ဘရာဇီးအသင်း၏ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် ဂန္ထဝင်ကစားသမားကြီး ပီလီ၏စံချိန်ကို လိုက်မီရန် တိုက်စစ်မှူးနေမာ သုံးဂိုးသာလိုအပ်

ဘရာဇီးအသင်း တိုက်စစ်မှူး နေမာသည်  နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ကစားသည့် ဂျပန်အသင်းနှင့်  ဘရာဇီးအသင်းတို့ ပွဲစဉ်တွင်  အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးနောက် ဘရာဇီးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် ဂန္ထဝင်ကစားသမားကြီး ပီလီ ၏ စံချိန်ကိုလိုက်မီရန် သုံးဂိုးသာ လိုတော့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် ဘရာဇီးအသင်းက ဂျပန်အသင်း ကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး နေမာက ပွဲချိန် ၇၇ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၀ အရွယ် နေမာသည် ဘရာဇီးအသင်းတွင်  ၂၀၁၀  ပြည့်နှစ်က   စတင်ပါဝင်ကစားခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ဂျပန်အသင်းနှင့် ကစားသောပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ပြီးနောက် စုစုပေါင်း သွင်းဂိုး ၇၄ ဂိုးအထိရရှိလာခဲ့ပြီး စုစုပေါင်းသွင်းဂိုး ၇၇ ဂိုးဖြင့် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် ပီလီ၏စံချိန်ကိုလိုက်မီရန် သုံးဂိုးသာလိုခြင်း ဖြစ်သည်။

လက်ရှိတွင်  ဘရာဇီးအသင်းသမိုင်းတစ်လျှောက်  သွင်းဂိုးအများဆုံးကစားသမား  ၁၀  ဦးစာရင်းတွင် ပီလီက ၇၇ ဂိုးဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ၎င်း၏နောက်တွင် နေမာက ၇၄ ဂိုး၊ ရော်နယ်ဒိုက ၆၂ ဂိုး၊ ရိုမာရီယိုက ၅၅ ဂိုး၊ဇီကိုက ၄၈ ဂိုး၊ ဘီဘီတိုက ၃၉ ဂိုး၊  ရီဗယ်ဒိုက ၃၅ ဂိုး၊  ဇိုင်ယာဇင်ဟိုက ၃၃ ဂိုး၊ ရော်နယ်ဒင်ဟိုက ၃၃ ဂိုးနှင့် အဒီမိုင်ယာက ၃၂ ဂိုးဖြင့် အသီးသီးရပ်တည်နေသည်။

နေမာသည် လက်ရှိတွင် အသက် ၃၀ အရွယ်သာ ရှိသေးသည့်အပြင် ဘရာဇီးအသင်းနှင့် ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲကို    ပါဝင်ခွင့်ရရှိမည် ဖြစ်သည့်အတွက် ယခုနှစ်အတွင်း ပီလီ၏စံချိန်ကိုကျော်ဖြတ်နိုင်ဖွယ်ရှိ နေကြောင်း သိရသည်။

Ref;Dailymail