ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် ဇွန် ၁၁

မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ   ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်  (၄၃)ကြိမ်မြောက်  ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့ နံနက် ၉ နာရီမှစတင်ပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။

ယနေ့ နံနက်ပိုင်းပွဲစဉ်များအဖြစ် အမျိုးသား(၆)ပေါက်တန်း အသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြရာ      မန္တလေးတိုင်းဒေသကြီး အသင်းက   ပဲခူးတိုင်းဒေသကြီး အသင်းကို ရမှတ်(၁၂၉၆)မှတ်-(၉၂၅)မှတ်ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ရမှတ်(၅၈၈)မှတ်- (၅၄၃)မှတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက     မွန်ပြည်နယ် အသင်းကို ရမှတ်(၅၉၅)မှတ်-(၅၈၅)မှတ်ဖြင့်လည်းကောင်း   အသီးသီးအနိုင်ရရှိသည်။

ဆက်လက်ပြီး နေ့လယ်ပိုင်းပွဲစဉ်များအဖြစ် အမျိုးသား(၆)ပေါက်တန်း အသင်းလိုက်ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ်(၁၃၀၉) မှတ်-(၁၀၇၈)မှတ်ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ်(၈၁၉)မှတ်-(၇၀၃)မှတ်ဖြင့်လည်းကောင်း၊  အမျိုးသမီး (၄)ပေါက်တန်း အသင်းလိုက်ပွဲစဉ်များတွင် ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်း ဒေသကြီးအသင်းကို ရမှတ်(၅၁၆)မှတ်- (၃၃၆)မှတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ရမှတ်(၈၀၈)မှတ်-(၇၀၀)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိကြသည်။

အဆိုပါ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားမှုများကို   အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)  ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ တာဝန်ရှိ သူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။                  

  ကျော်လွင်