန် အခက်အခဲများလည်းရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော်  ၎င်းတို့၏ နေအိမ်များ မီးရှို့ခံရခြင်း၊ မိသားစုဝင်များမှာလည်း အသတ်ခံရခြင်းများကြောင့်  ယင်းတို့မှာ အနာဂတ်ပျောက်ဆုံးနေသူများကဲ့သို့ဖြစ်နေကြောင်း၊  ယခင်ကလည်း  ယခုကဲ့သို့ ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း၊  သခင်စိုးကြီးခေတ်တွင် ကျောရွာမှလူများအသတ်ခံရ၍ ထိုဒေသမှလူများကို  ဂန့်ဂေါမြို့ပေါ်တွင် နေရာပေးထားပြီး  ကျောတိုက်ရပ်ကွက်ဆိုပြီး ဖြစ်လာကြောင်း၊ အလားတူ ဗကပ သခင်သန်းထွန်းခေတ်က  အလယ်ရိုးမ၌ ဖြုတ်ထုတ်သတ်လုပ်သည့်အခါ တောင်ပေါ် ၁၄ ရွာကိုရွှေ့၍ ဖဒိုနားတွင်  ရွာတည်ပေးခဲ့ရာ လက်ရှိတွင် မြို့ဖြစ်နေပြီ ဖြစ်ကြောင်း၊ ထို့အတူ လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် လာရောက်နေထိုင်နေကြရသူများအတွက် နေပြည်တော် တွင်နေထိုင်ရန် မြေနေရာများ ချထားပေးနိုင်ခြင်း ရှိ^မရှိသိလိုကြောင်း၊ ၎င်းင်းတို့သည် မိမိတို့ဘာသာ  စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လိုကြကြောင်း၊ ယနေ့ငြိမ်းချမ်းလျှင် နောက်နေ့  မိမိတို့နေရပ်ကို ပြန်လိုသူများလည်း ရှိကြောင်း၊ လက်ရှိအခြေအနေတွင် မပြန်နိုင်ဖြစ်နေကြကြောင်း၊  မိမိတို့လွှတ်တော်ကိုယ်စားလှယ်   တာဝန်ထမ်းဆောင်စဉ်ကာလတွင်  မိမိကိုယ်စား ပြုသည့် နယ်မြေတွင်    မီးလောင်မှုဖြစ်ပွားရာ သက်ဆိုင်ရာ   ပြည်ထောင်စုဝန်ကြီးကို ပြောပြရာ ဝန်ကြီးက ကယ်ဆယ်ရေးပစ္စည်းခြောက်မျိုး၊ စောင်၊ ဒန်အိုးတို့  ချက်ချင်းပို့ပေးခဲ့ကြောင်း၊ လက်ရှိတွင် တစ်နှစ်ခန့်ရှိသော်လည်း ရေတိုစီမံကိန်း၊ ရေရှည်စီမံကိန်းတို့ ဆောင်ရွက်ပေးခြင်းမျိုးမရှိသေးကြောင်း၊  ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလိုပြောကြားပေးခြင်းအပေါ်  ကျေးဇူးတင်ရှိကြောင်း၊ သို့မှသာ မိမိတို့အနေဖြင့် လုပ်ဆောင်ပေးရမည့် ကိစ္စများကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေး၍ ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန ကိုလည်း အသိပေးပြီးအမြန်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပင်စင်စားဝန်ထမ်းများနှင့် ပတ်သက်ပြီး   ၎င်းတို့၏ အမည်စာရင်းများနှင့် ဘဏ်ခွဲအမည်စာရင်း မိမိအားပေးစေလိုကြောင်း၊   ဘဏ္ဍာရေးဝန်ကြီးဌာနကို   ဆက်လက်ပေးပို့သွားပြီး သက်ဆိုင်ရာဘဏ်ခွဲများတွင်  ၎င်းင်းတို့၏ ပင်စင်လစာများ ထုတ်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့်  နယ်စပ်ရေးရာဝန်ကြီးဌာန၊   နယ်စပ်ဒေသတိုင်းရင်းသား ဖွံ့ဖြိုးရေးဦးစီးဌာန တို့တွင်လည်း ယင်းကိစ္စများနှင့် ပတ်သက်၍ မူဝါဒများချမှတ်ထားပြီးဖြစ်ကြောင်း၊  သဘာဝဘေးအန္တရာယ်၊ တိုက်ပွဲရှောင်များနှင့် ပတ်သက်ပြီး    မူဝါဒရှိပြီး ဖြစ်ကြောင်း၊   ဦးစားပေးအနေဖြင့် မိမိဒေသကိုမိမိပြန်လိုသည့်လူ၊ မိမိဒေသကို မပြန်လိုဘဲ နေရပ်အသစ်တွင် အခြေချနေထိုင်လိုသူများအတွက် ၎င်းဝန်ကြီးဌာနများတွင် မူဝါဒများရှိပြီး ဖြစ်ကြောင်း၊ အသေးစိတ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ရှင်းပြမည် ဖြစ်ကြောင်း၊   ယင်းမူဝါဒများတွင်လည်း အကျုံးဝင်ခြင်းကြောင့်    မိမိအနေဖြင့် အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဓိကအားဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ထောက်ပံ့ခြင်းများ ဆောင်ရွက်နေကြောင်း၊ လတ်တလော ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိမိတို့ဝန်ကြီးဌာနမှ သဘာဝဘေးဖြစ်စဉ်များတွင် ထောက်ပံ့သည့် ပုံစံဖြင့် ထောက်ပံ့လျက်ရှိကြောင်း၊ ထိုသို့ထောက်ပံ့ရာတွင် သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ် အစိုးရမှ ရရှိသည့်  သတင်းအချက်အလက်များအပေါ် အခြေခံပြီး ထောက်ပံ့ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အပြင် သက်ဆိုင်ရာခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများမှ ဖြစ်စဉ်အပေါ် စိစစ်ပြီး မိမိတို့ကို သတင်းအချက်အလက်ပေးကြောင်း၊  ယင်းအချက်အလက်အပေါ် စိစစ်ပြီးဆောင်ရွက် နေကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ထောက်ပံ့ခဲ့သည့် အခြေအနေများကို   တင်ပြရလျှင် လတ်တလော အကြမ်းဖက် ဖြစ်စဉ်များကြောင့် ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ်    ၁၁ ခုတွင်   တိမ်းရှောင်အိမ်ထောင်စု ၂၂၀၀၀ ကျော်ရှိပြီး  လူဦးရေ  ၁၃၀၀၀၀ ကျော်ကို ထောက်ပံ့ထားပြီး ဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့်သေဆုံးသူ ၂၄၃ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၅၄ ဦးရှိကြောင်း၊ မီးလောင်ပျက်စီးသွားသည့်  ဘာသာရေးကျောင်း ၅ ကျောင်း၊ နေအိမ် ၁၂၅၅ လုံးအတွက်ကိုလည်းထောက်ပံ့ထားကြောင်း၊ ထောက်ပံ့ရာတွင် တိမ်းရှောင်သူများအတွက် ဆန်/ရိက္ခာ အနည်းဆုံး ၇ ရက်စာထောက်ပံ့ပေးကြောင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအတွက်  ငွေကြေးထောက်ပံ့ကြောင်း၊   ပျက်စီးသွားသည့်နေအိမ်များအတွက်    အိမ်ဆောက်ပစ္စည်းများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ကြောင်း၊ ထိုသို့ထောက်ပံ့မှုအနေဖြင့် တစ်နှစ်အတွင်း ကျပ်သန်းပေါင်း ၅၈၈ သိန်းကျော် ထောက်ပံ့ထားကြောင်း၊ နေပြည်တော်အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း နေပြည်တော်ကို ရောက်ရှိလာသည့် ကယားပြည်နယ် အပါအဝင် အခြားဒေသများမှ တိမ်းရှောင်ရောက် ရှိလာသည့် အိမ်ထောင်စု ၁၃၆ စု၊ လူဦးရေ ၅၃၆ ဦးအတွက် စားနပ်ရိက္ခာ တစ်လစာနှင့်  ကယ်ဆယ်ရေးပစ္စည်းများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင်  ထောက်ပံ့ပေးထားကြောင်း၊ မိမိတို့ထောက်ပံ့ပေးထားသည့်အထဲတွင် ပါဝင်ခြင်း မရှိသေးပါက ဆက်လက်ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက်   ဒေါ်သဇင်ဦးက  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် အလေးအနက်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လာရောက် ဆွေးနွေးနေကြသည်မှာ ၄ ဖွဲ့မြောက်ရှိပြီဖြစ်ကြောင်း၊   NCA လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ ၃ ဖွဲ့အပြင်ဆွေးနွေးဆဲ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည် UWSP “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ အဖွဲ့မှ ဆွေးနွေးနေသည်ကို တွေ့ရကြောင်း၊   အဆိုပါအဖွဲ့ အနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်မှ လက်ရှိအချိန်အထိ တစ်လျှောက်လုံးငြိမ်းချမ်းရေး ရရှိခဲ့သည့်အပြင် တပ်မတော်နှင့်လည်း စစ်ရေးပြဿနာများ မရှိသည့် အဖွဲ့ဖြစ်ကာ အကြမ်းဖက် PDF များနှင့်လည်း ပတ်သက်ဆက်နွှယ်ခြင်း မရှိသည့်အတွက် UWSP နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ရလဒ်ကိုလည်း များစွာ မျှော်လင့်မိပါကြောင်း၊  ဆွေးနွေးဆဲကာလတွင် UWSP အနေဖြင့် Statement တစ်စောင်ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရကြောင်း၊ အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် UWSP အနေဖြင့် ပြည်ထောင်စုပြိုကွဲရေးအတွက် ၎င်းတို့အနေဖြင့် လုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် ပြည်ထောင်စုကြီးမှလည်း မည်သည့်အချိန်မျှခွဲထွက်မည် မဟုတ်ဟု ကတိပေးခဲ့ကြောင်း၊ သို့သော် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကို တောင်းဆိုထားသည်ကိုတွေ့ရကြောင်း၊ထို့ကြောင့် UWSP နှင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတို့   မည်သို့သော သဘောတူညီချက်များရှိထားပြီဆိုသည့် အခြေအနေနှင့် ၎င်းတို့ တောင်းဆိုချက်အပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဘက်မှ လိုက်လျောရန် အစီအစဉ် ရှိ/မရှိနှင့် အခြားအဖွဲ့များနှင့် မည်သို့သော သဘောတူညီချက်များ ရရှိပြီး ဖြစ်သည်ဆိုသည်ကို   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက UWSP နှင့် တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ထားတာကိုလည်း  မီဒီယာများ သိပြီးဖြစ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့့် UWSP ဒုတိယဥက္ကဋ္ဌတို့ တွေ့ဆုံရာတွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်နှင့် ပတ်သက်ပြီး တင်ပြခဲ့သည်များ ရှိကြောင်း၊ ဝ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးနှင့်  ပြည်နယ်  ၁၄ ခုနှင့် ဖွဲ့စည်းကြောင်း၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများ ရှိကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပါကမည်မျှနှင့် ဖွဲ့စည်းရမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများတွင် ခရိုင်မည်မျှပါရှိရမည် ဆိုသည့် ကန့်သတ်ချက်များပါရှိကြောင်း၊ ယင်းတို့သည် အခြေခံဥပဒေတွင် မပါသော်လည်း  အခြေခံဥပဒေကို  မူလရေးဆွဲစဉ်ကတည်းက အခြေခံဥပဒေရေးဆွဲချိန်တွင် ဆွေးနွေးခဲ့သည့်  အခြေခံအချက်အလက် များတွင် ပါပြီးဖြစ်ကြောင်း၊ ယင်းအပေါ် မူတည်ပြီး မိမိတို့က ဆောင်ရွက်ရကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားမှာဖြစ်ကြောင်း၊  ထိုစနစ်ကိုသွားရာတွင် အခြေခံဥပဒေ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရမည်ဆိုသည်ကို မူဝါဒအနေဖြင့် တပ်မတော်ဘက်က သဘောတူပြီး ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မီဒီယာတစ်ခုကို ပြောကြားပြီးဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားများဘက်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုလျှင် မိမိတို့နိုင်ငံသည် ယခင်ကတည်းကပြည်ထောင်စု အနေဖြင့်တည်ရှိခဲ့သည့်နိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် Holding Together နိုင်ငံဖြစ်ပြီး Holding Together နိုင်ငံမဟုတ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ခွဲမထွက်ခွင့်ဆိုသည့် အာမခံချက်ကို တောင်းဆိုခဲ့ကြောင်း၊   ခွဲမထွက်ဆိုသည့် အာမခံချက်ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီဆိုလျှင် ဘာများထပ်တောင်းစရာ လိုသေးသလဲဟု မိမိအနေဖြင့်ပြောခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဝ ကိစ္စနှင့် ပတ်သက်လာပြီး မူဝါဒအားဖြင့် ယခုလိုပုံစံမျိုး သို့မဟုတ် ယခုလိုပုံစံမျိုးထက်   ပို၍မြင့်သည့်ပုံစံမျိုးပေးနိုင်ရန်အတွက် ယေဘုယျမူဝါဒ အားဖြင့်ရှိပြီး ဖြစ်ပါကြောင်း၊ ယင်းဒေသတစ်ခုတည်းမဟုတ်ဘဲ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ယခုထက်ပိုမိုဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်းခွင့်များကို မူဝါဒအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊   မိမိပြောခဲ့သည့်   နိုင်ငံတိုင်းနိုင်ငံတိုင်းတွင်  ဒီမိုကရေစီစနစ်/ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် တစ်ပုံစံတည်း တစ်ထပ်တည်း မရှိနိုင်ကြောင်း၊   မိမိတို့နိုင်ငံ၏သမိုင်းကြောင်း၊ လူမျိုးရေး၊ ပြည်တွင်းရေး အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေတို့နှင့် လိုက်လျောညီထွေရှိပြီး  သင့်လျော်သည့် အကောင်းဆုံးဖြစ်သည့်ပုံစံ  လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ရန် ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း ဖြစ်ကြောင်း၊ယခုလုပ်ဆောင်နေခြင်းသည် ယင်းသို့လုပ်ဆောင်နိုင်ရန်အတွက် ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ အခြေခံဥပဒေတွင်အဓိကပြဋ္ဌာန်းထားသည်မှာ ပုဒ်မ-၄၃၆ (က)(ခ)တွင် အခြေခံဥပဒေကိုပြင်ဆင်ရန်အတွက် ၇၅ ရာခိုင်နှုန်းကျော်က(က)တွင်    သဘောတူရမည်ဖြစ်ကြောင်း၊ ထို့နောက် ဆန္ဒခံယူပွဲပြုလုပ်ပြီး ၅၀ ရာခိုင်နှုန်းကျော်က သဘောတူညီလျှင် ရရှိရမည်ဖြစ်ကြောင်း၊ အဆိုပါပုဒ်မများသည် ပုဒ်မပေါင်း  ၃၀၀ ခန့်ရှိမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်  နိုင်ငံတော်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်း ဖြစ်သောကြောင့် ယခုအချိန်တွင်  တပ်မတော်နှင့် သဘောတူညီမှု ရပြီးဆိုလျှင် နောင်လွှတ်တော်တွင် တိုင်းရင်းသားများ၏  အခွင့်အရေးနှင့်ပတ်သက်၍ တပ်မတော်က သဘောတူညီပြီးဖြစ်ကြောင်း၊ ထိုလွှတ်တော်အထဲရောက်ရှိလာမည့် လွှတ်တော် အမတ်များကလည်း သဘောတူကြမည်ဖြစ်ကြောင်း၊ ထို့ပြင်နိုင်ငံရေးပါတီများဖြင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊   နိုင်ငံရေးပါတီများနှင့် ဆွေးနွေးရခြင်းမှာ အဆိုပါနိုင်ငံရေး ပါတီများက နောင်တစ်ချိန်တွင် လွှတ်တော်ဖြစ်လာကြမည်ဖြစ်သောကြောင့် ၎င်းတို့၏ သဘောထားများကို ကြိုတင်စုစည်းခြင်းများ၊ ဆွေးနွေးခြင်းများ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး   အနှစ်ချုပ်ပြောရလျှင် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံပြီး ဖြစ်ကြောင်း၊  ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို အာမခံပြီးဖြစ်ကြောင်း၊ ယင်းမူဘောင် ၂ ခုထဲမှ ညှိနှိုင်းဆွေးနွေးတိုင်ပင် အဖြေရှာပြီး လုပ်၍ရသမျှ အရာများကို မူဝါဒသဘောထားအရ မိမိတို့ အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

One News Channel မှထုတ်လုပ်သူ ဦးသွင်ထူးအောင်က မကြာသေးခင်ကာလက အမေရိကန်သမ္မတသည် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့   သွားခဲ့သည်ကို တွေ့ရကြောင်း၊ ထိုခရီးစဉ်တွင် ဂျပန်နှင့်ကိုရီးယား ပြည်သူတချို့ဆန္ဒပြကြသည်ကို တွေ့ရကြောင်း၊ ထိုခရီးစဉ်တွင်အမေရိကန်သမ္မတအနေဖြင့် ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍   ထိုင်ဝမ်ကို  အကာအကွယ်ပေးမည့်ပုံစံ ပြောကြားသွားသည်ကိုတွေ့ရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး   မြန်မာအစိုးရ၏  ရပ်တည်ချက်မည်ကဲ့သို့ရှိသည်ကို   သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စတွင် အမေရိကန်သမ္မတ၏ ပြောကြားချက်များကို တချို့သတင်းများတွင် တွေ့ရကြောင်း၊ ထိုင်ဝမ်နှင့်ပတ်သက်လျှင် ယူကရိန်းနိုင်ငံနှင့်မတူဘဲ ထိုင်ဝမ်ကို အကာအကွယ်ပေးမည့် ပုံစံပြောခဲ့ခြင်း ရှိကြောင်း၊  အာရှပစိဖိတ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်း ရှိကြောင်း၊ တရုတ်နိုင်ငံဘက်က အာရှပစိဖိတ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာ သဘောတရားများနှင့် ပတ်သက်ပြီး တချို့စကားလုံးများသည် ထောင်ချောက်များ ဖြစ်သည်ဆိုသည့် သဘောမျိုးပြောကြားသည်ကို တွေ့ရကြောင်း၊   တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည်  မဟာဗျူဟာ ဆွေမျိုးပေါက်ဖော်နိုင်ငံများ ဖြစ်ကြောင်း၊ တစ်လျှောက်လုံးထိုသို့ ရပ်တည်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို စတင်ထူထောင်ပြီး ကြေညာသည့်နေ့တွင်  အစောဆုံး အသိအမှတ်ပြုသည့် နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်ကြောင်း၊ မိမိမှတ်မိသလောက် အစောဆုံးအသိအမှတ်ပြုသည့် နိုင်ငံများက ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံဖြစ်ကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် တစ်နေ့တည်းတွင် အချိန်ပိုင်းပဲကွာပြီး အစောဆုံး အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊  ယခင်ကတည်းကတိုင် NLD လက်ထက်တွင်   တရုတ်သမ္မတလာစဉ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ မိမိတို့တပ်မတော်သည် ထိုစဉ်ကတည်းက One  China  Policy  တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ်တွင် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း မိမိတို့မူဝါဒသည် မပြောင်းလဲကြောင်း၊ One  China  Policy  တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ်တွင် မိမိတို့ပြတ်ပြတ်သားသား ရပ်တည်မည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Bloomberg Myanmar သတင်းဌာနမှ သတင်းထောက် ဦးမြင့်ဇော်က လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ တက်နေပြီး လျှပ်စစ်မီးများကလည်း ပုံမှန်မရကြောင်း၊ မိမိတို့နေ့စဉ် အသုံးပြုနေသည့် အခြေခံစားသောက်ကုန် ပစ္စည်းများကလည်း ဈေးများတက်နေကြောင်း၊ ယခုအချိန်တွင် ဘဲဥတစ်လုံး ၃၀၀ ကျပ်ခန့်ဖြစ်နေကြောင်း၊  ဝင်ငွေထွက်ငွေမမျှတမှုများကြီးမားလာကြောင်း၊ ထိုအခြေအနေများကို နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေခြင်း နှစ်မျိုးရှိကြောင်း၊  နံပါတ်(၁)က ဈေးနှုန်းနှင့် ပတ်သက်ပြီး ပြောကြကြောင်း၊  နံပါတ်(၂)က ဝယ်လို့မရဘူးဆိုပြီး ပြောကြသည်များ ရှိကြောင်း၊ ဈေးနှုန်းများနှင့် ပတ်သက်ပြီး နှိုင်းယှဉ်ကြည့်လျှင် အိမ်နီးနားချင်းနိုင်ငံများနှင့်   အာရှတွင်း နိုင်ငံများ၏ ဈေးနှုန်းများရှိကြောင်း၊ ဆီဈေးနှုန်းတက်ခြင်းသည် တစ်ကမ္ဘာလုံးတွင်ဖြစ်နေကြောင်း၊ အာဆီယံနိုင်ငံများ၏ ဆီဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင်သိနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ဓာတ်ဆီတစ်လီတာ ၁ ဒသမ ၂ ဒေါ်လာရှိကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၃ ဒေါ်လာ၊ ထိုင်းနိုင်ငံတွင် ၁ ဒသမ ၅ ဒေါ်လာ၊ စင်ကာပူနိုင်ငံတွင် ၂ ဒသမ ၂ ဒေါ်လာ၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဒသမ ၄ ဒေါ်လာ၊ မလေးရှားနိုင်ငံနှင့်  ဘရူနိုင်းနိုင်ငံတို့တွင် သုည ဒသမ ၄ ဒေါ်လာ၊   လာအိုနိုင်ငံတွင်၁ ဒသမ ၆ ဒေါ်လာ၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁ ဒသမ ၂ ဒေါ်လာ ၊ ကမ္ဘောဒီးယား ၁ ဒသမ ၃ ဒေါ်လာ ထိုအာဆီယံ ၁၀ နိုင်ငံများထဲတွင် မြန်မာနိုင်ငံထက် ဈေးလျော့သည့်နိုင်ငံသည် မလေးရှားနိုင်ငံနှင့်  ဘရူနိုင်းနိုင်ငံတို့ ဖြစ်ကြောင်း၊ ကျန်သည့်နိုင်ငံများသည် မိမိတို့ နိုင်ငံထက် ဓာတ်ဆီဈေးနှုန်းကြီးကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့်    တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့၏ ဓာတ်ဆီဈေးနှုန်းကို နှိုင်းယှဉ်ကြည့်လျှင် တွေ့နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ဆီဈေးနှုန်း မတိမ်းမယိမ်း ဖြစ်နေသည့်နိုင်ငံများ၊ ဆီဈေးကြီးသည့်နိုင်ငံများရှိကြောင်း၊ ယင်းသည် နိုင်ငံတကာတွင် ဖြစ်ပျက်နေသည့် ဆီဈေးနှုန်းများ ဖြစ်ကြောင်း၊ ဆီဈေးနှုန်းများကို အစိုးရအနေဖြင့် အတတ်နိုင်ဆုံး သက်သာအောင် လုပ်ပေးနိုင်သည့် နည်းလမ်းနှစ်လမ်းရှိကြောင်း၊ နံပါတ်(၁)နည်းလမ်းက ဆီနှင့်ပတ်သက်ပြီး အခွန်နှုန်းဖြစ်ကြောင်း၊ အစိုးရကလည်း     ဓာတ်ဆီကိုမဝယ်ကြောင်း၊ ကုန်သည်များကပဲ ဝယ်ယူပြီး တင်သွင်းကြောင်း၊ တင်သွင်းလာပြီး ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ဆီနှင့်ပတ်သက်ပြီး   မိမိတို့အခွန်နှုန်းကို အနိမ့်ဆုံးဖြစ်အောင် လျှော့ချလုပ်ဆောင်ပေးထားကြောင်း၊   ဆီနှင့်ပတ်သက်ပြီး ကြိုက်သည့်နေရာတွင်ဝယ်၊ ဝယ်ပြီးလျှင် ဒေသအတွင်းတွင်ရှိသည့်   စင်ကာပူက MOPE ဈေးနှုန်းကို အခြေခံပြီး တွက်ချက်ကြောင်း၊ နေ့စဉ်ဖြစ်နေသည့် အခြေခံဈေးနှုန်း အပေါ်တွင် နံပါတ်(၁)က အခွန်ထပ်ပေါင်းကြောင်း၊ နံပါတ်(၂)က ပြည်တွင်း ခရီးအကွာအဝေးကိုဆိုလိုခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တွင်ရှိသည့် ဆီဈေးနှုန်းနှင့် မန္တလေးတွင် ရှိသည့် ဆီဈေးနှုန်းမတူနိုင်ကြောင်း၊  ခရီးအကွာအဝေးကိုကြည့်ပြီး  အနိမ့်ဆုံး၊ အမြင့်ဆုံးမည်သည့်ဈေးနှုန်းဖြင့် သတ်မှတ်ရမည်ဟူ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့စွမ်းအင် ဆီဈေးနှုန်းမငြိမ်သက်သဖြင့် မြန်မာနိုင်ငံတွင်း ဆီဈေးနှုန်းသည်    ကမ္ဘာ့စွမ်းအင်ဆီဈေးနှင့်အညီဖြစ်နေမည် ဖြစ်ကြောင်း၊ ဓာတ်ဆီ၊ ဒီဇယ်လုံလောက်မှုသည် ၁၆ ရက်နေ့အထိ အပြည့်အစုံတင်သွင်းပြီးပြီ ဖြစ်ကြောင်း၊   သို့သော်  လမ်းခရီး နှောင့်နှေးကြန့်ကြာနိုင်ခြင်း ရှိကြောင်း၊  တချို့က အချင်းချင်းအပြစ်ပြောကြကြောင်း၊ ကုန်သည်အနေဖြင့်    ယနေ့ပေါက်ဈေးအပေါ်မူတည်ပြီးတွက်ခြင်းဖြစ်ကြောင်း၊ တင်သွင်းလာသည့် ဈေးနှုန်းအပေါ်မယူဘဲ MOPE ပေါက်သည့်ဈေးပေါ်မူတည်ပြီး  အခွန်နှင့်ပေါင်းပြီး  ဈေးနှုန်းသတ်မှတ်ကြကြောင်း၊ တချို့နေရာများတွင် နောက်နေ့ဈေးနှုန်း တက်နိုင်သည့် အယူအဆဖြင့် လမ်းခရီးတွင် ကြန့်ကြာနေခြင်းမျိုးရှိကြောင်း၊ ပြည်တွင်း လမ်းခရီးတွင် ကြန့်ကြာနေခြင်းမျိုးလည်းရှိကြောင်း၊ ယင်းကိစ္စများကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊  သို့သော် ကုန်သည်များသည် အမြဲရှုံးနေသည်လားဆိုလျှင်  အမြဲမရှုံးကြောင်း၊  ၎င်းတို့ဝယ်လာသည့် ဈေးနှုန်းသည် ယနေ့ပေါက်ဈေးထက် နည်းနေလျှင်မြတ်ခြင်း၊ ယနေ့ပေါက်ဈေးသည် ၎င်းတို့ဝယ်လာသည့် ဈေးနှုန်းနှင့် မကိုက်လျှင်ရှုံးခြင်းများလည်းရှိကြောင်း၊  ထိုအကွာအဟကြားထဲမှာ  ရှုံးသည့်အချိန်တွင် တချို့ရပ်တန့်နေခြင်း မျိုးရှိကြောင်း၊  ထို့ကြောင့် အစိုးရအနေဖြင့်   ယင်းကိစ္စများကို မဖြစ်အောင် ထိန်းညှိဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်များတွင် ကမ္ဘာ့ကုန်ဈေးနှုန်းများကို လိုက်ပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အစိုးရအနေဖြင့် အတတ်နိုင်ဆုံးအပိုင်း ဖြစ်သည့်   အခွန်အနည်းဆုံး လျှော့ကောက်ခံခြင်း၊ ထိန်းညှိပေးသည့် လုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ဟု  မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

Trend ဂျာနယ်မှ  အယ်ဒီတာချုပ် ဦးဝဏ္ဏက KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လကို လွန်ခဲ့သည့် နှစ်ပတ်က အွန်လိုင်းစာမျက်နှာ၌   နယ်စပ်တစ်နေရာတွင် တုတ်ကောက်ကြီးဖြင့်တွေ့ရကြောင်း၊ KIA ခေါင်းဆောင် ထွက်လာသည့်အတွက် တုတ်ကောက်နှင့်လည်း ဖြစ်နေပြီး ကျန်းမာရေးမကောင်းကြောင်း၊ ယင်းကြောင့် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်ချုပ်ဂန်ရှောင်တို့က လွှဲယူတော့မည်လား၊ KIA သည် တပ်မတော် အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးကိစ္စများ လုပ်ဆောင်သော်လည်း ယခုထိမပါဝင်ကြောင်း၊ PDF များကို သင်တန်းပေးခြင်း၊ လက်နက်ထောက်ပံ့ခြင်းမျိုးလည်း ရှိကြောင်း၊ ၎င်းတို့နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့လုပ်ဆောင်မည်လဲဆိုသည်ကိုသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  လူမှုကွန်ရက်စာမျက်နှာပေါ်မှ  KIA  ခေါင်းဆောင် အင်ဘန်လသည် တံတားတစ်ခုပေါ်တွင် တုတ်ကောက်ဖြင့်  ရိုက်ထားသည့်ပုံကို တချို့တွေ့ရကြောင်း၊ တချို့က မှတ်ချက် အမျိုးမျိုးပေးကြကြောင်း၊ KIA တွင် ဂွမ်မော် တို့ကို   နေရာလွှဲပြောင်းပေးမည်ဆိုသည့် သတင်းများလည်း ကြားရကြောင်း၊ ၎င်းတို့ နှင့်ပတ်သက်ပြီး KIA ခေါင်းဆောင် ဓာတ်ပုံရိုက်ထားသည့် တံတားသည် တရားဝင်တံတားမဟုတ်ကြောင်း၊ နယ်စပ်ဒေသဖြတ်ကျော်မှုများတွင် တရားဝင်တံတားများရှိကြောင်း၊ ထိုသတင်းကို အများကြားနေကျအတိုင်း ကြားသိရကြောင်း၊ ခိုင်လုံသည့် သတင်း ဟုတ်၊ မဟုတ် မိမိတို့ စုံစမ်းလျက်ရှိကြောင်း၊ ခိုင်လုံသည့်သတင်းဖြစ်လျှင် မီဒီယာများကို အသိပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အားပေးအားမြှောက် လုပ်နေခြင်းများကိုလည်း တွေ့ရကြောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးမြောက်ပိုင်း၊ မန္တလေးမြို့တို့တွင် တွေ့လိုက်သည့် လက်နက်များသည်  ယင်းအဖွဲ့အစည်းက ထုတ်နေသည့်  လက်နက်များဖြစ်ကြောင်း၊ ၎င်းတို့ ကိုယ်တိုင်ဝင်ရောက်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမြောက်ဘက်၏ အောက်ပိုင်းအထိရောက်လာပြီး အကုန်လုံးက PDF များနှင့်ပူးပေါင်းကာ အဖျက်လုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ သတင်းများကိုရရှိလာလျှင် ဆက်လက်ပြောပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Voice of Myanmar သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက KNU အဖွဲ့မှ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တက်လိုသည့်အဖွဲ့၊ မတက်လိုသည့်အဖွဲ့ဟု သဘောထားကွဲလွဲနေသည်ဟု ကြားသိရကြောင်း၊ ၎င်းကိစ္စပေါ်တွင် KNU ဥက္ကဋ္ဌ အနေနှင့် ကျန်သည့် အဖွဲ့ဝင်များနှင့်လည်း အငြင်းပွားမှုများရှိသည်ဟု ကြားသိရကြောင်း၊ KNUက တက်ရောက်မည့်သူများ ရှိသည်ဟု ကြားသိရသည့်အတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သဘောထားကို သိလိုကြောင်း မေးမြန်းသည်။ ကျောင်းပြန်ဖွင့်လျှင် CDM ဆရာ၊ ဆရာမများပြန်လာမည် ဆိုပါက လစာဖြတ်မည်လား၊ ဖမ်းဆီးချုပ်နှောင်ထားမည်လား ဆိုသည်ကိုသိလိုပါ

ကြောင်း၊  အစားထိုး ဆရာ၊ ဆရာမများကို မည်သည့်အရည်အချင်းနှင့် ခန့်ထားသည်ကို သိလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏    လုံခြုံရေးအတွက် မည်သို့စီစဉ်ထားသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   KNU အဖွဲ့နှင့်ပတ်သက်ပြီး မိမိတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမတိုင်ခင် စတင်ဖိတ်ခေါ်ခဲ့စဉ်ကပင် သတင်းကြားသိရကြောင်း၊ ၎င်းတို့လည်း ကြေညာထားကြောင်း၊ KNU အဖွဲ့ထဲ၌ မဲခွဲဆုံးဖြတ်မှုများ၊ ဗဟိုကော်မတီမှ ဥက္ကဋ္ဌသာ တက်ရောက်ရန် သဘောတူပြီး ကျန်သည့်သူများ တက်ရောက်ရန်    သဘောထားတင်းမာပြီး တက်ရောက်ရန်သဘောထား မတူသည့်အတွက်ကြောင့်   ထိုကိစ္စနှင့် ပတ်သက်ပြီး မတက်ရောက်ဖြစ်ဟု သတင်းကြားသိရကြောင်း၊ ယခုနောက်ပိုင်းတွင်လည်း ထပ်မံပြီး   သဘောထား ကွဲလွဲကြသည်ဟု ကြားသိရကြောင်း၊ ထိုသတင်းကို မိမိတို့ အတည်မပြုနိုင်သေးကြောင်း၊ တက်လိုသည့် အဖွဲ့များလည်းရှိသည်ဟု ကြားသိရကြောင်း၊ မိမိတို့အနေနှင့်  KNU အဖွဲ့မှမဟုတ်ဘဲ ကျန်သည့် အဖွဲ့များကိုလည်း သဘောထားတစ်ခုတည်းဖြစ်ကြောင်း၊ မိမိတို့က ဖိတ်ခေါ်ထားသည့်အတိုင်း လာရောက်မည်ဆိုလျှင် မိမိတို့အနေနှင့် ကြိုဆိုလျက်ရှိကြောင်း၊ မိမိတို့က နံပါတ်(၁) ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားကြောင်း၊ နံပါတ်(၂) ပြည်ထောင်စုအကျိုးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ CDM ဆရာ၊ ဆရာမများနှင့်ပတ်သက်ပြီး မနေ့ကလည်း ထပ်မံ၍ အချိန်တိုးမြှင့်ပေးထားကြောင်း၊ စာရင်းအရ ၅၀၀၀ ကျော် ပြန်လည်ပြီး အလုပ်ဝင်ရောက်ရန် စာရင်းတင်သွင်း ထားသည်မှာ စာရင်းအရ ၅၀၀၀ ကျော်တွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးမည်ဖြစ်ကြောင်း၊ အစားထိုး ဆရာ၊ ဆရာမများနှင့် ပတ်သက်ပြီး မိမိတို့က နေ့စဉ်သတင်းလည်း ထုတ်ပြန်ထားတာရှိကြောင်း၊ ၎င်းတို့ကို သင်တန်းများပေးခဲ့ကြောင်း၊ သင်တန်းများ ပေးခဲ့ပြီးမှ ဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ကျောင်းလုံခြုံရေးနှင့် ပတ်သက်ပြီး ယခင်နှစ်က ကျောင်းဖွင့်သည့်အချိန်၌ မိမိတို့ဆောင်ရွက်ခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့အစည်းများအပြင် ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ၊ စစ်မှုထမ်းဟောင်းများလည်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်ကထက် ပိုမိုလုံခြုံမှုရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ထို့နောက် CDM ဆရာ၊ ဆရာမများနှင့်ပတ်သက်ပြီး ပြန်လည်ဝင်ရောက်မှု လုပ်ထုံးလုပ်နည်းများ အစားထိုး ဆရာ၊ ဆရာမများ ကိစ္စကို ပညာရေးဝန်ကြီးဌာနမှ   တာဝန်ရှိသူတစ်ဦးမှ အသေးစိတ်ရှင်းပြမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။          

ဆက်လက်ဖော်ပြပါမည်။