နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် ကြည့်ရှုအားပေး

နေပြည်တော်  ဇွန်  ၁၀

မြန်မာ့ရိုးရာခြင်းလုံးအားကစားဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက် သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာ ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားခြင်းကို ပြည်သူလူထုအတွင်း တစ်နှစ်ထက် တစ်နှစ် စိမ့်ဝင်တိုးတက်လာစေပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ရန်နှင့် မျိုးချစ်စိတ်ဓာတ်   ရှင်သန်ထက်မြက်လာစေရေးအတွက် ယခုကဲ့သို့ ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ခြင်းလုံးခတ်ကစားခြင်းသည် မြန်မာ့ ယဉ်ကျေးမှုကို အခြေခံသည့် ရိုးရာအားကစားနည်းဖြစ်ကြောင်း၊ ပြည်သူများလက်လှမ်းမီပြီး လွယ်ကူစွာကစားနိုင်သော အားကစား နည်းဖြစ်သည့်အပြင် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ “အပေးအယူ ချစ်ကြည်ဖြူခြင်းမူ စာဂ မျှစိတ္တ” ဆိုသည့် ခြင်းလုံးအားကစား ဆောင်ပုဒ်အတိုင်း ခြင်းလုံးအားကစားနည်းသည် ခြင်းဝိုင်းအတွင်း ကစားသူအချင်းချင်း အပေးအယူ မျှတသည့်စိတ်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြည်ဖြူသည့်စိတ်၊ တရားမျှတသည့်စိတ်များ မွေးမြူဖော်ဆောင်ပြီး ကစားရသည့် အားကစားနည်းတစ်ခုလည်း ဖြစ်ကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်း အောင်မြင်မှု ရရှိစေရန်အတွက် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားသမားများအနေဖြင့် ဆတက်ထမ်း ပိုးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ချစ်ကြည်ပူးပေါင်းမှုရရှိပြီး ပြည်ထောင်စုစိတ်ဓာတ် တိုးတက်မြင့်မားရေး၊ အမျိုးသားရေး စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ခြင်းလုံးအားကစား ပိုမိုရှင်သန်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ထူးချွန်သောရိုးရာ ခြင်းလုံး အားကစား သမားများပေါ်ပေါက်လာစေရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ဝိုင်းဖွဲ့ခြင်းလုံးခတ်(အမျိုးသမီး) ပွဲစဉ်များအဖြစ် မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအသင်း ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အသင်း ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ သရုပ်ပြခြင်းလုံး ခတ်ကစားနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲကို ဇွန် ၁၀ ရက်မှ ၁၃ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပသွားမည်ဖြစ်ပြီး ရိုးရာခြင်းလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။

ကျော်လွင်