အသက်လေးရယ်ရှည်စေဖို့ ကော်ဖီသောက်ကြစို့

လူသားတိုင်းဟာ  မိမိတို့ရရှိလာတဲ့ ဘဝမှာ ဘာကို အလိုချင်ဆုံးလဲလို့ မေးရင် အသက်ရှည်အနာမဲ့စွာ နေထိုင်နိုင်ရေးကို အလိုချင်ဆုံးလို့ ဖြေကြမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

အသက်ရာထောင်ချီရှည် စေဖို့အတွက် ဘာတွေလုပ်ဖို့ လိုအပ်မလဲဆိုတာ ဘယ်သူမှ အတိအကျမသိကြပါဘူ။ ဒါပေမဲ့ လက်ရှိလူ့သက်တမ်းမှာ သူများတကာတွေထက် အနည်းငယ်ပိုပြီး    အသက်ရှည်စေဖို့ ဆိုရင်တော့ ကော်ဖီသောက်ဖို့ လိုအပ်ပါလိမ့်မယ်။

ကျွန်တော့်အနေနဲ့ အခုလိုပြောရတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ သိပ္ပံသုတေသနပညာရှင်များရဲ့    လေ့လာတွေ့ရှိချက်များအပေါ် အခြေခံပြီး  ပြောတာဖြစ်ပါတယ်။

ဒီအတွက် သုတေသနကိုလုပ်ဆောင်သူများက  တရုတ်သုတေသနပညာရှင်များဖြစ်ပြီး သူတို့လေ့လာ တွေ့ရှိလိုက်တဲ့ အချက်ကတော့  ကော်ဖီကိုပုံမှန်သောက်သုံးလေ့ရှိသူများဟာ    ကော်ဖီကိုလုံးဝ မသောက်သူများထက် အသက်ရှည်နိုင် စွမ်း ၂၉ ရာခိုင်နှုန်းပိုရှိတယ် ဆိုတာပါပဲ။

လူတော်တော်များများက  ကော်ဖီကို သကြားထည့်သည်ဖြစ်စေ၊ သကြားမထည့်သည်ဖြစ်စေ ပုံမှန်အားဖြင့် သောက်သုံးလေ့ ရှိကြပါတယ်။

ဘယ်လိုမျိုးနည်းနဲ့ပဲ သောက်သောက် ကော်ဖီသောက်လိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက်  စောစောစီးစီး အသက်သေဆုံးနိုင်ခြေကို  လျှော့ချလိုက်နိုင်ပါပြီ။

လူတချို့ဟာ မနက်မိုးလင်းပြီဆိုတာနဲ့ ကော်ဖီတစ်ခွက်၊ သတင်းစာတစ်စောင်နဲ့ သူတို့ရဲ့နေ့သစ်ကို စတင်လေ့ရှိကြပါတယ်။

ဒါမှမဟုတ်  အိမ်ကနေ နံနက်စာမစားလာလို့  အလုပ်ထဲရောက်ပြီဆိုတာနဲ့ ကော်ဖီတစ်ခွက်ကိုတော့ အရင်ဆုံးသောက် ကြလေ့ရှိပါတယ်။

ဒီလိုနဲ့တစ်နေ့တာလုံးမှာ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ  ကော်ဖီငါးခွက်အထိ သောက်နိုင်သလို အဲဒီထက်ပိုပြီး သောက်ဖို့လည်း  နှစ်ကြိမ်စဉ်းစားနေမှာ မဟုတ်ပါဘူး။ ဒီပမာဏဟာ ကော်ဖီကိုနှစ်သက်တာ ထက်ပိုပြီး ကြိုက်တဲ့ လူမျိုးတွေသောက်လေ့ရှိတဲ့ ပမာဏ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရဆိုရင် အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ် ကော်ဖီခွက်ရေသန်း ၄၀၀ ကျော်ကိုသောက်သုံးလေ့ရှိတယ်လို့ သိရပါတယ်။

ဒီပမာဏဟာ   နိုင်ငံအတွင်းမှာရှိတဲ့ လူတစ်ယောက်ချင်း စီတိုင်းအနေနဲ့ တစ်နေ့ကို    ကော်ဖီတစ်ခွက်ကျော် သောက်သုံးတဲ့ ပမာဏနဲ့ ကိုက်ညီနေပါတယ်။

ဒါပေမဲ့ လူတိုင်းကတော့  နေ့တိုင်းကော်ဖီ သောက်ကြမှာ မဟုတ်တဲ့အတွက် ပျမ်းမျှအားဖြင့် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကော်ဖီသောက်သုံးသူ တစ်ယောက်ချင်းစီတိုင်းဟာ   တစ်ရက်ကို ကော်ဖီသုံးခွက် သောက်လေ့ ရှိတယ်ဆိုတာကို အဲဒီကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ကော်ဖီက ကျန်းမာရေးအပေါ် သက်ရောက်မှု

ကော်ဖီထဲမှာ အဓိကပါဝင်တဲ့အရာက လူတိုင်းသိပြီးသားဖြစ်တဲ့ ကဖင်းဓာတ်ပဲ ဖြစ်ပါတယ်။  ကဖင်းဓာတ်ဆိုတာ ဗဟို အာရုံကြောစနစ်ကို  လှုံ့ဆော်ပေးတဲ့ အရာပါ။

လူသားတွေအနေနဲ့ ကော်ဖီသောက်ချင်းကနေပဲဖြစ်ဖြစ်၊ ကဖင်းဓာတ်ထည့်သွင်းထားတဲ့  အဖျော်ရည် တစ်ခုခုကိုပဲ ဖြစ်ဖြစ် သောက်လိုက်ပြီဆိုတာနဲ့  အဲဒီကဖင်းဓာတ်က  အာရုံကြောရဲ့ လက်ခံကလာပ်စည်းများ မှာရှိတဲ့ အဒီနိုဆင်းဓာတ်ရဲ့ လုပ်ဆောင်မှုကို ဟန့်တားလိုက်ပါတယ်။

ပြီးတာနဲ့တစ်ပြိုင်နက် လူကိုအိပ်ချင်မှု၊ ငိုက်မျဉ်းမှုမရှိအောင်  တားဆီးပေးလိုက်ပါတယ်။ အဲဒါကြောင့် လူတော်တော်များများက ကော်ဖီသောက်ရင် မအိပ်ချင်ကြတာပါ။

ကဖင်းဓာတ်က  လူကိုတက်တက်ကြွကြွ ရှိစေဖို့နဲ့ အားပြည့်လန်းဆန်းနေစေဖို့ ကူညီပေးတဲ့အရာဖြစ်ပေမယ့်  လူသားတွေအနေနဲ့  သူ့ကိုစွဲလမ်းစေတဲ့ ဂုဏ်သတ္တိလည်း ရှိပြန်ပါတယ်။

ဒါကြောင့်လည်း ကဖင်းဓာတ်အလွန်အကျွံများပြားစွာသုံးစွဲမှုရဲ့  ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက သတိ ပေးထားကြတာပါ။

တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ အလွန်အကျွံသောက်သုံးရင်   ဘေးဖြစ်တတ်ပေမယ့်   တော်တန်ရုံသောက် သုံးရင်တော့  ဆီးကျိတ်ကင်ဆာ ကြီးထွားမှုကို ဟန့်တားပေးခြင်းကဲ့သို့ ရလဒ်ကောင်းတွေ ရရှိနိုင်ပါတယ်။

ကော်ဖီပူပူလေးတစ်ခွက်ကို သောက်လိုက်မယ်ဆိုရင်တော့   အပိုဆောင်းအနေနဲ့ ရရှိမှာက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

ဒီလိုသုတေသနတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိရဖို့အတွက် သုတေသန ပညာရှင်များက့ု ငြသဘညေု ဆီကနေ အချက်အလက်များရယူပြီး လေ့လာမှုတွေ လုပ်ပါတော့တယ်။

သူတို့ရဲ့လေ့လာမှုအတွက်ခေါင်းစဉ်က ကော်ဖီကို အချိန်ကြာမြင့်စွာ သောက်သုံးလာမှုနဲ့ လူသားတွေအပေါ် ကျရောက်တဲ့ အကျိုးဆက်အကြောင်းပါပဲ။

UK Biobank မှ လေ့လာရသမျှ

UK Biobank ဆိုတာ ၂၀၀၆ ခုနှစ်မှာ စတင်ဖွင့်လှစ်တဲ့ ဇီဝဘဏ်တစ်ခုဖြစ်ကာ လူဦးရေ ၅၀၀၀၀ ကျော်ရဲ့  လူနေမှုပုံစံ၊ မျိုးရိုးဗီဇနဲ့  ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို စုဆောင်းထားရာနေရာတစ်ခု ဖြစ်ပါတယ်။

အဲဒီအချက်အလက်တွေက သူတို့အနေနဲ့ ကော်ဖီသောက်လား၊ မသောက်ဘူးလား။ တစ်ရက်ကို ကော်ဖီသုံးခွက်ထက်  ပိုသောက်လား၊  မသောက်ဘူးလားစတဲ့ သုတေသနပညာရှင်တွေ လိုချင်တဲ့ အချက်အလက် ပုံစံတွေအတိုင်း အမျိုးအစားခွဲပြီး စီစဉ်လို့ ရပါတယ်။

တရုတ်သုတေသနပညာရှင်များက အဲဒီအချက်အလက် ဘဏ်တိုက်ကြီးကို ဝင်ရောက်အသုံးပြုခွင့်ရယူပြီး သူတို့ရဲ့ သုတေသနအတွက်သင့်တော်မယ့် လူ ၁၇၁၀၀၀ ကို ရွေးချယ်လိုက်ပါတယ်။

ပြီးတဲ့အခါ ရွေးချယ်ခံရသူတွေရဲ့ ခုနစ်နှစ်တာကာလအတွင်း  ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို တစိုက်မတ်မတ် လေ့လာရာမှာတော့ လူ ၃၁၇၇ ဦး ကွယ်လွန်သွားတာကို တွေ့ရပါတယ်။

သုတေသနပညာရှင်များဟာ တခြားအချက်အလက်တွေထက် အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစား၊ ကာယလေ့ကျင့်ခန်း လုပ်ဆောင်မှုအကြိမ်ရေနဲ့ လူမျိုးစုတို့ကို အဓိကထားပြီး  လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။

ဒီလိုလေ့လာမှုတွေ လုပ်လိုက်တဲ့အခါ သုတေသနပညာရှင်တွေအနေနဲ့ တွေ့ရှိလိုက်ရတဲ့အချက်က  ကော်ဖီကိုသကြား မထည့်ဘဲ သောက်သူတွေဟာ ကော်ဖီကို လုံးဝမသောက်သူတွေနဲ့ ယှဉ်ရင်  စောစောစီးစီး သေဆုံးနိုင်ခြေ အနိမ့်ဆုံးအဆင့်မှာ ရှိတာကို တွေ့ရပါတယ်။

ဒါ့ပြင် တစ်ရက်ကို ကော်ဖီနှစ်ခွက်ခွဲကနေ လေးခွက်ခွဲကြားသောက်သူတွေဟာ ပျမ်းမျှအားဖြင့် စောစောစီးစီး သေဆုံးနိုင်ခြေ ၂၉ ရာခိုင်နှုန်းနည်းပါးတာကိုလည်း သုတေသီများက တွေ့ရပါတယ်။

အလားတူ ကော်ဖီကိုသကြားထည့်ပြီးသောက်တဲ့သူတွေနဲ့  ကော်ဖီကို လုံးဝမသောက်သူတွေကြားက ရလဒ်ကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင်လည်း ပထမလူစားမျိုးက ဒုတိယလူစားမျိုးထက်  သေဆုံးနိုင်ခြေနည်းပါးတာကို တွေ့ရပြန်ပါတယ်။

ဒါတင်မကသေးပါဘူး။  သုတေသနမှာ ပါဝင်သူတွေဟာ  ဘယ်လိုနည်းနဲ့ ဖျော်စပ်ထားတဲ့ ကော်ဖီကိုပဲ သောက်သောက် အပေါ်ကအတိုင်း တူညီတဲ့ရလဒ်ကိုသာရရှိတာကိုလည်းတွေ့ရပါတယ်။

ကော်ဖီဆိုတဲ့နေရာမှာ ကော်ဖီစေ့အစစ်ကိုသာ အသုံးပြုပြီး ဖျော်စပ်ထားတဲ့ ကော်ဖီစစ်စစ်ကိုသာ  ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုကော်ဖီတွေဆိုတာကလည်း သာမန်ကော်ဖီမစ်များနဲ့ နှိုင်းယှဉ်ရင် ဈေးလည်း မြင့်ပါတယ်။ အကောင်းဆုံးက တော့  လှော်ပြီးသားကော်ဖီစေ့ကို  ကိုယ်တိုင်ကြိတ်ပြီး ဖျော်စပ်သောက်သုံးခြင်း ပါပဲ။

ဒီသုတေသနဟာ  ကော်ဖီသောက်ခြင်းနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတို့ ဆက်စပ်မှုကိုသာ အဓိကထားပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။

အသက်ရှည်ဖို့ဆိုတဲ့အကျိုးကို တင်းပြည့်ကျပ်ပြည့်ရချင်ရင်တော့ ကျန်းမာရေးလိုက်စားခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ခြင်း  စတဲ့ အကြောင်းရင်းတွေကလည်း အရေးကြီးပါသေးတယ်။

သို့ပေမယ့်လည်း အသက်ရှည်စေဖို့ဆိုတဲ့ နေရာမှာ ကော်ဖီစစ်စစ်ကို သောက်ခြင်းက တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေကြောင်း သုတေသနပညာရှင်များက လေ့လာတွေ့ရှိတဲ့အတွက်  အသက်လေးရယ်ရှည်စေဖို့  ကော်ဖီ သောက်ကြစို့ဆိုတဲ့ အသိပညာပေး ဆောင်းပါးလေးကို အခုလိုရေးသား တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ။

Ref: IE