ပီအက်စ်ဂျီအသင်းက နည်းပြအပြောင်းအလဲပြုလုပ်ရန် လက်ရှိနည်းပြ ပိုချက်တီနိုနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြု ကြေညာ

ပါရီ၊ ဘောလုံး

ပီအက်စ်ဂျီအသင်းက နည်းပြအပြောင်းအလဲပြုလုပ်ရန် လက်ရှိနည်းပြ ပိုချက်တီနိုနှင့် လမ်းခွဲလိုက်ပြီဖြစ်သည်ဟု အတည်ပြု ကြေညာခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း နည်းပြသစ်ကို တရားဝင်ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိလိုသည့်အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက နည်းပြတူချယ်လ်ကို  ထုတ်ပယ်ခဲ့ပြီးနောက် စပါးအသင်းနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ခဲ့ဖူးသည့် နည်းပြပိုချက်တီနိုကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းက နည်းပြပိုချက်တီနိုကို ခန့်အပ်ခဲ့သော်လည်း ပြည်တွင်းလိဂ်ဖလားများကိုသာ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အောင်မြင်မှုမရရှိဘဲ ယခု ဘောလုံးရာသီတွင်လည်း ၁၆ သင်းရှုံးထွက်အဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းကိုရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် အဆိုပါပွဲစဉ်ပြီးကတည်းက နည်းပြပိုချက် တီနိုကိုထုတ်ပယ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက အမ်ဘတ်ပီကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီးနောက် နည်းပြအပြောင်းအလဲ ပြုလုပ်ရန် စတင်ကြိုးပမ်းရာမှ လက်ရှိတွင် နည်းပြပိုချက်တီနိုကို ထုတ်ပယ်ပြီး ၎င်း၏နေရာ၌ နည်းပြဇီဒန်းကို ခန့်အပ်နိုင်ရန် နီးစပ် နေပြီဖြစ်ကြောင်း သိရသည်။

Ref;The Athletic