ကျိုက်လတ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျိုက်လတ်၊ ကျန်းမာရေး

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်ကျိုက်လတ်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၌ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါနှင့် ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး၊ ပိုးလောက်လမ်းမှ ခြင်ပေါက်ပွားမှု မရှိစေရေး အဘိတ်ဆေးခတ် ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဇွန် ၄ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကျော်ဇေယျ၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ နှင့် တာဝန်ရှိသူတို့က ကျောင်းဝင်းအတွင်းရှိ ရေကန်များ၊ ရေအိုးများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အဘိတ်ဆေးခတ်ပေးပြီး ကျောင်းခန်းများရှိ ဘုရားပန်းအိုးများ၊ မိုးရေတင်ကျန်နိုင်သည့် ပစ္စည်းများ ကြာရှည်စွာမထားရှိရန်၊ ကျောင်းဝင်းအတွင်းရှိ အမှိုက်၊ ချုံနွယ်၊ ပေါင်းမြက်များ ရှင်းလင်းစေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်စေခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်စေရေးတို့အတွက် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အသိပညာပေး ပြောကြားသည်။

ထို့ပြင် ကျိုက်လတ်မြို့နယ်အတွင်းရှိအစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) အပါအဝင် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်တို့ တွင်လည်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွနိုင်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို သတ်မှတ် ထားသည့်အဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ရီရီမြင့်