မြန်မာ့ယဉ်ကျေးမှု ပန်းချီသုခုမအနုပညာ

ပန်းချီဆိုသည်မှာ မြင်သမျှ၊ တွေ့သမျှ၊ စဉ်းစားတွေးခေါ်ရသမျှကို ဘာမှမရှိသော နံရံပိတ်ကား စက္ကူလွတ်များပေါ်တွင် ပုံပန်းသဏ္ဌာန် သရုပ်ဖော်ရေး ဆွဲဆေးခြယ်ခြင်းကို ပန်းချီဟုခေါ်သည်။ ပန်းချီသည် လူတို့၏ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှုရသများစွာ ပေးစွမ်းနိုင်သော ကြောင့် သုခုမပညာရပ်၏ ဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည်။

မြေနီ မြေဝါ မြေဖြူများဖြင့် အရုပ်များဆွဲ

ပန်းချီအတတ်သည် စာရေးခြင်းအတတ် ထက်ဦးစွာ ပေါ်ပေါက်ခဲ့သည်။ ရှေးလူတို့သည် စကားလုံး မကြွယ်ဝသေးသဖြင့် မိမိဆိုလိုချက်ကို အရုပ်ရေးပြကြ ရသည်။ ထို့ကြောင့် ရုပ်ပုံတစ်ပုံသည် စကားလုံး တစ်ထောင်ခန့်တာသွားသည်ဟု တရုတ် စကားပုံ တစ်ခုက ဆိုလေသည်။ ရှေးခေတ် လူတို့က ဂူနံရံများ ပေါ်တွင်အနီးအပါး၌ အလွယ်တကူ ရရှိနိုင် သောမြေနီ၊ မြေဝါ၊ မြေဖြူ၊ မီးခွက်မှိုင်း၊  မီးသွေးခဲများဖြင့် အရုပ်များ ရေးဆွဲကြသည်။ နောင်အခါခဲတံ၊ မင်တံ၊ စုတ်တံများကို အသုံးပြုလာကြသည်။ ရုပ်ပုံပန်းချီရေးဆွဲရာတွင် ရေဆေးနှင့် ဆီဆေးဟူ၍ နှစ်မျိုးရှိသည်။ ဆီဆေးသည် ရေဆေးထက်ပို၍ အဆွဲရခက်သည်။ သို့သော် ဆီဆေးပန်းချီကား သည်ရေဆေး ပန်းချီကားထက်ပို၍ အရောင်စိုပြီး အေးမြသော ရာသီဥတုရှိသည့် နိုင်ငံများနှင့်သင့် လျော်သည်။ ရေဆေးကို လွယ်ကူပြီး အမြန်ပြီးနိုင်သော ပန်းချီကားများအတွက် အသုံးများ လေသည်။

သိန်းသန်းချီ၍ အဖိုးတန်

ပန်းချီပညာသည် ဓာတ်ပုံပညာမပေါ်မီ ရှေးပဝေသဏီကပင် ပေါ်ပေါက်ခဲ့ သောပညာရပ်ဖြစ်သည်။ လက်ရာကောင်းသော ပန်းချီကားများသည် နှစ်ပရိစ္ဆေဒကြာမြင့်သည့် တိုင် အောင်သိန်းသန်းချီ၍ အဖိုးတန်လျက်ရှိသည်။ ဓာတ်ပုံရိုက်၍ မရသောအရာများကို ပန်းချီကားက ပုံဖော်နိုင်သဖြင့် ပန်းချီ ကားအတတ်သည် မတိမ်ကောခြင်း ဖြစ်သည်။ ပန်းချီကားတစ်ချပ်ကို လေ့လာသုံးသပ်ပြီး နားလည်သဘောပေါက်ပါက စိတ်တည်ငြိမ်ချမ်းမြေ့မှု အရသာကို ခံစားရသော သုခုမ ပညာရပ် တစ်ခုဖြစ်သည်။ သို့သော်ခံစားတတ်ရန်မှာ မလွယ်ကူချေ။

စာပေကျမ်းဂန်တို့တွင်ဖော်ပြ

ကမ္ဘာဦး လူတို့၏ ကောက်ကြောင်း ပန်းချီသည် သဘာဝကျခြင်း၊ ဟန်ပန်အမူအရာနှင့် ပြည့်စုံခြင်း တို့ကြောင့် ယခုခေတ်ပန်းချီ အကျော်အမော်များပင် အံ့သြချီးကျူးရသည်။ သဘာဝနှင့်ရင်းရင်းနှီးနှီး လေ့လာဆက်ဆံရသော ဂူအောင်းပန်းချီဆရာများသည် မျက်မြင်ကိုယ်တွေ့ ဗဟုသုတကိုမှီ၍ ဖော်ပြ ထားခြင်းဖြစ်သည်။ ခေတ်ဦးအခါက ပန်းချီလက်ရာများသည် ကာလစား၍ ကွယ်ပျောက်ကုန် သော်လည်း ရှေးဟောင်း စာပေကျမ်းဂန်တို့တွင် ဖော်ပြချက်များအရ ရာဇဝင်ဒဏ္ဍာရီ၊ ရွှေဘုံနိဒါန်း၊ မင်းခန်းမင်းနားနှင့်အဆို၊ အက၊ အတီး၊ အမှုတ်စသော အကြောင်းအရာများကို ရေးခြယ်ကြသည်ဟု သိရသည်။

ထီးသုံးနန်းသုံးပန်းချီများ

ပုဂံခေတ်တွင် ပန်းချီရေးသော အကြောင်းခြင်းရာများသည် ဗုဒ္ဓဝင်နိပါတ်နှင့် စပ်သည်သာများသည်။ နှောင်းခေတ်ကာလသားများတွင် ဗုဒ္ဓဝင်နိပါတ်တို့သာမက မင်းနှင့်စပ်သော အကြောင်းခြင်းရာများ လည်း ပါဝင်လာသည်။ အတွင်းတော်အမိန့်နှင့်ဖြစ်စေ၊ လွှတ်တော်အမိန့်နှင့်ဖြစ်စေ ရေးဆွဲခိုင်းသော စီးတော်၊ ဆင်တော်၊ မင်းခန်းမင်းနားစသော ထီးသုံးနန်းသုံး ပန်းချီများကို ရေးဆွဲလာကြပြီး မြန်မာ တို့၏ ဓလေ့သဘာ၀ ပျော်ရွှင်မှုဆိုင်ရာ ပန်းချီကားများကိုလည်း ရေးဆွဲလာကြသည်။ ယခုခေတ် ပန်းချီဆရာများသည် အနောက်တိုင်းမှ မျက်မြင်ရုပ်သွင်ဖြင့် တင်စားရေးဆွဲခြင်း မပြုသော စိတ္တဇ ပန်းချီကို မြန်မာပရိသတ်က လက်မခံသေးချေ။ သို့သော် စိတ္တဇပန်းချီလမ်းစဉ်သစ်ကို ကြားမြင် နေကြသော လူငယ်ပန်းချီဆရာ တချို့ကမူ လက်တည့်စမ်းလျက် ရှိလေသည်။  ။

ဇေယျာထက်(မင်းဘူး)