အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

မန္တလေး  ဇွန်  ၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည်ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၌ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်သည်။ 

အဆိုပါ အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မောင်မယ် သစ်လွင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အချိန်နှင့် အမျှနည်းပညာရပ်များ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ   Globalization သဘောအရ ယဉ်ကျေးမှုအချင်းချင်းရော နှောစီးဆင်းလျက်ရှိနေသည့်အတွက် အမျိုးသားရေးလက္ခဏာများ၊   ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ဓလေ့ထုံးတမ်းအစဉ်အလာများ မပျောက်ပျက်အောင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲကြီးကို ခမ်းနားသိုက်မြိုက်စွာ ပြန်လည်ကျင်းပတော့မှာဖြစ်၍ မောင်တို့မယ်တို့က ပါဝင်အစွမ်းပြခွင့် ရရှိတော့မည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်သွားမည်ဖြစ်၍ မောင်တို့မယ်တို့က ပညာရပ်များကို စနစ်တကျသင်ယူပြီး လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ယဉ်ကျေးမှုကိုယ်ခံအား တောင့်တင်းခိုင်မာအောင် ကြိုးစားသွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက်  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဦးအောင်ဆန်းဦးက  နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီးက တက္ကသိုလ်မောင်မယ်များအဖြစ် ရွေးချယ်ခြင်းခံရသော ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ မောင်ကျော်ဝေယံလင်းနှင့်  ဂီတပညာဌာနမှ   မဆုမြတ်သူတို့အား စလွယ်နှင့်သရဖူတို့ကိုချီးမြှင့်ပေးသည်။

ထို့နောက် ဂီတပညာဌာနနှင့်သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ  ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်   တက္ကသိုလ်ပင်မအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမသို့    ရောက်ရှိရာ ပါမောက္ခချုပ်က   တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာသင်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအခြေအနေများ၊   ကျောင်းပရဝဏ် သာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

(၅၀၀)