အနာဂတ်မျိုးဆက်သစ်လူငယ်တွေကို ပိုမိုစိမ်းလန်းစိုပြည်သာယာတဲ့ ကမ္ဘာကြီးကိုလက်ဆင့်ကမ်းနိုင်ဖို့အတွက် လူသားအားလုံး မိမိတတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြရမှာဖြစ်ပါတယ်

ဒေါ်မာလာအောင်(ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကကျင်းပသော ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ "Only One Earth" “တစ်ခုတည်းသောကမ္ဘာမြေ” ကဏ္ဍများအလိုက်ခေါင်းစဉ်ဖြင့်ကျင်းပရာ အဆိုပါ အခမ်းအနားတွင် ဆုရရှိသူများနှင့် တာဝန်ရှိသူများ၏စကားသံများအား ဖော်ပြလိုက်ရပါသည်။

ဒေါ်မာလာအောင်(ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)

ယခင်နှစ်ကတော့ "Ecosystem Restoration" ဆိုတဲ့ဆောင်ပုဒ်နဲ့ ကျင်းပခဲ့ပါတယ်။ ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာမြေကြီးရဲ့ ဂေဟစနစ် တွေကို ပြန်လည်ထိန်းသိမ်းဖို့လို အပ်နေပြီဆိုတာကို မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့ကို တော့ "Only One Earth" “တစ်ခုတည်းသောကမ္ဘာမြေ” ဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ ဆောင်ပုဒ် တွေ သတ်မှတ်ပါတယ်။ အဲဒီလိုသတ်မှတ်တဲ့အခါမှာလည်း ကမ္ဘာပေါ်မှာ အဓိကဖြစ်ပေါ်နေတဲ့ ပြဿနာတွေထဲက အရေးအကြီးဆုံး ပြဿနာကို မီးမောင်းထိုးပြတဲ့အနေနဲ့ သတ်မှတ်လေ့ရှိပါတယ်။ ဒီနှစ်ဆောင်ပုဒ်ရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးက တစ်ခုတည်း ရှိတယ်၊ ရာသီဥတုပြောင်းလဲမှုကြောင့် ညစ်ညမ်းမှုတွေ၊ စွန့်ပစ်ပစ္စည်းတွေကြောင့်ညစ်ညမ်းမှုတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေ ပျက်စီးမှုတွေကြောင့် ကမ္ဘာကြီးကပိုမိုပျက်စီးလာတယ် ဆိုတာကိုသတိပြုမိစေဖို့ ရည်ရွယ်ပါတယ်။ အနာဂတ် မျိုးဆက် သစ်လူငယ်တွေကို ကျွန်မတို့ လက်ဆင့်ကမ်းခဲ့မယ့်ကမ္ဘာကြီးက ပျက်စီးနေတဲ့ အနေအထားမျိုးဖြစ်နေတဲ့အတွက် ပိုမိုစိမ်းလန်း စိုပြည်သာယာတဲ့ကမ္ဘာကြီးကို လက်ဆင့်ကမ်းနိုင်ဖို့အတွက် လူသားအားလုံး မိမိတတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြရမှာဖြစ်ပါတယ်။ ကျွန်မတို့ဌာနအနေနဲ့လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းတွေကို Social Media တွေကနေ တစ်ဆင့် မျှဝေပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းလွှာများထုတ်ပြန်ခြင်း၊ အခြေခံပညာကျောင်းတွေ၊ ရပ်ကွက်/ကျေးရွာ တွေအထိကွင်းဆင်းပြီး အသိပညာပေးဟောပြောခြင်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေပါတယ်။ အခုအခမ်းအနားကို တက် ရောက်လာတဲ့ သူတွေလေ့လာနိုင်ဖို့အတွက် ပြခန်းတွေလည်းစီစဉ်ထားပါတယ်။ အခမ်းအနားအတွင်းမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ သဝဏ်လွှာနဲ့ ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ် ညွှန်ကြားရေးမှူးချုပ်ရဲ့ အသိပညာပေး Video နဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video Clip တွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။ ပိုပြီး သန့်ရှင်းကောင်းမွန်တဲ့ ကမ္ဘာကြီးကိုရရှိနိုင်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေမှာ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

ဦးအာကာစံ(အလွတ်တန်းဆောင်းပါးပြိုင်ပွဲ၊ ပထမဆု)

ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ခေါင်းစဉ်ကတော့ အခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ခေါင်းစဉ်ဖြစ်တဲ့ "Only One Earth" “တစ်ခုတည်းသောကမ္ဘာမြေ” ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဆိုတာ အရမ်းကြီး ကျယ်တယ်လို့ထင်ရပေမယ့် ကမ္ဘာပေါ်မှာလက်ရှိနေထိုင်နေတဲ့လူသားအားလုံး လူတစ်ဦးတစ်ယောက်ချင်း မိမိတို့ရဲ့နေထိုင်ပုံ၊ စားသောက်ပုံ၊ ဝတ်စားဆင်ယင်ပုံတွေကို အနည်းငယ်ပြုပြင်ပြောင်းလဲလိုက်ရုံနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ မိမိတတ်နိုင်တဲ့ဘက်က တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အသိလေးတွေရရှိနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဒီဆောင်းပါးကို ရေးခဲ့တာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဆိုတာ လူသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။    ကိုယ့်ရဲ့ အပြုအမူတစ်ခုက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးသွားစေနိုင်သလို ပြန်ပြီးလည်းကောင်းမွန်စေနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတစ်ခုရရှိအောင် မလုပ်ဆောင်နိုင်ပေမယ့် အခုလိုအသိပညာ ဖြန့်ဝေပေးနိုင်ခဲ့တဲ့အတွက် အခြားသူတွေရဲ့စိတ်ထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အသိပညာတစ်ခု ရရှိနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒေါက်တာတင်အောင်ဝင်း (ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြခန်းခင်းကျင်းပြသရေး ကော်မတီအဖွဲ့ ခေါင်းဆောင်)

၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြခန်းစုစုပေါင်း ၃၉ ခန်းကို ခင်းကျင်းပြသ ထားပါ တယ်။ ပါဝင်တဲ့ဌာနတွေကတော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအပါအဝင် အခြားဆက်စပ် ဝန်ကြီးဌာနတွေဖြစ်တဲ့ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စတဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပြခန်းတွေအပြင် အခြားပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေရဲ့ ပြခန်းတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ အခုလိုပြခန်းတွေ ခင်းကျင်း ပြသရတဲ့ ရည်ရွယ်ချက်ကတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားရဲ့ဆောင်ပုဒ်ဖြစ်တဲ့  "Only One Earth" “တစ်ခုတည်းသောကမ္ဘာမြေ” ဆိုတာနဲ့အညီ ကမ္ဘာမြေရေရှည် တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့် ရှောက်နိုင် စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေ တွေကို အသိပညာပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလိုခင်းကျင်း ပြသတာဖြစ်ပါတယ်။ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ဆက်စပ် အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေကဝန်ထမ်းတွေနဲ့  အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူတွေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်းတွေ ဆောင်ရွက်ဖို့လည်းစီစဉ်ထားပါတယ်။

ဒေါက်တာဆန်းဝင်း (ညွှန်ကြားရေးမှူး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန) (အသိပညာပေး ဗီဒီယိုထုတ်လုပ်ပြသရေးကော်မတီအဖွဲ့ခေါင်းဆောင်)

ဒီနေ့ကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြည်သူလူထုကို အသိပညာပေးနိုင်ဖို့အတွက် "Only One Earth" “တစ်ခုတည်းသောကမ္ဘာမြေ” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ  ကမ္ဘာမြေကနေ ကျွန်တော်တို့လူသားတွေနဲ့ သတ္တဝါတွေ၊ အပင်တွေအတွက် ဘယ်လိုမျိုးအကျိုးပြုနေလဲဆိုတာကို  မြင်သာအောင်နဲ့ ကမ္ဘာကြီးကို တန်ဖိုးထားတတ်အောင် အသိပညာပေး တာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကပြဿနာသုံးရပ်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးမှုတွေကို ဘာကြောင့် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာ ပေးတာတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းတွေမှာ ပြည်သူလူထုက တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာဖို့ရည်ရွယ်ပြီး Video Clip တွေဖန်တီးခဲ့ပါတယ်။ အဲဒါပြီးရင် တော့ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာတွေကို ချပြ ထားပါတယ်။ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံအဆင့်၊ အမျိုးသားအဆင့် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ရှင်းပြထားပါတယ်။ ကမ္ဘာမြေရဲ့တန်ဖိုးနဲ့ တန်ဖိုးရှိလှတဲ့ ပတ်ဝန်းကျင် တွေကိုထိန်းသိမ်း စောင့်ရှောက်တတ်စေဖို့ဆိုတဲ့ အချက်လေးတွေကို နောက်ဆုံးအပိုင်းမှာ ထည့်သွင်းပေးထားပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက်၊ ဦးစီးဌာနလိုက်ပြခန်းတွေကိုလည်း ခင်းကျင်းပြသထားတဲ့အတွက် အခမ်းအနား တက်ရောက်လာကြတဲ့ သူတွေ အတွက် ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာပြဿနာတွေကို သိရှိနားလည်လာပြီး အဲဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းဆောင်ရွက်ရမလဲဆိုတဲ့ အသိအမြင်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးကို သန့်ရှင်း သပ်ရပ်သာယာလှပတဲ့ ကမ္ဘာမြေကြီးဖြစ်အောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

ဦးလင်းထွဋ် (ညွှန်ကြားရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြခန်းတာဝန်ခံ)

ကျွန်တော်တို့ပြခန်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုအထောက်အကူဖြစ်စေတဲ့ နေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံဖို့ခွင့်ပြုပေးခဲ့တဲ့ အခြေအနေတွေကို တင်ပြထားတာဖြစ်ပါတယ်။ မြန်မာ နိုင်ငံအတွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက်   အဆိုပြုလွှာတွေ လာရောက်တင်ပြတဲ့အခါမှာ PAT ဆိုတဲ့ အဆိုပြုလွှာ စိစစ်ရေး အဖွဲ့က ဦးစွာစိစစ်ပါတယ်။ အဲဒီအဖွဲ့မှာ  ဌာန ၁၀ ခုလောက်ပါပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလည်း ပါပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ရင်းနှီးမြှုပ်နှံဖို့ တင်ပြလာတဲ့လုပ်ငန်းရဲ့ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက်တွေကို စိစစ်ပြီးတော့မှ EIA, IEE, ELP စသည်ဖြင့် လုပ်ငန်းအပေါ်မူတည်ပြီး လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို စိစစ်ပေးပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့အတွက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်ပြီး တင်ဒါအောင်မြင်ခဲ့တဲ့ကုမ္ပဏီတွေကို ကျွန်တော်တို့ဝန်ကြီးဌာနက စိစစ်ပြီး ရင်းနှီးမြှုပ်နှံခွင့်တွေ ခွင့်ပြုပေးနေပါတယ်။ လေစွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် လာရောက်စုံစမ်းတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။

ဦးကျော်ဆန်းနိုင် (ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မူဝါဒနှင့် ဥပဒေရေးရာဌာန) (အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဝင်)

ဒီနေ့ကျင်းပတဲ့အခမ်းအနားကို အခုလက်ရှိ ကမ္ဘာတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ပြည်သူ လူထုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပိုပြီးသိရှိနိုင်စေဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့လည်း ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ တွေတိုးပွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုစိတ်ဝင်စားမှု ပိုမိုရရှိဖို့အတွက် အလွတ်တန်း ဆောင်းပါးနဲ့ စာစီစာကုံးပြိုင်ပွဲကိုလည်း နှစ်စဉ်ကျင်းပပေးပြီး ပထမ၊ ဒုတိယ၊ တတိယဆိုပြီးပြိုင်ပွဲတစ်မျိုးကို ဆုသုံးဆုချီးမြှင့် ပေးခဲ့ပါတယ်။ ဒီနှစ်အတွက် ထူးခြားချက်တစ်ခုကတော့ အာဆီယံကနေပေးအပ်ချီးမြှင့်တဲ့ ပတ်ဝန်းကျင်နဲ့ ညီညွတ်တဲ့ မြို့ဆုကို ရရှိခဲ့တဲ့ ညောင်ဦးမြို့နယ်က တာဝန်ရှိသူတစ်ဦးကို ဒီနေ့အခမ်းအနားမှာ ဆုပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ တစ်ဦးချင်းစီက ကိုယ်ပိုင်အသိနဲ့ ဆင်ခြင်ကြမယ်ဆိုရင် ကျွန်တော်တို့လိုလားတဲ့ သန့်ရှင်းပြီးကောင်းမွန်တဲ့ ကမ္ဘာမြေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့ ပြောလိုပါတယ်။    ။

ပြည့်ဖြိုး(မြဝတီ)