ဘင်ဖီကာအသင်း တိုက်စစ်မှူး ဒါဝင်နူနက်စ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် လီဗာပူးအသင်း ခေါ်ယူနိုင်ပြီး ယခုရက်ပိုင်းအတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုမည်

လီဗာပူးအသင်းသည် ဘင်ဖီကာအသင်းတိုက်စစ်မှူး ဒါဝင်နူနက်စ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း  ၁၀၀ ဖြင့်  ငါးနှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူရန်  သဘောတူညီမှုရရှိခဲ့ပြီး   ယခုရက်ပိုင်းအတွင်း  အပြီးသတ် စာချုပ်ချုပ် ဆိုမည် ဖြစ်ကြောင်း သိရသည်။

လီဗာပူးအသင်းသည်  အသင်းမှ   တိုက်စစ်မှူး ဆာလက်ချ်နှင့်  မာနေးတို့၏ အနာဂတ်မရေရာမှုများကြောင့်  ပြီးခဲ့သည့် ရက်ပိုင်းက နူနက်စ်ကိုခေါ်ယူရန် စတင်ကမ်းလှမ်းမှုများ ပြုလုပ်ပြီးနောက် ကစားသမားနှင့် သဘောတူညီမှုရယူပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက လီဗာပူးအသင်းနှင့် ဒါဝင်နူနက်စ်တို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်   မန်ယူအသင်းကလည်း ခေါ်ယူရန်ကြိုးပမ်းခဲ့ပြီး နည်းပြ တန်ဟတ်ကိုယ်တိုင်က ပေါ်တူဂီနိုင်ငံသို့ သွားရောက်ကာ အေးဂျင့်ဂျော့မန်ဒက်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် မန်ယူအသင်းက ဒါဝင် နူနက်စ်ကိုခေါ်ယူရန် လက်လျှော့ခဲ့ပြီးနောက် ဘင်ဖီကာ အသင်းကလည်း လီဗာပူးအသင်း၏ ကမ်းလှမ်းမှုကို   လက်ခံခဲ့ပြီး  ယခုရက်ပိုင်းအတွင်း  အပြီးသတ်စာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။

Ref;Sky Sports