မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား  မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်   ဆုပေးပွဲကို ဇွန် ၇ ရက်တွင်  မုံရွာမြို့ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ကလေးမြို့နယ် အသင်းနှင့် ကလေးဝမြို့နယ် အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကလေးဝမြို့နယ် အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။

ဆက်လက်၍ ဆုပေးပွဲကျင်းပရာ အကောင်းဆုံးအားကစားဆုရ အမျိုးသား/အမျိုးသမီး အားကစားသမားများ၊ တတိယဆုရ အမျိုးသား/အမျိုးသမီး၊ ဒုတိယဆုရ ကလေးမြို့နယ် အမျိုးသားအသင်းနှင့် ဝက်လက်မြို့နယ် အမျိုးသမီးအသင်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း၊ ပထမဆုရ ကလေးဝမြို့နယ် အမျိုးသားအသင်းနှင့် မြောင်မြို့နယ် အမျိုးသမီးအသင်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမြတ်ကျော်က တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု၊ တံခွန်စိုက်ဆုဖလားတို့ကိုလည်းကောင်း အသီးသီး ပေးအပ်ကြသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၄ ရက်မှ ၇ ရက်အထိ ကျင်းပရာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်  ၃၀မှ မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင် အမျိုးသားအသင်း ၃၀ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။