ရီးယဲလ်မက်ဒရစ်အသင်းက မိုနာကိုအသင်း ကွင်းလယ်ကစားသမား ချူအိုမန်နီကို ယူရို သန်း ၁၀၀ ဖြင့် ခြောက်နှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူနိုင်ပြီဖြစ်ကြောင်း အတည်ပြုကြေညာ

ရီးယဲလ်မက်ဒရစ်အသင်းက   မိုနာကိုအသင်းမှ လူငယ်ကွင်းလယ်ကစားသမား ချူအိုမန်နီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ အပြင်  အပိုဆုကြေး ယူရို သန်း ၂၀ စုစုပေါင်း ယူရို သန်း ၁၀၀ ဖြင့်  ခေါ်ယူနိုင် ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာသည်။

အသက် ၂၂ နှစ်အရွယ် ချူအိုမန်နီသည် ၂၀၂၀ ပြည့်နှစ်က ဘော်ဒိုးအသင်းမှ မိုနာကိုအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက်ပိုင်း  ထိပ်တန်းအဆင့် ခြေစွမ်းပြနိုင်ပြီး  ပြီးခဲ့သည့်ဘောလုံးရာသီကလည်း မိုနာကို အသင်း   ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ရာတွင်  အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက် ဥရောပထိပ်တန်း အသင်းကြီးများက ခေါ်ယူလိုနေကြခြင်းဖြစ်သည်။

ချူအိုမန်နီကို ရီးယဲလ်မက်ဒရစ်အသင်းမတိုင်မီက ဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် လီဗာပူး အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း   ချူအိုမန်နီကိုယ်တိုင်က ရီးယဲလ်မက်ဒရစ်အသင်းသို့  ပြောင်းရွှေ့ကစားလိုနေသည့်အတွက်  အသင်းကြီးတချို့၏ ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်  ချူအိုမန်နီသည်  ရီးယဲလ်မက်ဒရစ် အသင်းသို့  ပြောင်းရွှေ့ကစားရန်  ဆေးစစ်မှုများပင် အောင်မြင်ခဲ့ပြီးနောက်   ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူနိုင်ကြောင်းကို     အတည်ပြုကြေညာခဲ့ပြီး လာမည့် ရက်ပိုင်းအတွင်း အသင်းနှင့်မိတ်ဆက်ပွဲအခမ်း အနားပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Ref;90Min