COVID-19 ရောဂါကာလအတွင်း ကင်ဆာကုသမှုအခက်အခဲများ

ယနေ့အချိန်ကာလသည် COVID-19 ပြင်းထန်အဆုတ်ရောင်ရောဂါကို    မြန်မာနိုင်ငံသားများ ခံစားနေရသည့် ကာလဖြစ်ပါသည်။  COVID-19 ရောဂါ၏ဖိစီးမှုဒဏ်ကို     ကြံ့ကြံ့ခံနေကြရသလို COVID-19 မဟုတ်သောရောဂါများ၏    ဖိစီးမှုဒဏ်ကလည်းရှိနေသည်သာဖြစ်သည်။  မကူးစက်နိုင်သော ရောဂါကြီးများထဲ ပါဝင်ပြီး   လူသားများကို ဘေးဒုက္ခပြုတတ်သည့် ကင်ဆာရောဂါများကုသရေးသည် COVID-19 ကာလအတွင်း များစွာ ထိခိုက်အားနည်းလျက်ရှိပါသည်။

COVID-19 ရောဂါကာလအတွင်း ကင်ဆာလူနာများ ထိခိုက်နစ်နာကြရသည့်အကြောင်းရင်း  များစွာရှိပါသည်။ သုတေသနအတိအကျမထွက်ရှိသေးသော်ငြား ကင်ဆာလူနာများမှာ COVID-19 ဗိုင်းရပ်ပိုးကူးစက်ခြင်းခံရလျှင် သာမန်လူများထက် အသက်ရှူစက်တပ်ရသည့် နှုန်းပိုများသည်။ သေဆုံးမှုနှုန်းလည်း များပါသည်။   တစ်ဖက်ကလည်း  COVID-19 ကာလအတွင်း ကင်ဆာရောဂါများကြိုတင်ရှာဖွေခြင်း လုပ်ငန်းများမှာ များစွာအားနည်းသွားပြီး စောစီးစွာ သိသင့်သည့်ကင်ဆာရောဂါများကို အဆင့်လွန်ပြီး နောက်ကျမှသိလာကြရသည်။

ကင်ဆာရောဂါလက္ခဏာများဖြင့်    ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိလာသည့် လူနာများမှာပင်လျှင် ကင်ဆာရောဂါရှိ၊ မရှိစစ်ဆေးသည့် လုပ်ငန်းများ နှောင့်နှေးလျက်ရှိပါသည်။ တစ်ဖက်ကလည်း ရောဂါရှာဖွေရန် ဆေးရုံ၊ ဆေးခန်းသို့ လာရောက်သည့်အခါမှ COVID-19 ရောဂါကူးစက်သွားမှာစိုးရိမ်ပူပန်မှုများလည်း ရှိနေပြန်သည်။ ကင်ဆာရောဂါ ဖြစ်ပွားနေမှန်း သိလိုက်ရသည့်အခါတွင်လည်း    ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ကုသမှု လုပ်ငန်းစဉ်များမှာ နှောင့်နှေးကြန့်ကြာလျက်ရှိရပြန်သည်။

ကင်ဆာရောဂါရှာဖွေ စစ်ဆေးမှုများအပေါ် COVID-19 ၏ အကျိုးသက်ရောက်မှု

ကင်ဆာရောဂါတိုင်း ကြိုတင်စစ်ဆေးစောင့်ကြည့်လို့မရနိုင်ပါ။  ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ   စသည့်ရောဂါကြီးများမှာ ကြိုတင်ရှာဖွေစစ်ဆေးလို့ရပြီး   ကင်ဆာဖြစ်ခါစကာလမှာပင် လုံးဝပျောက်ကင်းအောင် ကုသနိုင်သည့် ကင်ဆာအမျိုးအစားများ ဖြစ်ပါသည်။

ဥပမာအားဖြင့်  အူမကြီးကင်ဆာများ  ကြိုတင်ရှာဖွေရေးအတွက် စအိုမှတစ်ဆင့် မှန်ပြောင်းကြည့် စစ်ဆေးခြင်း လုပ်ငန်းစဉ်များမှာ COVID-19 ဗိုင်းရပ်ပိုးသည် မစင်ထဲတွင်ရှိနေနိုင်သည့် အန္တရာယ်ကြောင့် နှောင့်နှေးကြန့်ကြာ လျက်ရှိပါသည်။   အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ အဆုတ်လေပြွန်တွင်းမှန်ပြောင်းကြည့်ခြင်း စသည့် အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာရောဂါများအတွက် စစ်ဆေးသည့် နည်းလမ်းများမှာလည်း ဃဥဠှီု-၁၉ ဗိုင်းရပ်ကူးစက်နိုင်ခြေ ရှိသောကြောင့် ကန့်သတ်ထိန်းချုပ် နေကြရပါသည်။

ဆေးရုံအများစုမှာတော့ အူမကြီးကင်ဆာနှင့် အခြားကင်ဆာသံသယလူနာများအား ဃဥဠှီု-၁၉ ကူးစက်နိုင်ခြေ နည်းပါးသည့် ကွန်ပြူတာဓာတ်မှန်များဖြင့်သာ  အားပြုပြီး   စစ်ဆေးပေးနေကြရသည်။

ကွန်ပြူတာဓာတ်မှန်စက်များကို COVID-19 လူနာနှင့် ထိတွေ့ပြီး  စက်၊ COVID-19 လူနာနှင့်မထိတွေ့ထားသည့်စက် စသဖြင့်ခွဲခြားထားပြီး အသုံးပြုနေကြရသည်။ COVID-19 လူနာများမှာလည်း ကွန်ပြူတာဓာတ်မှန်ဖြင့်   စစ်ဆေးကြရတာမျိုး ရှိသည့်အတွက် ယခုကဲ့သို့ ဓာတ်မှန်စက်နှစ်မျိုးခွဲပြီး စစ်ဆေးပေးနေကြရခြင်းဖြစ်ပါသည်။

တချို့ဆေးရုံများမှာတော့ ကင်ဆာလူနာသစ်များအား တစ်ပတ်၊ နှစ်ပတ်သီးသန့်ထားရှိပြီး နှာခေါင်းတို့ ဖတ်နမူနာရယူလျက် အဖြေကောင်းမှသာ ရောဂါရှာဖွေကုသမှု လုပ်ငန်းစဉ်များ စတင်ပြုလုပ်ကြကြောင်း လည်းတွေ့ရသည်။  အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရန် မလိုအပ်သည့် ကင်ဆာလူနာသစ်များကိုတော့ ဆေးရုံမှာ တစ်ပတ်မှနှစ်ပတ်အထိ သီးသန့်စောင့်ကြည့်ပြီးမှ ကုသမှုများ ဆက်လက်ပြုလုပ်ကြခြင်း ဖြစ်ပါသည်။

ကင်ဆာခွဲစိတ်ကုသမှုများအပေါ် COVID-19 ၏အကျိုးသက်ရောက်မှု

COVID-19 ရောဂါကာလအတွင်း ခွဲစိတ်ခန်းနေရာများကို COVID-19 လူနာများအတွက် ဖဲ့ပေးလိုက်ရတာမျိုးရှိသလို အသက်ရှူစက်များကိုလည်း COVID-19 လူနာဆောင်များအတွက် ခွဲပေးလိုက်ရတာလည်းရှိပါသည်။ အရေးပေါ်မဟုတ်သည့်ခွဲစိတ်မှုများအတွက် လူနာများဆေးရုံတက် ကြသည့်အခါ COVID-19 ကူးစက်သွားနိုင်ခြေရှိသည့်အတွက် အရေးပေါ်ခွဲစိတ်မှုများကိုသာ ပြုလုပ်ရန်    ဆေးရုံအများစုမှာ မူဝါဒချမှတ်ထားကြရသည်။

ကင်ဆာရောဂါလူနာများမှာပင်လျှင် ခွဲစိတ်ကုသမှုများကို နောက်ရွှေ့ပြီး ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဟော်မုန်းဆေးများဖြင့်  ကုသခြင်းတို့ဖြင့် ဦးစားပေးကုသကြလျက်ရှိသည်။  

သို့သော်လည်း  မခွဲမဖြစ်သည့်ကင်ဆာခွဲစိတ်မှုများ ဥပမာ- အူပိတ်လုနီးနီးဖြစ်နေသည့် အူမကြီးကင်ဆာများ၊ အစာမျိုရန်ခက်ခဲနေသည့်အစာရေမျိုပြွန်ကင်ဆာများ၊ အမျိုးသမီးမွေးလမ်းကြောင်းကင်ဆာရောဂါများမှာတော့ သက်ဆိုင်ရာ ဆေးရုံအုပ်ချုပ်မှုအဖွဲ့များအကြား တိုင်ပင်ညှိနှိုင်းပြီး အရေးပေါ်ခွဲစိတ်ပေးနေကြတာရှိပါသည်။

ဓာတ်ရောင်ခြည်ကုသမှုများအပေါ် COVID-19 ၏အကျိုးသက်ရောက်မှု

ကင်ဆာရောဂါများကုသရေးတွင် ဓာတ်ရောင်ခြည်ကုထုံးမှာ အလွန်အရေးပါသည့် ကုသနည်းတစ်ခုဖြစ်ပါသည်။ ကင်ဆာရောဂါကို လုံးဝပျောက်ကင်းသွားစေနိုင်သလို ကုသပျောက်ကင်းရန်  မလွယ်ကူသည့် ကင်ဆာကျိတ်များကိုလည်း  သက်သာသွားစေရန် ကုသပေးနိုင်သည့်   နည်းလမ်းတစ်ခုဖြစ်ပါသည်။

COVID-19 ရောဂါကာလအတွင်း ဓာတ်ရောင်ခြည်ကုထုံးများမှာ ပိုလို့ပင်အရေးပါလာကြပါသည်။

ဥပမာ ခွဲစိတ်ရန်မဖြစ်နိုင်သေးသည့် အစာဟောင်း အိမ်ကင်ဆာမျိုးမှာ ဓာတ်ရောင်ခြည်ကို ရက်တိုပေးခြင်းဖြင့် အချိန်ဆွဲထားလိုက်နိုင်တာမျိုး၊ တရုတ်နှင့်အီတလီနိုင်ငံတို့မှ သုတေသနများအရ လူနာများအား COVID-19 ပိုး ရှိ၊ မရှိ ကြိုတင်စစ်ဆေးခြင်း၊ ရောဂါကူးစက်မှုကာကွယ်ရေး နည်းလမ်းများ   တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခြင်းဖြင့် ဓာတ်ရောင်ခြည်ကုထုံးများကို အောင်မြင်စွာ ရယူနိုင်ကြကြောင်း သိရသည်။

COVID-19 ရောဂါကာလအတွင်း   ဓာတ်ရောင်ခြည်ကုထုံး  လိုအပ်ချက်များပြားလာမှုကြောင့် ငွေကြေးအင်အား ပြည့်စုံသည့် နိုင်ငံများမှာပင်လျှင် ဓာတ်ရောင်ခြည်ကုသမှုခံယူဖို့ စောင့်ဆိုင်းကြရသည့် အခြေအနေဖြစ်လာခဲ့သည်။ ထိုအခါမျိုးမှာ ကင်ဆာရောဂါများ၏ ပြင်းထန်မှုနှင့် ရောဂါဖြစ်ပွားရာ ကိုယ်အင်္ဂါနေရာများကို မူတည်လျက် ဓာတ်ရောင်ခြည်ဦးစားပေး သတ်မှတ်ချက် ဆောင်ရွက်ပေးနေကြရပါသည်။

ဥပမာ-ကင်ဆာပွားများ နှုန်းမြန်ဆန်သည့် ဦးခေါင်းနှင့်လည်ပင်းတစ်ဝိုက်ကင်ဆာများကို ဦးစားပေးအဆင့်(၁)များအဖြစ် သတ်မှတ်လျက် ဓာတ်ရောင်ခြည်အမြန်ပေးကြခြင်းမျိုး ဖြစ်ပါသည်။ ခွဲစိတ်ပြီးသည့် ကင်ဆာရောဂါများကို  အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းခိုင်းထားကြပြီး ဓာတ်ရောင်ခြည်ပေးသည့် အခါတွင်လည်း အချိန်တိုတိုအတွင်း ရက်နည်းနည်းဖြင့်ပေးသည့် နည်းလမ်းကို ကျင့်သုံးနေကြပါသည်။

ကင်ဆာဆေးသွင်းကုသမှုများအပေါ် COVID-19 ၏အကျိုးသက်ရောက်မှု

ကင်ဆာဆေးသွင်းကုသခြင်း၏အားနည်းချက်မှာ ကင်ဆာလူနာများအား  ကိုယ်ခံအားကျဆင်းယုတ်လျော့စေလျက် ကူးစက်ရောဂါပိုးများ၏ ဒဏ်ကိုခံစားသွားစေနိုင်သည့်အန္တရာယ်ဖြစ်သည်။ သွေးဖြူဥကျဆင်းအားနည်းနေသည့် ကင်ဆာဆေးသွင်း လူနာများအဖို့ COVID-19 ကူးစက်ခံလိုက်ရပါက အသက်ရှင်ရန်အခွင့်အလမ်း   အလွန်အမင်း နည်းပါးပါလိမ့်မည်။

ပြင်းထန်ကင်ဆာ    ဓာတုဆေးဝါးများမဟုတ်သည့် တိုက်ရိုက်ပစ်မှတ်ကုထုံးဆေးများ၊ ကိုယ်ခံစွမ်းအား ကုထုံးဆေးများနှင့် ဟော်မုန်းဆေးများ၏ COVID-19 ပြင်းထန်မှုအလားအလာကိုတော့   မခန့်မှန်းနိုင်ကြသေးပါ။

ကင်ဆာဆေးများသွင်းလိုက်ပါက ပြန်ကောင်းမည်၊ အကျိုးရှိမည်မှာ  သေချာသည့်သွေးကင်ဆာအမျိုးအစားများနှင့်  အဆုတ်ကင်ဆာအမျိုးအစားအချို့၊ ပြန်ရည်ကျိတ်ကင်ဆာ  စသည်များမှာတော့  COVID-19 ပိုးကူးစက်ခံထားရခြင်းရှိ၊ မရှိ နှာခေါင်းတို့ဖတ်နမူနာယူစစ်ဆေးပြီးမှ ကင်ဆာဆေးသွင်းကုသမှုကိုပြုလုပ်ပေးကြသည်။   ပျောက်ကင်းရန် မဖြစ်နိုင်ဘဲ သက်သာစေရန်သာ ရည်ရွယ်သည့်ကင်ဆာလူနာများမှာတော့ ကင်ဆာဆေးသွင်းကုသမှုများကို ဟော်မုန်းဆေးများ၊ တခြားမပြင်းထန်သည့်ဆေးကုထုံးများဖြင့် အစားထိုးထိန်းချုပ် ကုသကြလျက်ရှိသည်။

ကင်ဆာလူနာများပုံမှန်ပြသနိုင်ရေးလုပ်ငန်းစဉ်များ အပေါ် COVID-19 ၏အကျိုးသက်ရောက်မှု

COVID-19 ရောဂါကာလအတွင်းမှာ ကင်ဆာလူနာများဆေးရုံ၊ ဆေးခန်းလာရောက်ရသည့်အကြိမ် အရေအတွက်ကို လျှော့ချပေးနေကြသည်။  ဖြစ်ပွားသည့်ကင်ဆာရောဂါအမျိုးအစား၊ ရောဂါပြန်လည်ခေါင်းထောင်လာနိုင်မည့်    အချိန်ကာလများကို မျှော်မှန်းလျက် လူနာများကို ခပ်ခွာခွာပြန်လည်ချိန်းဆိုပေးနေကြရသည်။   ထိုသို့ချိန်းဆိုရသည့်အတွက် ကင်ဆာပြန်လည် ခေါင်းထောင်လာသည့်အချိန်ကို မသိလိုက်ဘဲ နောက်ကျသွားနိုင်သည်။

တချို့ဆေးရုံများမှာတော့  လူနာနှင့်ဆရာဝန်အွန်လိုင်း ဆွေးနွေးမှုများဖြင့် အစားထိုးကုသပေးနေကြသည်။  သို့သော်လည်း အင်တာနက်ဆက်သွယ်ရေးခက်ခဲသည့် နေရာဒေသများမှာတော့  Telemedicine ဟုခေါ်သည့် အွန်လိုင်းဆေးကုသ ဝန်ဆောင်မှုများက အကန့်အသတ်ရှိနိုင်ပါသည်။ ထို့ပြင် လူနာကို တိုက်ရိုက်ထိတွေ့စမ်းသပ်လို့  မရနိုင်သည့်အတွက်  ရောဂါကို မသိလိုက်သည့်အားနည်းချက် တချို့တော့ရှိနေနိုင်သည်။

ကင်ဆာသုတေသနလုပ်ငန်းများအပေါ် COVID-19 ၏အကျိုးသက်ရောက်မှု

ကင်ဆာကုသမှုလုပ်ငန်းစဉ်များသည် သုတေသနစမ်းသပ်မှုများနှင့်လည်း   အမြဲယှဉ်တွဲနေတတ်ပါသည်။ COVID-19 ရောဂါဖြစ်ပွားလာသည့်အခါ ကင်ဆာလူနာများနှင့်   ဆက်စပ်ပြုလုပ်နေရသည့် ကင်ဆာသုတေသန    လုပ်ငန်းကြီးများသည်လည်း ရပ်တန့်သွားရပါသည်။ လက်ရှိကမ္ဘာအနှံ့အပြားမှာပြုလုပ်ဆဲ ကင်ဆာသုတေသန ၁၂၀၀၀ ကျော်ရှိရာ ၎င်းသုတေသနအားလုံးလိုလိုမှာ ရပ်တန့်နေပြီဖြစ်ပါသည်။

သုတေသနလုပ်ငန်းများ ရပ်ဆိုင်းသွားသည့်အတွက် ကင်ဆာကုသမှု ပညာရပ်ဆိုင်ရာများ  အားနည်းသွားသည့်အပြင် သုတေသနကြီးများအတွက် ကုန်ကျသည့် အသုံးစရိတ်များမှာလည်း ဆုံးရှုံးသွားရပါသည်။ ကင်ဆာသုတေသန အဆင့်တစ်ခုအတွက် ပျမ်းမျှကုန်ကျစရိတ်မှာ  ကန်ဒေါ်လာသန်း ၂၀၀ ခန့်ဖြစ်ပါသည်။ သုတေသန ၁၂၀၀၀ ကျော်အတွက် ကုန်ကျစရိတ်ဆုံးရှုံးမှုများကို မှန်းဆကြည့်ကြဖို့ ဖြစ်ပါသည်။

အနှစ်ချုပ်အားဖြင့်ဆိုရပါသော် COVID-19 ရောဂါကာလအတွင်း ကမ္ဘာတစ်လွှားကျန်းမာရေး ကဏ္ဍများမှာ များစွာထိခိုက ်နစ်နာလျက်ရှိရာ ကင်ဆာကုသရေး လုပ်ငန်းစဉ်များလည်း အပါအဝင်ဖြစ်သည်။ ထိုသို့ထိခိုက်နစ်နာမှုများကို လျှော့ချနိုင်ရန်အတွက် ရေတို၊ရေရှည်စီမံချက်များချမှတ်ပြီး ဆောင်ရွက်ကြရပါမည်။

ရေတိုစီမံချက်များအနေဖြင့် ကင်ဆာရောဂါလက္ခဏာရှိနေသူများကို ဆေးရုံ၊ ဆေးခန်းများသို့ COVID-19 ရောဂါပိုးမကူးစက်စေဘဲ လုံခြုံစိတ်ချစွာ လာရောက်ပြသနိုင်စေရေး လမ်းကြောင်းများချမှတ်ပေးထားရပါမည်။ တစ်ဖက်ကလည်း ကင်ဆာသံသယဖြင့်လာရောက်ပြသသူများထံမှတစ်ဆင့် ဃဥဠှီု-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်း မရှိစေရေး အစီအစဉ်များ ချမှတ်ထားရမည်။

ရေရှည်စီမံချက်များအနေဖြင့် COVID-19 ရောဂါကာလအတွင်း ကင်ဆာလူနာများအတွက် လိုအပ်သည့် ရောဂါရှာဖွေစမ်းသပ်မှု၊ ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ရေးအတွက် သီးသန့်စီမံချက်များ ချထားလျက် လူအင်အား၊ ကင်ဆာသီးသန့်ကုသဆောင်များ၊ ရောဂါရှာဖွေရေးစက်ကိရိယာများကို  သီးသန့်စုစည်း ထားရှိရပါမည်။ထိုစီမံချက်များတွင် COVID-19 ရောဂါပိုးမကူးစက်စေရေး အထူးစီမံချက်များလည်း ပါဝင်သင့်သည်။

မည်မျှကြာမြင့်မည်မသိသည့် COVID-19 ရောဂါကာလအတွင်း ကင်ဆာကုသမှုများကို ပုံမှန်ဖြစ်သည် အထိ ပြန်လည်ဆောင်ရွက်နိုင်စေရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။  ။

ဒေါက်တာလွှမ်းမိုးဟန်