တစ်ကမ္ဘာလုံးရှိ နျူကလီးယားလက်နက်အရေအတွက် မြင့်တက်လာဖွယ်ရှိဟု စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အဖွဲ့ဆို

စတော့ဟုမ်း၊ လက်နက်နည်းပညာ

တစ်ကမ္ဘာလုံးရှိ နျူကလီးယားလက်နက်အရေအတွက်သည် မကြာမီနှစ်များအတွင်း မြင့်တက်လာဖွယ်ရှိပြီး ယင်းလက်နက်များကို အသုံးပြုမည့် အလားအလာမှာ ဆယ်စုနှစ်များအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ကြီးက ဇွန် ၁၃ ရက်တွင် ထုတ်ပြန်သည်။

နျူကလီးယားလက်နက်အရေအတွက်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ဇန်နဝါရီလအတွင်း၌ လျော့ကျခဲ့သော်လည်း မကြာမီနှစ်များအတွင်း စစ်အေးကာလမှစ၍ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မြင့်တက်လာဖွယ်ရှိကြောင်း၊ ထို့ကြောင့်  အင်အားကြီး နျူကလီးယားနိုင်ငံကြီးများအနေဖြင့် ချက်ချင်းလက်ငင်းလုပ်ဆောင်နိုင်ခြင်းမရှိပါက နျူကလီးယားလက်နက်ထုတ်လုပ်မှုသည် ဆယ်စုနှစ်များအတွင်း ပြန်လည်မြင့်တက်လာနိုင်ကြောင်း ယင်းအဖွဲ့ကြီးက ဆက်လက်ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်ရှိ နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံကြီးများသည် ၎င်းတို့၏လက်နက်ထုတ်လုပ်မှုများကို တိုးမြှင့်သို့မဟုတ် အဆင့်မြှင့်တင်လျက်ရှိပြီး နိုင်ငံအများစုက ၎င်းတို့၏ နျူကလီးယားလက်နက်များကို စစ်မဟာဗျူဟာများအတွင်းသို့ ထည့်သွင်း ချမှတ် လျက်ရှိကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့၏ အစုလိုက်သေဆုံးစေနိုင်သည့် လက်နက်များ ဖြုတ်သိမ်းရေး အစီအစဉ်မှညွှန်ကြားရေးမှူး ဒေါက်တာဝီးဖရက်ဝမ်က ပြောသည်။

ကမ္ဘာ့နိုင်ငံများက ပိုင်ဆိုင်ထားသည့် နျူကလီးယားလက်နက်အရေအတွက်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၁၃၀၈၀ ရှိခဲ့သော်လည်း ၂၀၂၂ခုနှစ်ဇန်နဝါရီလတွင် ၁၂၇၀၅ လက်အထိလျော့ကျလာခဲ့ပြီး ခန့်မှန်းခြေအားဖြင့် နျူကလီးယား ထိပ်ဖူးအရေ အတွက် ၃၇၃၂ ခုကို ဒုံးကျည်များနှင့် လေယာဉ်များတွင် တပ်ဆင်ထားပြီးဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့ကြီးက ဆက်လက်ထုတ်ပြန်သည်။

ဒုံးကျည်များနှင့် လေယာဉ်များတွင် တပ်ဆင်ဖြန့်ကြက်ထားသည့် နျူကလီးယားထိပ်ဖူးများအနက် ၂၀၀၀ ခန့်ကို ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့က ပိုင်ဆိုင်ထားသည်။                 

Ref: ST