မက်မွန်သီးအထွက်နှုန်းများပြားချိန်တွင် ဈေးနှုန်းကျဆင်း

ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ မက်မွန် သီးများ အထွက်နှုန်းများပြားနေချိန်တွင် ဈေးနှုန်းကျဆင်းလာကြောင်း စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။

မက်မွန်သီးစတင်ထွက်ရှိချိန်ဖြစ်သည့် ဧပြီလအတွင်းက တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀   အထိ  ဈေးကောင်း ရရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာလျှင် ငွေ ကျပ် ၃၅၀၀ အထိ ဈေးနှုန်းကျဆင်းလာ ကြောင်း သိရသည်။

ပေါ်ဦးပေါ်ဖျားတုန်းက  ဈေးကောင်း တာပါပဲ။  အရောင်းအဝယ်ကတော့ အသီး စထွက်ကတည်းကကောင်းတာ။     အခု လည်းကောင်းနေပါတယ်။  ဒါပေမဲ့   ဒီကာလမှာ အထွက်များတော့ ဈေးကျသွား တယ်။  အကြမ်းသိပ်မခံလို့  တခြားအသီး တွေထက်   နယ်ဝေးပို့ရတာ  အခက်အခဲရှိ တယ်။ ယိုးဒယားကိုင်းဆက်သီးတွေကတော့  အရသာလည်း  ကောင်းတယ်။   ကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတော့ ဆွတ်ခူးသလောက် ကုန်တာပါပဲ   ဟု  ရှမ်းပြည်နယ် (တောင်ပိုင်း) မှ မက်မွန်သီး     စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူတစ်ဦး ကပြောသည်။

မက်မွန်သီးသည် ဗီတာမင်စီနှင့် သတ္တု ဓာတ်ကြွယ်ဝသည့်အပြင်   ကျန်းမာရေးကို အထောက်အကူပြု နိုင်သည့်အတွက်   ဝယ်ယူစားသုံးသူများပြားသည်။

မက်မွန်ပင်သည်  စိုက်ပျိုးပြီး  နှစ်နှစ်မှ လေးနှစ်အတွင်း အသီးများစတင်ဆွတ်ခူးနိုင်ကာ  စိုက်ပျိုးပြီး ငါးနှစ်မှစ၍  အသီး အထွက်နှုန်း   များပြားလေ့ရှိသည့်အပြင်  အပင်သက်တမ်း ၁၂ နှစ်အထိ အသီးများ ဆွတ်ခူးနိုင်ကြောင်း၊ မက်မွန်ပင်ကို ပြင်ဦးလွင်၊ ကလောနှင့် တောင်ကြီးမြို့နယ်တို့၌  အဓိကစိုက်ပျိုးကြောင်း သိရသည်။   

နဒီ