တုပ်ကွေးရောဂါ သွေးလွန်တုပ်ကွေးနှင့်မိုးရာသီကာလရောဂါများ

 

ယခုအခါမိုးရာသီအစဝင်ရောက်ပြီဖြစ်လို့ အအေးမိခြင်းနဲ့ လူတုပ်ကွေး (AH1N1) ရောဂါဖြစ်လာနိုင်တယ်။ ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းဖြစ်လာပါက မိသားစုဆရာဝန်နဲ့ပြသကာ ကုသမှုခံယူသင့်ပါတယ်။ ရာသီတုပ်ကွေးမှာ ကာကွယ်ဆေး (A/H1N1) ဗိုင်းရပ်ကာကွယ်ဆေးရှိပါတယ်။    တုပ်ကွေးကာကွယ်ဆေးထိုးနှံကာ ကျောင်းသားတွေ၊  မိဘ၊  ဆရာတွေ၊  ဘိုးဘွားတွေ  ထိုးနှံထားသင့်ပါတယ်။  ၂၀၁၈ ခုနှစ်မှာ လူတုပ်ကွေးကြောင့် မြန်မာနိုင်ငံမှာ လူ ၃၆ ဦး၊ ၂၀၁၉ ခုနှစ်မှာ ပိုးတွေ့လူနာ ၈၂ ဦး သေဆုံးခဲ့တာကြောင့်မပေါ့ဆသင့်ပါဘူး။ ကိုဗစ်ကပ်ရောဂါ ရေရှည်ဖြစ်သွားနိုင်တာကြောင့် အခြားရောဂါနဲ့ ခွဲခြားနိုင်ဖို့ ခက်ခဲတာကြောင့် တုပ်ကွေးကာကွယ် ဆေးထိုးနှံတာအကောင်းဆုံးဖြစ်တယ်။

လူနာအများစုတွင် တုပ်ကွေးရောဂါလက္ခဏာမှာ တစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်နိုင်ပါတယ်။ အချို့လူနာများမှာ နာတာရှည် လူနာများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တို့တွင် တုပ်ကွေးရောဂါကြောင့် ရောဂါ လက္ခဏာ ပြင်းထန်နိုင်ပြီး အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

လူစုလူဝေးများတဲ့ ကျောင်းများ၊ ဆေးရုံများ၊ အားကစားကွင်းများ၊ ရုံးလုပ်ငန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အအုံများမှာ လူစုလူဝေးအဖြစ်နိုင်ဆုံး ရောဂါကူးစက်မှုအများဆုံးနေရာတွေဖြစ်တယ်။တုပ်ကွေးရောဂါကိုအနားယူခြင်း၊  ရေများများသောက်ခြင်း၊ ရေဖတ်တိုက်ခြင်း၊ ရောဂါလက္ခဏာသက်သာစေရေးအတွက် အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတို့ သောက်သုံး ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ တုပ်ကွေးရောဂါကို တုပ်ကွေးကာကွယ်ဆေး (A/H1N1)ထိုးပေးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ နှစ်အလိုက် တုပ်ကွေးမျိုးစိတ်အသစ်များ ဖြစ်ပေါ်နေလို့ တုပ်ကွေးကာကွယ်ဆေးဟာ တစ်နှစ်တာကာလပဲ ရှည်ကြာပါတယ်။ နောက်တစ်နှစ် ဥပမာ ၂၀၂၂ ခုနှစ်  ဇန်နဝါရီမှ ဒီဇင်ဘာ  ၃၁ ရက်ထိ တုပ်ကွေး (A/H1N1) ကာကွယ်ဆေးက အစွမ်းသတ္တိရှိနိုင်ပြီး ၂၀၂၃ ခုနှစ် တုပ်ကွေးရာသီမှာ အစွမ်းမဲ့ဖြစ်သွားလို့ ပြန်ထိုးနိုင်ဖို့လိုပါတယ်။

တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ရမယ့်အချက်တွေက

(၁)       တုပ်ကွေးရောဂါဖြစ်ပွားမှုများပြားပါကနီးစပ်ရာ ကျန်းမာရေးဌာနကိုအကြောင်းကြားပြီး

(၂)        ရောဂါကုသမှုချက်ချင်းခံယူသင့်ပါတယ်။

(၃)       ချောင်းဆိုးခြင်း၊ နှာချေခြင်းပြုလုပ်ပါက လက်ကိုင်ပဝါ၊ တစ်ရှူးသုံးနိုင်ပါတယ်။

(၄)       သုံးပြီးတစ်ရှူးကို စနစ်တကျစွန့်ပစ်သင့်တယ်။

(၅)       တုပ်ကွေးရောဂါဖြစ်နေသူဟာ ကိုယ့်ထံမှ အခြားသူမကူးနိုင်စေဖို့ နှာခေါင်းစည်းသုံးသင့်ပါတယ်။

(၆)       ရောဂါဖြစ်သူများကို ထိတွေ့ကိုင်တွယ် အားပေးကူညီမှုပြီးပါက ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ လက်ဆေး သင့်ပါတယ်။

တုပ်ကွေးရောဂါ ကာကွယ်ဆေးဟာ တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ ရောဂါပြင်းထန်မှုကို လျော့နည်းစေပါတယ်။ တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးသင့်သူတွေမှာ  အသက်အရွယ်ကြီးရင့်သူများ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေး ဝန်ထမ်းများဖြစ်တယ်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကုသမှုပြုပေးနေကြတဲ့ ကျန်းမာရေး ဝန်ထမ်းအားလုံးကို  ကျန်းမာရေး ဝန်ကြီးဌာနက ရာသီတုပ်ကွေးကာကွယ်ဆေး (A/H1N1) ထိုးပေးခဲ့တယ်ဆိုတော့ မင်္ဂလာသတင်းပဲဖြစ်တယ်။  လူတိုင်း ထိုးပေးရင်  ရာသီတုပ်ကွေးဖြစ်ပွားမှု ကျော်လွှားနိုင်မှာဖြစ်ပေမယ့်  သင့်တင့်တဲ့ဈေးနှုန်း လူကြီးငွေကျပ် ၁၂၈၀၀၊ ကလေးငွေကျပ် ၁၀၀၀၀ ထိ ထိုးနှံရတာကြောင့် ကိုယ့်အစီအစဉ်နဲ့ တုပ်ကွေးကာကွယ်ဆေးထိုးရေး အဖွဲ့အစည်းများကပါ စိတ်ဝင်စားလာကြပါတယ်။ တုပ်ကွေးကြောင့် အလုပ်ပျက်ကွက်မှုခွင့်ခံစားရလို့ နစ်နာရမှုက တုပ်ကွေးကာကွယ်ဆေး တစ်လုံးကျသင့်ငွေထက် ပိုများနေတာ ဖြစ်လို့ လုပ်ငန်းရှင်တို့အနေနဲ့ ကြိုတင်စဉ်းစားသင့်ပါတယ်။

ရောဂါလက္ခဏာတွေဟာ  ရာသီတုပ်ကွေးနဲ့ ဆင်ဆင်တူတဲ့ ကိုယ်ပူခြင်း၊  ဖျားခြင်း၊  သလိပ်၊ နှာရည်ထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းဖြစ်တဲ့အတွက် တုပ်ကွေး (A/H1N1) ရောဂါ ခွဲမရအောင် ဆင်တူနေတယ်။ မြန်မာနိုင်ငံမှာ ဇွန်လ ၁၆ ရက်  ဖြစ်ပွားသူ ပိုးတွေ့  ၂၆၄ ဦး၊ သေဆုံးသူ ခြောက်ဦးသာရှိရာ တုပ်ကွေးရောဂါကြောင့် သေဆုံးသူမှာ  ၂၀၁၉  ခုနှစ်က  ပိုးတွေ့ လူနာ ဦးရေ၏ ၇၄ ရာခိုင်နှုန်းဖြစ်နေတယ်။ ဒီအတွက် တုပ်ကွေးကာကွယ်ဆေးကို စီမံချက်ထားပြီး ထိုးနှံခြင်းက ရောဂါကာကွယ် ကုသရေး အတွက် ပိုမိုအဆင်ပြေမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ခွဲခြားရာမှာ အထောက်အကူဖြစ်လို့  (H1N1)  ရာသီတုပ်ကွေး ကာကွယ် ဆေးကို လူတိုင်းထိုးနှံပေးသင့်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေး ဝန်ထမ်းအားလုံး ထိုးနှံပေးသလို ပြည်သူတွေ အားလုံးကိုလည်း ထိုးနှံပေးသင့်ပါတယ်။

မိုးဦးအစမှာ သွေးလွန်တုပ်ကွေး ရောဂါခေါင်းထောင်လာပါတယ်။ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူရဲ့ ထက်ဝက် ခန့်ဟာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး မြို့ပြလူဦးရေများပြားခြင်းက သွေးလွန်တုပ်ကွေးတွေနဲ့ ကိုဗစ်ရောဂါနှစ်မျိုးလုံးအတွက်    ကူးစက်နိုင်စွမ်း အမြင့်မားဆုံး ဖြစ်စေနိုင်ကြောင်းသိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှာ သေဆုံးသူ ရှစ်ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ကာ လေးဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန် ၁ ရက်က  သတင်း ထုတ်ပြန်ကြည့်ရင်း မြန်မာနိုင်ငံရဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုဟာဇန်နဝါရီ ၁ ရက်မှ မေ ၁၆ ရက်ထိ ဖြစ်ပွားသူ ၁၂၀၈ ဦးရှိကာ သေဆုံးသူ ရှစ်ဦးထိရှိလာကြောင်း သိရပါတယ်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ မွန်ပြည်နယ်တို့မှာ အများဆုံးဖြစ်တယ်။ သွေးလွန်တုပ်ကွေးဟာ သွေးလွန်တုပ်ကွေး (Dengue) သယ်ဆောင်လာတဲ့ ခြင်ကျား (အေးဒီ့စ်ခြင်ကိုက်ခြင်းကြောင့်  ကူးစက်စေတယ်။ သွေးလွန်တုပ်ကွေးဟာ ခြင်ကိုက်ခံရလို့ ဖြစ်စေတဲ့ ရောဂါဖြစ်ကာ နေ့ဘက်ကိုက်တဲ့ခြင်များကြောင့်ဖြစ်တယ်။ ကုသဆေးကြိုတင်ကာကွယ်ဆေးမရှိသေးပါဘူး။ သွေးလွန်တုပ်ကွေး ရောဂါတွေက ရုတ်တရက်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အန်ပါက ကော်ဖီရောင်အန်ခြင်း၊ အနီစက်များ ထွက်ခြင်းတို့ဖြစ်ပြီး နှစ်ရက်မှ သုံးရက်အတွင်းအဖျားကြီးခြင်း၊ အလွန်အမင်းဆက်တိုက်အန်ခြင်းဂနာမငြိမ်ဖြစ်ခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်နေခြင်းစတဲ့ လက္ခဏာများဖြစ်လာရင် မိသားစုဆရာဝန် သို့မဟုတ် ဆေးရုံသို့ သွားပြသင့်တယ်။ လူနာကိုဂရုစိုက်ပြီး အရည်များများ၊  ဓာတ်ဆားရည်တိုက်သင့်တယ်။ ကော်ဖီမတိုက်ရပါ။ အဖျားကြီးလွန်းပါက ရေချိုးပြီး တဘက်ပွနဲ့ ပတ်ကာ အရည်ဝင်အောင်လုပ်ပြီး အဝတ်ပွပွ ဝတ်စေသင့်တယ်။ ရေဖတ်ဝတ်တိုက်နိုင်ပါတယ်။ ပါရာစီတမောအရည်နဲ့ဓာ တ်ဆားရည်တိုက်နိုင်ပါတယ်။ ကော်ဖီရောင်အန်လာရင် အန်ဖတ်အရောင်နဲ့ ခွဲမရလိ့ု မတိုက်စေခြင်းဖြစ်တယ်။ အင်နယ်ဂျက်ဆင်၊ ဘာဝပရိုအကိုက်အခဲဆေးများမတိုက်သင့်ပါဘူး။

ကလေးငယ်များ အဖျားကြီးလွန်း၊ မှိန်းလွန်းရင်၊အစားအသောက်မစားရင်ဆရာဝန်နဲ့ပြသသင့်တယ်။ ကလေးငယ်ကိုဆေးရုံ ဆေးခန်း ပြသတဲ့အခါ အစားအသောက် သို့မဟုတ် အရည်လုံးဝလက်မခံပါ၊ အန်ဖတ်အမည်းရောင်ပါကြောင်း၊ အဖျားကြီးပြီး တက်တတ် ကြောင်း၊ ခြေဖျားလက်ဖျား အေးကြောင်းမိဘက ပြောကြားသင့်တယ်။ သွေးလွန်တုပ်ကွေးဖြစ်ကြောင်းစမ်းသပ်နည်း ကလေးငယ် ပုံမှန်သွေးပေါင်ချိန်ရဲ့ အထက်နဲ့အောက်သွေးအလယ်မှာ ငါးမိနစ်ကြာအောင်ထားပြီး ဖြေလျှော့လိုက်တိုင်းစပိဘားအတွင်း (၁၁)ဝက် ပြပါက သွေးလွန်တုပ်ကွေးဖြစ်ကြောင်းသတ်မှတ်ပြီးဆေးရုံသို့ ကုသစေခြင်းဖြစ်တယ်။ ကာကွယ်ဆေး၊ ကုသဆေးမရှိပါ။ မိုးရာသီမှာ အဖြစ်ဆုံး သွေးလွန်တုပ်ကွေးရောဂါဟာ လူကြီးတွေမှာလည်းဖြစ်လာပြီး ပိုမိုပြင်းထန်ကြောင်း တွေ့ရတယ်။ ခြင်မပေါက်ပွားအောင် ရေများဖုံးခြင်း၊ သွန်ပစ်ခြင်း၊ ရေလဲပေးခြင်း၊ ရေစစ်နဲ့စစ်ယူခြင်း၊ ခြင်းဆေး (DDT မာလသီယွန် (Malarthion)ဆေးမှုတ်ခြင်း၊ ဖျန်းခြင်း၊ ခြင်မကိုက်အောင်ဘောင်းဘီရှည်၊ အင်္ကျီရှည်ဝတ်ခြင်း၊ ခြင်ထောင်နဲ့ နေ့/ညအိပ်ခြင်းတို့ကာကွယ်နိုင်ပါတယ်။ ခြင်ပေါက်ပွားရာ နေရာလုံးဝမရှိအောင် ဆောင်ရွက်ပါက သွေးလွန်တုပ်ကွေးဖြစ်ဖို့ အကြောင်းမရှိတာကြောင့် ခြင်လောက် လမ်းနှိမ်နင်းခြင်း၊ ရေများဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းတို့ဆောင်ရွက်သင့်တယ်။   ။

ဒေါက်တာလွင်သန့်