လာမည့်ဘောလုံးရာသီတွင်လည်း ပီအက်စ်ဂျီအသင်း၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း တိုက်စစ်မှူး အိုင်ကာဒီပြော

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အိုင်ကာဒီက လာမည့်ဘောလုံးရာသီတွင် အသင်း၌သာ ဆက်လက်ကစားရန် ဆုံးဖြတ်ထားပြီး သွင်းဂိုးများလည်း သွင်းယူနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောကြားသည်။

အသက် ၂၉ နှစ်အရွယ် အိုင်ကာဒီသည် ၂၀၁၉ ခုနှစ်က အင်တာမီလန်အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်စာချုပ်သက်တမ်းနှစ်နှစ်အထိ ကျန်ရှိနေသူဖြစ်သည်။

အိုင်ကာဒီသည် အင်တာမီလန်အသင်းတွင် ကစားစဉ်က ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သော် လည်း ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး နောက် တိုက်စစ်မှူး နေမာနှင့် အမ်ဘတ်ပီတို့ နောက်တွင်သာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

အစောပိုင်းက ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် အသင်းတွင် မလိုအပ်သည့် ကစားသမားများကို ရောင်းချရန် ပြင်ဆင်လာပြီး ပီအက်စ်ဂျီ အသင်းရောင်းချမည့် စာရင်းတွင် အိုင်ကာဒီလည်း ပါဝင်နေခြင်းဖြစ်သည်။

အိုင်ကာဒီက ကျွန်တော် အသင်းနဲ့ စာချုပ်သက်တမ်းနှစ်နှစ် ကျန်ရှိနေပါသေးတယ်။ ကျွန်တော့်အသက်၂၉ နှစ်ရှိပါပြီ။ အသင်းနဲ့အတူ သွင်းဂိုးတွေ သွင်းယူနိုင်ပါသေးတယ်။ ကျွန်တော်က ဘယ်လိုကစားသမား မျိုးလဲဆိုတာ အသင်းမှာဆက်နေပြီး သက်သေပြသွားမှာပါ။ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိပါဘူး။  လာမယ့်ဘောလုံးရာသီမှာ  ပီအက်စ်ဂျီအသင်းမှာပဲ ဆက်ရှိနေမှာပါဟု ပြောသည်။       

Ref;L'Equipe