သွေးတိုးရောဂါအကြောင်းသိကောင်းစရာ

သွေးတိုးရောဂါအကြောင်းသိကောင်းစရာ

အသက်ကြီးလာလျှင် အဖြစ်များသောရောဂါတစ်ခုမှာ သွေးတိုးရောဂါဖြစ်သည်။  အသက်လေးဆယ် ကျော်လာသည်နှင့် ထိုရောဂါမှာ စတင်တံခါးခေါက် လာပြီဖြစ်သည်။ အမှုမဲ့အမှတ်မဲ့နေရင်း အလစ်ဝင်ရောက် လာတတ်သည်။

သွေးတိုးရောဂါသည် အဖြစ်များသော နာတာရှည် ရောဂါမျိုးဖြစ်သည်။  ဆေးဝါး၊  ဓာတ်စာမမှီဝဲဘဲ ပျောက်ကင်းနိုင်သော ရောဂါမျိုး မဟုတ်ပေ။ သွေးတိုး ရောဂါ၏  မူလအစမှာ  အဆီစားသုံးမှုများပြားခြင်းကြောင့် နှလုံးမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ပေးပို့သော သွေးလွှတ် ကြောများအတွင်းတွင် အဆီထုတက်ပြီး သွေးကြောကျဉ်းမြောင်းလာရာမှစ၍ဖြစ်သည်။ ကျဉ်း

မြောင်းသော သွေးကြောမှသွေးပို့ပေးရာတွင် လိုအပ်သောနေရာရောက်ရှိရန် နှလုံးသည်ညှစ်အားပို၍သုံးရသည်။ ထိုသွေးဖိအား ညှစ်အားကို လက်မောင်းတွင် ပတ်၍ ချိန်သောသွေးပေါင်ချိန်ကိရိယာက သွေးတိုးအဖြစ်ညွှန်ပြသည်။

နောက်ဆက်တွဲရောဂါ

သွေးတိုးရောဂါ၏ နောက်ဆက်တွဲမှာ နှလုံးရောဂါနှင့် အလွန်ကြောက်စရာကောင်းသော လေငန်း၊ လေဖြတ်ရောဂါဖြစ်သည်။ ရောဂါနှစ်ကြာလာသောအခါ ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။ သွေးတိုး ရောဂါဖြစ်ပွားလာလျှင် သွေးပေါင်ပုံမှန်ချိန်ခြင်း၊ မိမိနှင့်သင့်လျော်သော သွေးကျဆေးတစ်မျိုးမျိုးကို ပုံမှန် စားခြင်းပြုလုပ်သင့်သည်။ အချို့သူများမှာ သွေးတိုးရောဂါဝင်လာခါစမှာ   ကြိုတင်သတိရှိပြီး   မြန်မာဆေးမြီးတိုနှင့် ပျောက်ကင်းသွားသူများလည်းရှိသည်။နှလုံးမကောင်းခြင်း၊ ကျောက်ကပ်မကောင်းခြင်း၊ အဆီအအိမ့်အစားများပြီး သွေးကြောများတွင် ပထဝီဓာတ်လွန်ကဲ၍ လေးလံထိုင်းမှိုင်းခြင်း၊ ပိတ်ဆို့ခြင်းများကြောင့် သွေးဖိအား တိုးရောဂါ ဖြစ်လာရသည်။

ပထဝီဓာတ်ပိတ်ဆို့ခြင်းကြောင့် လေသွားလမ်းကျဉ်းမြောင်းသဖြင့် ဖိတိုးသောကြောင့် “လေတိုးရောဂါ”ဟုလည်း မြန်မာဆေး ဆရာကြီးအချို့က ယူဆကြသည်။ စိတ္တဇဝါယော ခေါ် စိတ်ကြောင့်ဖြစ်သော လေဖိအားကြောင့်လည်း သွေးတိုးရောဂါဖြစ်နိုင်သည်။ (တစ်နည်း) စိတ်မချမ်းသာလျှင်လည်း သွေးတိုးရောဂါဖြစ်နိုင်သည်။

ငါးစားခြင်းအကျိုး

 

လေဖြတ်ရောဂါမှန်သမျှသည် သွေးတိုးရောဂါ အခြေခံမှစသည်ကို တွေ့ရသည်။ ငါးစားခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းနိုင်သည်ဟု ဆိုသည်။ လူတို့ သည် နေ့စဉ်စားသောက်ကာ အစာအာဟာရများကို အမျိုးအစားခွဲခြားကြည့်သောအခါ

(၁)       အသီးအရွက်များ၊

(၂)        တိရစ္ဆာန်အသားများဟူ၍ နှစ်မျိုးနှစ်စားတွေ့ရှိရ သည်။ အသားစားသူများ စားသုံးသည့် အသားအမျိုးအစားကို ထပ်မံခွဲခြား ကြည့်လျှင်

(၁) ကုန်းသတ္တဝါအသားနှင့်

(၂) ရေသတ္တဝါအသားများဖြစ်ပြီး ရေသတ္တဝါအသားအဖြစ် ငါးကိုစားသုံးကြသည်ကို တွေ့ရသည်။

ဆေးပညာသဘောအရ ကုန်းသတ္တဝါအသားများသည် ပထဝီဓာတ်လွန်ကဲပြီး ကြေခဲသောအစာများဖြစ်သည်။ မီးဖြင့် အချိန်ကြာ မြင့်စွာ ချက်ပြုတ်မှသာ စားသုံးနိုင်သည့် အခြေအနေသို့ရောက်သည်။ အဆီများသော အသားမျိုးဖြစ်လျှင် ပို၍ပင် အချိန်ကြာမြင့်စွာ ချက်ပြုတ်ရသည်။ ချက်ပြုတ်၍ မကြေကျက် သောအစားအစာများကို စားသုံးသဖြင့် အစာအိမ်နှင့် အူမကြီးရောင်သော ရောဂါများ ရရှိနိုင်သည်။ ထိုထက် ဆိုးသည်မှာ အဆီဓာတ်များသည် လူ၏သွေးကြောများ အတွင်းသို့ရောက်ရှိကာ  သွေးပိုက်လိုင်းများကျဉ်း သွားစေနိုင်သည်။  ထိုကျဉ်းနေသော  သွေးကြောမှ သွေးများ စီးဆင်းစေရန် နှလုံးသည် ပို၍ညှစ်အားပေးရ သည်။ ထို့ကြောင့် သွေးတိုး ရောဂါဖြစ်လာသည်။ အလုပ်ပိုလုပ်ရသောနှလုံးသည် ကြာရှည်မခံနိုင်၍ နှလုံးရောဂါဖြစ်ပြီး လူ့သက်တမ်းစေ့မနေရတော့ပေ။

ငါးစားသုံးသူများသည် သက်သတ်လွတ်စားသုံးသူများနည်းတူ နှလုံးတွင်အဆီတက်ခြင်း၊ သွေးကြောများကျဉ်းခြင်း ရောဂါဖြစ်ပွားမှု နည်းပါးသည်။ ငါးတွင်ပါဝင်သော အဆီဓာတ်သည် ပထဝီဓာတ်နည်းပါးပြီး အာပေါဓာတ်များခြင်းကြောင့် နှလုံးသွေးကြောများ အတွင်း အဆီခဲခြင်း၊ သွေးကြောပိုက်လိုင်းများ ကျဉ်းမြောင်းခြင်းမဖြစ်စေနိုင်ပေ။

အနောက်တိုင်း ဆေးပညာရှင်များကလည်း ငါးတွင်ပါဝင်သောအဆီသည် အိုမီဂါသရီးခေါ် လူကိုအကျိုးပြုသည့် ဖက်တီးအက်စစ် ပါဝင်သည်ဟု သုတေသနပြုထားကြသည်။ ရေချိုငါးများထက် ပင်လယ်ငါးများတွင် လူကိုအကျိုးပြုသော အဆီပို၍ပါဝင်သည်ဟု ဆိုကြသည်။ တူနာခေါ် ပင်လယ်ငါးတစ်မျိုး၏ အဆီကို ထုတ်ယူပြီး ငါးကြီးဆီအဖြစ် အားနည်းသောလူနာများကို ပေးလေ့ရှိသည်။ ငါးကြီးဆီသည် နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ဖြစ်ပွားမှုနှုန်းလျော့ကျစေနိုင်သည်ဟုဆိုသည်။ မြန်မာ့ဆေးကျမ်းများတွင် ကား ပင်လယ်ငါးသည် ဆူ၏။ ကြေခဲ၏။ ချိုဆိမ့်၏။ ပူ၏။ သည်းခြေကိုစဉ်းငယ် ပျက်စေတတ်၏။ လေကိုနိုင်၏။ သုက်၊  သလိပ်တို့ကို  ပွားစေတတ်၏။  ကျင်ကြီးကို ပွားစေတတ်၏။  (မြစ်ငါးနှင့်  ပင်လယ်ငါးတို့ကား အကျိုးအပြစ်တူကြ၏ဟု  ဥတုဘောဇနကျမ်းတွင် ဖော်ပြထားသည်။)

အသက်ရာကျော်အဘွား

 

စာရေးသူသည် မန္တလေးမြို့တောင်ဘက် ပေါက်ချောင်းရွာမှ အသက် (၁၁၅) နှစ်ရှိသော အဘွားမြနှင့်တွေ့ဆုံသောအခါ အကြိုက်ဆုံး အစားအစာမှာ ငါးလေးအိုးကပ်နှင့် ကန်စွန်းရွက်ချဉ်ရည်ဟင်းတို့ဖြစ်ကြောင်း ပြောပြသည်။ မိမိတို့မျိုးရိုးတွင် လယ်ငါး၊ ချောင်းငါးများ ကိုသာ အဓိကထားပြီး စားသုံးကြသည်။ ဝက်သား၊ အမဲသား စားသုံးမှုအလွန်နည်းသည်။ ငါးစားသုံးခြင်းကြောင့် လေဖြတ်ရောဂါနှင့် မြို့ပေါ်တွင် အဖြစ်များသော သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ ဖြစ်ပွားမှုနည်းပါးကြောင်း ပြောပြသည်။

ငါးစားသုံးခြင်းကြောင့် ကောင်းသောအဆီများသာ ရနိုင်သည်။ ခြေလေးချောင်းသားများကဲ့သို့ မကောင်းသောအဆီများ  သွေးကြော နှင့်  နှလုံးသို့ရောက်ရှိပြီး နှလုံးညှစ်အား မြင့်တက်လာရာမှဖြစ်သော ဦးနှောက်သွေးကြောပေါက်ရောဂါ၊ လေသင်တုန်းဖြတ်ရောဂါ၊ နှလုံးရုတ်တရက် ရပ်ဆိုင်းသည့်ရောဂါများ ဘေးမှ ကင်းဝေးစေနိုင်ပါသည်။

သွေးတိုး လေတိုး

ရှေးဆရာကြီးများက သွေးတိုးကို “လေတိုး” ရောဂါ ဟုလည်းပြောကြသည်။ ထိုလေသည် သာမန်လေမဟုတ်ပါ။ လေပူဖြစ်သည်။ လေပူထရောဂါသည် အစာအိမ်မှ အချဉ်ပေါက်ပြီးဖြစ်လာသော ရောဂါဖြစ်သည်။ အစာအိမ်မှအချဉ်ဓာတ်ပါသော အရည်များသည် လေနှင့်တကွ အထက်သို့ဆန်တက်လာပြီး ပါးစောင်၊ သွားဖုံး၊ လျှာ၊ အာခေါင် စသည့်နေရာများတွင်လောင်ပြီး အပူဖုငယ်များ ထွက်လေ့ရှိသည်။ လျှာတွင် ချိုင့်ခွက် ကဲ့သို့လည်းထွက်လေ့ရှိသည်။ အလွန်နာပြီး အစားအသောက်အပူအစပ်မစားနိုင် ဒုက္ခတွေ့ ရသော အပူနာများဖြစ်သည်။ ကျောင်းသူသမီးငယ်တစ်ဦးသည် စာမေးပွဲနီးသည့်အခါတိုင်း လျှာတွင်အနာစက်များပေါက်လေ့ရှိသည်။ ဆရာဝန်ပြသောအခါ Stress Ulcer ခေါ်  စိတ်ရှုပ်ထွေးမှု၊  စိတ်ပူပန်မှုကြောင့်ဖြစ်သောအနာဟု အမည်တပ်သည်။ ဇာစ်မြစ်ကို လေ့လာကြည့်သောအခါ စာမေးပွဲနီးလာလျှင် သူသည် အချိန်မှန် ထမင်းမစား၊ ထမင်းအစား ကော်ဖီနှင့် ရယ်ဒီမိတ် ခေါက်ဆွဲ ခြောက်များ၊  မအိပ်ချင်အောင် အစပ်ထုပ်များစားရာမှ လျှာအပူကန်ရောဂါရလာခြင်းဖြစ်ပုံရသည်။

လေပူထရောဂါ

လေပူထရောဂါကြောင့် လူကြီးများတွင် သွေးတိုးခြင်း၊ ခေါင်းပူခြင်း၊ ခေါင်းအုံခေါင်းမူးခြင်း၊ မျက်စိမှုန်ပြီးကြည့် မကောင်းခြင်းများ ဖြစ်နိုင်သည်။ လေပူသည် မျက်စိအတွင်းရှိ မှန်ဘီလူးနှင့် မျက်ကြည်လွှာ အကြားတွင် အခိုးတက်ရိုက်သောအခါ မျက်စိအတွင်း တိမ်ရောဂါဖြစ်တတ်သည်။ ရှေးက လူကြီးများသည် မျက်စိတိမ်စွဲရောဂါမဖြစ်အောင်နှင့် လေပူများအောက်သို့ဆင်းစေရန်အတွက် ညအိပ်ရာဝင်ချိန်တိုင်းတွင် ဒူးမှအောက်ပိုင်းကို ရေအေးခုနစ်ခွက်လောင်းပေးပြီးမှ အိပ်ကြသဖြင့် မျက်စိလည်းကြည့်ကောင်း ခေါင်းပူပြီး မူးခြင်းမှလည်း သက်သာသည်ဟု ဆိုကြသည်။

လေရောဂါအစ အစာအိမ်က

 

လေပူရောဂါ၏ မူရင်းအစမှာ အစာအိမ်မှဖြစ်သည်။ အပူ၊ အစပ်၊ အချဉ်အရသာ သုံးမျိုးကိုကြိုက်နှစ်သက်၍ အစဉ်အမြဲ စားသုံး လျှင်ဖြစ်စေ၊ ထိုအစာများကို စားသုံးပြီးနောက် ဆန့်ကျင်ဘက်ဖြစ်သော အေးသောရေခဲရေကို သောက်သုံးလျှင်ဖြစ်စေ အစာအိမ်မှ ဝမ်းမီးပျက်ပြီး လေချဉ်ဖြစ်လာသည်။ ထိုလေချဉ်တွင် ဥဏှတေဇော ခေါ် အပူဓာတ်သည် လေဝါယောဓာတ်နှင့်ပေါင်းမိပြီး အထက်သို့ အချဉ်ဓာတ်များကို သယ်ဆောင်ပြီး တက်လာသည်။ ပါးစပ်၊ ခံတွင်း၊ လျှာ၊ အာခေါင်ပေါက်၊ မျက်စိ၊ ဦးခေါင်းအတွင်းမှ ငယ်ထိပ် ပေါက်ထိအောင် အပူချိန်တက်သည်ဟုဆိုသည်။

လေချဉ်၊ လေပူတက်ခြင်းကို ရှေးလူကြီးများသည် သင်္ဘောသီးနုကို ထန်းလျက်နှင့် စားခြင်းဖြင့်လည်းကောင်း၊ ဖရဲသီးမှည့်ကို သကြားနှင့် ခေါက်စားခြင်းဖြင့် လည်းကောင်း၊ မန်ကျည်းမှည့်အနှစ်ကို ထန်းလျက်နှင့် စိမ်၍ ဆားအနည်းငယ်ခတ်ကာ ညအိပ်ရာဝင် သောက်ခြင်းဖြင့်လည်းကောင်းသက်သာစေသည်ဟုဆိုသည်။

လေပူထရောဂါလက်တွေ့ပျောက်ကင်းနည်းကို တိုင်းရင်းဆေးကောင်စီဝင် ဆရာကြီး ဦးမာဃက (၁၉၈၄ ခုနှစ် မတ်လထုတ် သိပ္ပံ မဂ္ဂဇင်းတွင်)ရေးသား ခဲ့ရာတွင် အိမ်သုံးနနွင်းမှုန့်ရိုးရိုး(နနွင်းခါးမဟုတ်) ကို ချိုအောင်သကြားရော၍ တစ်နေ့လျှင် မန်ကျည်းစေ့ နှစ်စေ့၊ သုံးစေ့ခန့် (အင်အားနှင့် အခြေအနေကို ကြည့်၍သောက်ပါ။ အစာအိမ်အတွက် ဆရာတို့လက်တွေ့ဖြစ်ပါသည်။ နနွင်းအပူကို သကြားကပြန်ထိန်းထား သဖြင့် ခံနိုင်ရည်ရှိပါလိမ့်မည်။) ဟု ရေးသားထားကြောင်း မှတ်သားထားသည်ကို တွေ့ရသည်။

ဝမ်းချုပ်ခြင်းပြဿနာ

ဝမ်းချုပ်ခြင်းဖြင့်လည်း သွေးတိုးတတ်သည်ကို သတိပြုပါ။ လူကြီးများ၊ အထိုင်များသော အလုပ်လုပ်ရသူများ၊ စားချိန်သောက်ချိန် မမှန်သော အလုပ်လုပ်ရသူများ၊ ခရီးသွားသူများတွင် အခြားကျန်းမာရေး ကောင်းမွန်သည့်တိုင် ဝမ်းချုပ်ခြင်း ပြဿနာကြုံတွေ့ ရလေ့ရှိသည်။ ဝမ်းချုပ်ခြင်းကို ဆေးကျမ်းများတွင် ရောဂါဟုသတ်မှတ်မထားသော်လည်း လူတော်တော်များများတွင် ခံစားရသည့် ဝေဒနာဖြစ်သည်။ ယနေ့ ကြော်ငြာရောင်းချနေသော တိုင်းရင်းမြန်မာဆေးအမျိုးမျိုးကို လေ့လာကြည့်သောအခါ ရောဂါအမည် အမျိုးမျိုး တပ်ထားကြသော်လည်း များသောအားဖြင့် ဝမ်းနုတ်ဆေး အမျိုးအစားများသာ ဖြစ်နေသည်ကို တွေ့ရသည်။ ဝယ်ယူသုံး စွဲကြသောအခါ ဝမ်းမှန်မှန်သွားခြင်း၊ လွယ်ကူစွာဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲအကြောတက်ခြင်း၊ အညောင်းအကိုက်များခြင်းပါ သက်သာသဖြင့် ထိုဆေးများကို ကြော်ငြာသည့်ရောဂါ မပျောက်သည့်တိုင် ဆက်လက်ဝယ်ယူ သုံးစွဲနေသည်ကို တွေ့ရပေသည်။ ဝမ်းတစ်လုံးကောင်းလျှင်  ခေါင်းတစ်လုံးမခဲဟူသော ရှေးလူကြီးများစကားကို အချို့က ဝမ်းသွား လျှင် ခေါင်းမကိုက်ဟု ယူဆနေကြသည်။ မူရင်းစကားမှာ ထိုသို့ ရည်ရွယ်ခြင်းမဟုတ်ပေ။ ဝမ်းဗိုက်အတွင်းမှ အစာအိမ် မကောင်းလျှင် အစာကြေကျက်အား သို့မဟုတ် ဝမ်းမီးအားကောင်းလျှင် ခေါင်းခဲစရာ နောက်ဆက်တွဲရောဂါဆိုးများမဖြစ်နိုင်ဟုဆိုလိုရင်းဖြစ်သည်။ ဝမ်းမချုပ်လျှင် ခေါင်းမခဲဟု အယူအဆမှားနေကြခြင်းဖြစ်ပေသည်။

ဝမ်းချုပ်ခြင်း ပြဿနာရှိသူတော်တော်များများကို လေ့လာကြည့်သောအခါ လမ်းလျှောက်နည်းသူများ ဖြစ်သည်ကို တွေ့ရပေသည်။ လမ်းမလျှောက်ခြင်းကြောင့် အစာမကြေ၊ လေအောက်သို့မကျ၊ အူလှုပ်ရှားမှုမရှိသဖြင့် ရှေ့ကအစာနှင့်နောက်ကအစာပေါင်း၍ အူမကြီးတွင် ပိတ်ဆို့ကာ စမြင်းကဲ့သို့ဖြစ်ပြီး ဝမ်းချုပ်သွားခြင်း ဖြစ်ရလေသည်။ဝမ်းနုတ်ဆေးမှန်သမျှသည် အူနံရံလှုပ်ရှားမှုကိုဖြစ် စေပြီးဝမ်းသွားစေခြင်း၊ အစာဟောင်းများကို အရည်အဖြစ်ပျော်ပြီး ဝမ်းသွားစေခြင်းနှစ်မျိုးရှိသည်။ ထိုနှစ်မျိုးလုံးသည် ရေရှည်တွင် အူနံရံများမှ သက်စောင့်အချွဲအမြှေးများကွာကျစေခြင်း၊ ဝမ်းနှင့်အတူပါသွားစေခြင်းကြောင့် အကျိုးထက် အပြစ်က ပိုများလာမည် ဖြစ်သည်။ မြန်မာဝမ်းနုတ်ဆေးတွင် ပွေးကိုင်းနှင့် ကနခိုများများပါလျှင် ပို၍ပင် ဥပဒ်ပေးနိုင်သည်။ ထိုဆေးများသည် ကြာကြာ စွဲသုံးလျှင် အူသာမက ကျောက်ကပ်ကိုပင် ပျက်စီးစေနိုင်သည်။ တစ်ခါတစ်ရံသာ သုံးစွဲသင့်သောဆေးများကို သက်စောင့် ဆေးသဖွယ် နေ့စဉ်စွဲ၍ စားသုံးနေလျှင် တစ်နေ့တွင် ဒုက္ခနှင့်တွေ့ရမည်ကို သတိပြုမိစေလိုသည်။

လမ်းများများလျှောက်ခြင်း၊ ထိုင်ထလေ့ကျင့်ခန်းလုပ်ခြင်း၊ လှေကားအဆင်းအတက်ပြုလုပ်ခြင်း၊ ရေများများသောက်ခြင်း၊ အိပ်ရာဝင် ချိန်နှင့် အိပ်ရာထချိန်တွင် ရေမတ်ခွက်တစ်ခွက်ခန့်သောက်ခြင်း၊ အသီးအရွက် များများစားခြင်း၊ သင်္ဘောသီးမှည့်၊ ငှက်ပျောသီး မှည့်များကို နေ့စဉ်မှန်မှန်စားသုံးပေးခြင်း၊ ညအိပ်ရာဝင်ချိန်တွင် မန်ကျည်းမှည့်ဖျော်ရည်သောက်ခြင်း၊ နံနက်စောစော အစာမစားမီ နွားနို့အစိမ်းကို ဆားခတ်၍သောက်ခြင်း၊ အူမကြီးကို အန္တရာယ်မပေးသည့် ဆားခါးနှင့်ရှောက်ရည်သောက်ခြင်းတို့ဖြင့် ဝမ်းမှန်အောင် ပြုလုပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

သွေးတိုးကျစေနိုင်သော ဆေးမြီးတိုများမှာ-

သွေးတိုးရောဂါအတွက် မြန်မာဆေးမြီးတို (ဆေးနည်းတို) များစွာရှိသည်။ လူတစ်ဦးနှင့်တစ်ဦး ပျောက်ကင်းစေနိုင်သော နည်းလမ်း များ မတူညီသော်လည်း တိုက်ဆိုင်၍ ပျောက်ကင်းသွားလျှင် ငွေကုန်ကြေးကျမများဘဲ အလွယ်တကူ မိမိပတ်ဝန်းကျင်တွင် ရရှိနိုင်သော အပင်၊ အမြစ်၊ အရွက်၊ အသီး၊ အပွင့်တို့မှရရှိခြင်းဖြစ်သဖြင့် အားကိုးထိုက်သော ဆေးမြီးတိုများဖြစ်သည်။ အချို့ ခေတ်ပညာတတ် တိုင်းရင်းဆေးကို အထင်မကြီးသူများပင် သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါကြီးများ ရုတ်တရက် အသက်ဆုံးနိုင်သည့် နှလုံးသွေးကြောပိတ်၊ ရင်ဘတ်အောင့်ရောဂါကြီးများ ဆေးမြီးတိုနှင့် ပျောက်သွားသည်ကို တွေ့ရသောအခါ အံ့သြနေကြသည်။ ဆေးမြီးတိုများသည် လူထုအတွက် အသုံးဝင်သော တိုင်းရင်းဆေး ပညာဖြစ်သည်။

၁။         ရှောက်သီးအခွံပါ လေးစိတ်စိတ်ပြီး မတ်ခွက်တွင်ထည့် ရေနွေးစိမ်ထားပြီး အအေးခံ၍ တစ်နေကုန် သောက်ပါ။

၂။         ရှောက်သီးအရည်ညှစ် သုံးဇွန်း+ပျားရည်စစ်စစ် တစ်ဇွန်း ထမင်းစားပြီးသောက်ပါ။

၃။         ရှောက်ရွက်အနု၊ အရင့် တစ်နေ့လျှင် ခုနစ်ရွက်မှ ၁၀ ရွက်ခန့် နေ့စဉ်အတို့အမြှုပ်ပြုလုပ်၍စားပါ။

၄။         ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်စသည်တို့သည် မြန်မာလူမျိုးတို့နှင့်မကင်းနိုင်သော အစာများဖြစ်သည်။ ထိုအစာများ စားသည့်နေ့တွင် ဒန့်သလွန်ရွက်ဟင်းချိုကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့်ချက်ပြီး တွဲဖက်သောက် ပေးပါ။ ကြက်သွန်ဖြူသည် သွေးတိုးကို ကျစေနိုင်သည်။ (သွေးတိုးရောဂါဖြစ်ပွားခဲ့ရာ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခဲ့ပါသဖြင့် ပျောက်ကင်းခဲ့သည်။) (မဟတ္တမဂန္ဒီ)

၅။         ဒန့်သလွန်သီးအရင့်များကို နေဖြင့် အခြောက်လှန်းထားပြီး သွေးအလွန်တိုးလျှင် နှစ်စေ့၊ သုံးစေ့ ဝါးစားပါ။

၆။         သင်္ဘောအဖိုပင်၏ အပွင့်ကိုပြုတ်၍ စားပါက သွေးတိုးရောဂါသက်သာစေသည်။

၇။         ကြက်သွန်နီကို ထက်ခြမ်းခြမ်း ရေတစ်ဖန်ခွက်တွင်စိမ်၍ နံနက်အိပ်ရာထစောစောသောက်ပေးလျှင် သွေးတိုးရောဂါကို ကာကွယ်သည်။ နံနက်အိပ်ရာထချိန် ခေါင်းကိုက်ခြင်းကို သက်သာစေသည်။

၈။         ပြောင်းဖူး၏ထိပ်မှ အမွေးကိုပြုတ်၍ အရည်ကို အကြမ်းပန်းကန်တစ်လုံးစာသောက်လျှင် သွေးတိုးရောဂါ သက်သာစေသည်။

၉။         ချင်းလက်နှစ်ဆစ်ကို ထုထောင်းအရည်ကိုယူ သံပရာသီးတစ်လုံးအရည်နှင့် ပျားရည်တစ်ဇွန်းစပ် နေ့စဉ်သောက်ပါ။ သွေးတိုး ရောဂါဘေးကင်းဝေးနိုင်သည်။   ။

ကြည်လွင်မြင့်(မုဒြာ)