ကမ္ဘာ့လူဦးရေ ၁၀ ပုံတစ်ပုံခန့် COVID-19 ရောဂါကူးစက်ခံရနိုင်ကြောင်း သတိပေးလိုက်သည့် WHO

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၏ ပထမရက်သတ္တပတ်သည် အမေရိကန်နိုင်ငံ၌ ပွက်လောရိုက်ခဲ့သည့် ရက်သတ္တပတ်ဖြစ်သည်။  သမ္မတဒေါ်နယ်ထရမ့်နှင့် ၎င်း၏ဇနီးတို့ COVID-19 ရောဂါကူးစက်ခံရကြောင်း တွစ်တာမှတစ်ဆင့်   ကြေညာပြီးနောက်ပိုင်း  ကမ္ဘာတစ်လွှားမှခေါင်းဆောင်များက   ဆုမွန်ကောင်းများ တောင်းပေး သကဲ့သို့  ရုရှားသမ္မတ ပူတင်၊  တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အထိ ပါဝင်လာသည်။

သို့သော်  အောက်တိုဘာ  ၆  ရက်တွင် ထရမ့်ဆေးရုံမှဆင်းခွင့်ရရှိကာ အိမ်ဖြူတော်သို့  ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ထရမ့်ခံစားရသော COVID-19 ရောဂါလက္ခဏာမှာ  ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပြီး စစ်ဆေးရာမှပေါ်လာသော  ဗိုင်းရပ်ကူးစက်မှုက  လူတိုင်းကိုစိုးရိမ်စေခဲ့သကဲ့သို့  ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုသည့်အတွက်လည်း ပို၍စိတ်ပူစေခဲ့ခြင်း ဖြစ်သည်။

တစ်ပြိုင်တည်းမှာပင် ကမ္ဘာတစ်လွှား ဗိုင်းရပ်ကူးစက်မှုများကျဆင်းမသွားဘဲ   ဒုတိယလှိုင်း၏ ရိုက်ခတ်မှုများက ပိုမိုမြန်ဆန်လာကာ ကူးစက်မှုများကလည်း နေ့စဉ်တိုးလာနေဆဲဖြစ်သည်။ စက်တင်ဘာ ၆ ရက်တွင်   အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန(CDC)  ၏ထုတ်ပြန်ချက်အရ COVID-19 ဗိုင်းရပ်က လေထဲမှ အမှုန်လေးများမှတစ်ဆင့် ကူးစက်နိုင်ကြောင်း အတည်ပြုချက်ထပ်မံ ထွက်ပေါ်လာပြီး   စိုးရိမ်စိတ်ပိုမိုတိုးပွားလာစေခဲ့ပြန်သည်။

ရောဂါကူးစက်ခံရသူ၏ ပါးစပ်မှ   ထွက်လာသည့် အမှုန်လေးများက လေထဲတွင် နာရီပိုင်းအထိရှင်သန်နိုင်ပြီး ၆ ပေနှင့်အထက် အကွာအဝေးသို့ ရောက်ရှိနိုင်ကာ အတည်ပြုလူနာနှင့် ခဏတာထိတွေ့မှုမှပင် ရောဂါကူးစက်ခံရနိုင်သည်။ ထို့ကြောင့် Mask တပ်ဆင်ရန် မဖြစ်မနေ လိုအပ်လာပြီး   စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနက နိုင်ငံအတွင်း ြေျု  တပ်ဆင်သည့် ယဉ်ကျေးမှုကြောင့် လူပေါင်း နှစ်သိန်းခန့်၏ အသက်များကို ကယ်တင်နိုင်ခဲ့ကြောင်း ကြေညာသည်။

အမေရိကန်၌  CDC က Maskမဖြစ်မနေတပ်ဆင်ရေး  ညွှန်ကြားချက်များကို အစကတည်းက ထုတ်ပြန်ထားခြင်းဖြစ်ပြီး   ထရမ့်နှင့် ရီပတ်ပလီကန်တချို့၏   ကိုယ်ပိုင်ဆန့်ကျင် ဆုံးဖြတ်ချက်များကြောင့် Mask တပ်ဆင်ရန်   လူဦးရေထက်ဝက်နီးပါးခန့်က ငြင်းဆန်နေကြသည်။

စစ်တမ်းများအရ   အကယ်၍  အမေရိကန်၌ လူတိုင်း Mask မတပ်ဆင်ပါက ဒီဇင်ဘာလအရောက် တစ်ရက်လျှင် သေဆုံးမှုနှုန်း  ၄၀၀၀ အထိ ရှိလာနိုင်ကြောင်း သတိပေးမှုများရှိထားရာ ဒီမိုကရက်တစ်သမ္မတလောင်း  ဂျိုးဘိုင်ဒင်က  ထိုအချက်များကို လိုက်နာခဲ့သည်။ သို့သော်လည်း ထရမ့်က ယခုအချိန်ထိ Mask တပ်ဆင်ခြင်းကို အယုံအကြည်ရှိပုံမရသေးဘဲ  အိမ်ဖြူတော်ပြန်ရောက်သည်နှင့်  Mask ကိုချွတ်ပစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏  အရေးပေါ်အခြေအနေဆိုင်ရာ အကြီးအကဲ မိုက်ကယ်ရိုင်ရန်က ကမ္ဘာပေါ်၌ COVID-19 ရောဂါကူးစက်မှုက လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်အထိ ရှိနိုင်ကြောင်း  ကြေညာခဲ့ပြီး   ဗိုင်းရပ်အန္တရာယ်က ပိုမိုကြီးထွားလာကြောင်း     သတိပေးခဲ့ပြန်သည်။ထို့ကြောင့် ကမ္ဘာပေါ်၌ လူ ၁၀ ဦးတွင် တစ်ဦးနှုန်းဗိုင်းရပ် ကူးစက်ခံရနိုင်သည့် အခြေအနေဖြစ်ပြီး စုစုပေါင်းခန့်မှန်းခြေကူးစက်မှု  သန်း ၇၆၀  ကျော်ဖြစ်သည်။

ကူးစက်ရောဂါဆိုင်ရာ အဓိကစောင့်ကြည့်သည့် ဂျွန်ဟော့ကင်းတက္ကသိုလ်၏စာရင်းအရ  အောက်တိုဘာ ၆ ရက်အထိ ကမ္ဘာတစ်လွှား ဗိုင်းရပ်ကူးစက်ခံရသူ ၃၅ သန်းကျော်ရှိလာပြီဖြစ်ပြီး WHO ၏ခန့်မှန်းချက်က ထိုစာရင်းထက် အဆ ၂၀ ကျော်  ပိုမိုများပြားနေသည်။

ဗိုင်းရပ်ကူးစက်ခံရမှုရှိ၊ မရှိ အလွယ်တကူစစ်ဆေး မရနိုင်ခြင်း၊   ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းနှင့်  နိုင်ငံလူမျိုးစုအလိုက် ကိန်းဂဏန်းများက တရားဝင်ကြေညာချက်ထက်  ပိုမိုများပြားနိုင်ခြင်းတို့က ကမ္ဘာကြီးအတွက် ပိုမိုခက်ခဲသည ့်ဦးတည်ချက်ဆီ ဆက်လက်ရွေ့လျားစေခဲ့သည်။  ထိုအချိန်တွင် ဥရောပဘက်၌လည်း ဗိုင်းရပ်ကူးစက်မှု ဒုတိယလှိုင်းများက ထင်ထားသည်ထက်  ပိုမိုမြန်ဆန်လာကာ ပြင်သစ်မှာ အဆိုးရွားဆုံး ထပ်မံခံစားရသည့်နိုင်ငံ ဖြစ်လာသည်။

ပြင်သစ်၌  နေ့စဉ်  ဗိုင်းရပ်ကူးစက်မှု  ၁၅၀၀၀ ကျော်အထိမြင့်တက်လာကာ ဗြိတိန်၌လည်း ထောင်ချီကူးစက်မှုများမှ  သောင်းဂဏန်းအထိ ရောက်ရှိလာနိုင်သည့် အလားအလာများ ရှိနေပြန်သည်။   ပထမလှိုင်းကို ပြင်းထန်စွာ ခံစားခဲ့ရပြီး ဒုတိယလှိုင်းကို တခြား ဥရောပနိုင်ငံများထက် ထိန်းထားနိုင်ခဲ့သည့် ဂျာမနီ၌လည်း ကူးစက်မှုများက ပိုမိုများပြားလာ၍  လိုအပ် လာပါက အရေးပေါ်အခြေအနေပြန်လည်ကြေညာမည်ဟု ဂျာမနီအဓိပတိ အိန်ဂျဲလာမာကယ်က  သတိပေးထားသည်။

ကမ္ဘာ့ဒုတိယကူးစက်မှုနေရာကို   ယူထားသော အိန္ဒိယ၌လည်း ဗိုင်းရပ်ကူးစက်မှုများက ထင်ထားသည် ထက်လျော့ကျ မသွားသေးဘဲ သေဆုံးသူ တစ်သိန်းကျော်အထိ ရောက်ရှိလာပြီဖြစ်သည်။ သို့သော် အိန္ဒိယ၌  ရောဂါကူးစက်ခံရပြီး  ပြန်လည်သက်သာလာသူအရေအတွက်က ကမ္ဘာပေါ်၌ အများဆုံးနှင့် အမြန်ဆုံးဖြစ်ကာ ၈၀ ရာခိုင်နှုန်းအထိရှိသည်။ မည်သို့ပင် ဆိုစေကာမူ ကန့်သတ်ချက်များကို  ပိုမိုတင်းကျပ်စွာ ချမှတ်ကိုင်တွယ်ဦးမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက  ထပ်မံကြေညာခဲ့သည်။

တစ်ကမ္ဘာလုံး၌  ဗိုင်းရပ်ကာလအတွင်း  လူမသိသူမသိ သေကြောင်းကြံစည်နေမှုများလည်း ပိုမိုများပြားလာနေသည်ဟု စစ်တမ်းများက ဖော်ပြကြသည်။ ကမ္ဘာ့စီးပွားပျက်ကပ်တစ်ခုနောက်တွင် လိုက်ပါနေကျပုံစံ အတိုင်း   ထပ်မံထွက်ပေါ်လာမည့် စစ်တမ်းများမှာ သေကြောင်းကြံစည်မှုရာခိုင်နှုန်း  ပိုမိုများပြားလာဦး မည်ဖြစ်ကာ   အမေရိကန် ကဲ့သို့   ကမ္ဘာ့စီးပွားရေး နံပါတ်(၁)နိုင်ငံသည်ပင်  ၂၀၂၀  ပြည့်နှစ်အတွင်း   နေအိမ်မှဆင်းပေးရမည့်လူဦးရေ သန်း ၄၀ အထိရှိနေသည်။

တတိယအကြိမ် အကူအညီပေးရေး အဆိုကလည်း ရီပတ်ပလီကန်နှင့် ဒီမိုကရက်တစ်တို့ကြား  ကြီးမားသည့် သဘောထားကွဲလွဲမှု များကြောင့် ဖြစ်ပေါ်မလာသေးဘဲ နောက်ဆုံးတွင် သမ္မတကိုယ်တိုင် ဗိုင်းရပ်ကူးစက် ခံခဲ့ရသောကြောင့်   အခြေအနေက ပို၍ပင်ဆိုးရွားစေခဲ့သည်။

ထို့ကြောင့်  ကာကွယ်ဆေးသာ အချိန်မီမရခဲ့လျှင် ကမ္ဘာ့အခက်ခဲဆုံးနှင့် အကျပ်တည်းဆုံး ဆိုသောအချိန်က မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ပြီး ထရမ့်က နိုင်ငံသားအားလုံးကို  ၂၀၂၁  ခုနှစ်  ဧပြီလတွင် ကာကွယ်ဆေး အပြည့်အဝရမည်ဟု  ကတိပေးထားသည်။ သို့သော် ထရမ့်၏ကတိများက ဗိုင်းရပ်နှင့်ပတ်သက်လာလျှင် အကောင်အထည် ပေါ်မလာသည်ကများသောကြောင့်    ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ရှေ့ခရီး ဆက်ရဦးမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။                        ရှိန်းထက်                   

 Ref;CNN