ဆီးချိုရောဂါအကြောင်း သိကောင်းစရာ

ဆီးချိုရောဂါသည် ယခုမှပေါ်လာသောရောဂါမဟုတ်။ ရှေးနှစ်ပေါင်းထောင်ကျော်က အိန္ဒိယနိုင်ငံမှ လာသော အာယုဗေဒဆေးပညာတွင် မဓုပမေဟ ဟူသော ဆီးကို   ပုရွက်ဆိတ်များအုံသော ရောဂါအကြောင်းကို  ဖော်ပြထားသည်ကိုတွေ့ရသည်။

အချိုကြိုက်ပြီး အချိုဓာတ်များသော အစားအစာများကို လွန်ကဲစွာစားသောက်သူများတွင် ဖြစ်တတ်သော ရောဂါအဖြစ် ဖော်ပြထားသည်ကို တွေ့ရသည်။

ဆီးချိုရောဂါသည် အသက်ကြီးမှဖြစ်သောရောဂါမျိုးမဟုတ်။ ဆီးချိုမျိုးရိုးပါလာသူများသည် ငယ်စဉ်သက်လတ် ပိုင်းကပင် ဆီးချိုရောဂါခံစားလာရသည်ကို တွေ့ရသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတွင် ကံကြောင့်ဖြစ်သော ဆီးချိုရောဂါအမျိုးအစား(၁)ဟု ဆိုရမည်ဖြစ်သည်။ ဆီးချိုသည် ကူးစက်ရောဂါမဟုတ်သော်လည်း မျိုးရိုးစဉ်ဆက် ဖြစ်တတ်သော ရောဂါမျိုးဖြစ်သည်။ မိဘဘိုးဘွားတွင် တစ်ဦးဦး ဆီးချိုရောဂါရှိခဲ့လျှင် မိမိ လက်ထက်တွင် ငယ်စဉ်ကပင်သတိထားပြီး အချိုကြိုက်သောအလေ့ကို  ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ် နိုင်ပေသည်။

အသက်ကြီးမှဖြစ်သောရောဂါ တစ်နည်းအားဖြင့် မျိုးရိုးလိုက်ခြင်းမဟုတ်ဘဲ မိမိ၏အနေအထိုင် အစားအသောက်မှားကြောင့်ဖြစ်သော ဆီးချိုရောဂါကို ဆီးချိုရောဂါ အမျိုးအစား(၂)အဖြစ်  ဆရာဝန်ကြီးများက သတ်မှတ်သည်။ အချိုဓာတ်များသောအစာ၊ အဆိမ့်အအီများသောအစာ၊ အဆီနှင့်တွဲနေသောအသားကို အစားများသူများတွင် ဖြစ်နိုင်သည်။ အချိန်ကြာမြင့်စွာ ရေခဲရိုက်ပြီး သိမ်းထားသော အစာနှင့် ရေခဲသေတ္တာမှ အစာကို စားသုံးမှုများခြင်းကြောင့်လည်း ဆီးချိုဖြစ်နိုင်သည်။ ထမင်းစားပြီးတိုင်း အချိုရည်သောက်သူနှင့် မောပန်းသည့် အခါတိုင်းတွင် အချိုရည်သံဘူးများ သောက်သုံးလေ့ရှိသူများတွင်  ပို၍အဖြစ်များသည်။

ဆီးချိုရောဂါသည်  သွေးအတွင်းသကြားဓာတ်များပြီး ဖြစ်ရသောရောဂါဖြစ်သဖြင့် ဆီးမချိုခင်ကပင် သွေးကချိုပြီးဖြစ်နေသည်။ ထို့ကြောင့် သွေးချိုရောဂါဟု ခေါ်ဝေါ်မှသာ မှန်ကန်သည်ဟုဆိုသည်။  ဆီးချိုရောဂါဟု ခေါ်ဝေါ်သည်မှာ နှုတ်ကျိုးနေသဖြင့် ဆီးချို-သွေးချိုရောဂါဟုခေါ်လျှင် ပို၍သင့်တော်မည် ဖြစ်သည်။

ဆီးချိုရောဂါသည် အအေးကြိုက်သူများတွင် ပို၍ဖြစ်နိုင်သည်။ အပူပိုင်းဒေသတွင် နေထိုင်သူများနှင့် အအေးပိုင်းဒေသတွင် နေထိုင်သူများတွင် အအေးပိုင်းတွင် နေထိုင်သူများက ပို၍ဆီးချိုရောဂါဖြစ်လေ့ ရှိသည်ကို လေ့လာ တွေ့ရှိရသည်။ နေရောင်ခြည်နှင့် နေ့စဉ်ထိတွေ့အလုပ်လုပ်ရသူများနှင့်  အလုံပိတ် အဲယားကွန်းခန်း များတွင် အလုပ်လုပ်ရသူများတွင် ဆီးချိုသွေးချိုရောဂါဖြစ်နှုန်းမှာ အအေးခန်းတွင် လုပ်ရသူများက ပို၍ဖြစ်နိုင်သည်ကို တွေ့ရသည်။

ယခုခေတ်တွင် အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်သူများလာရာ   အဆောက်အအုံအချို့မှာ ကြားညပ်ပြီး နေရောင်ခြည် မရတော့သည်ကို တွေ့ရသည်။ တိုက်ခန်းအချို့မှာလည်း နေရောင်မဝင်သည့် အခန်းမျိုး ဖြစ်နေလျှင် ကျန်းမာရေးနှင့်မညီညွတ်ပေ။ ဆီးချိုသွေးချိုရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းကို အစားအသောက်တစ်ခု တည်းတွင်သာ အာရုံစိုက်နေခြင်းထက် အနေအထိုင် အဆောက်အအုံနှင့် အလုပ် လုပ်သည့်နေရာကိုပါ ထည့်သွင်းစဉ်းစားပြီး ပြုပြင်သင့်သည်။

လမ်းလျှောက်နည်းခြင်းသည်လည်း ဆီးချိုသွေးချိုရောဂါဖြစ်ရခြင်း၏   အကြောင်းရင်းတစ်ခုဖြစ်သည်။ လူတိုင်း တစ်နေ့လျှင် ၂ မိုင်ခန့် အနည်းဆုံးလမ်းလျှောက်ရမည်။ ကားစီးပြီး နေ့စဉ်သွားလာကာ လမ်းလျှောက်ရန် မေ့နေသူများတွင် အသက်ကြီးလျှင် သွေးတွင် အချိုဓာတ်များလာပြီး နောက်ဆက်တွဲရောဂါများအဖြစ်  ဆီးချိုမှကျောက်ကပ်၊ ဆီးချိုမှနှလုံး၊ ဆီးချိုမှထုံကျဉ်နှင့် လေငန်းရောဂါများဆက်၍ ဖြစ်လာလေ့ရှိသည်။ နေ့စဉ်လမ်းလျှောက်ပေးခြင်း၊ လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ပေးခြင်းဖြင့် ကြိုတင်ကာကွယ် သင့်ပါသည်။

အသက်ကြီးလာမှဖြစ်သော ဆီးချိုရောဂါအမျိုးအစား(၂)အတွက် တိုင်းရင်းဆေးဖြင့်လည်း ကုသ နိုင်သည်။ ခရေရွက်ပြုတ်ရည်ကို အကြမ်းပန်းကန် တစ်လုံးစာဖြင့် ထမင်းစားပြီးတိုင်း တစ်ခွက်သောက်ပေးပါ။ သို့မဟုတ် ဆေးခါး ခေါ် ဆေးခါးကြီး (ရှမ်းဆေးခါး) အရွက်ပြုတ်ရည် ဟင်းစားဇွန်းသုံးဇွန်းခန့်နံနက်ညသောက်ပေးပါ။  အခြားနည်းမှာ သကြားမကိုဋ်ရွက်တစ်ရွက်နှစ်ရွက် ထမင်းစားပြီးတိုင်း အစိမ်းစားပေးလျှင် ဆီးချိုကို ထိန်းနိုင်သည်။ နောက်တစ်နည်းမှာ မဟော်ဂနီစေ့ နှစ်စေ့သုံးစေ့ကို ဝါးစားပေးလျှင် ဆီးချိုကျစေနိုင်သည်။

ဆီးချိုရောဂါအမျိုးအစား(၁) ဖြစ်ပွားနေသူများမှာ ဆီးချိုရောဂါ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။ ထိုမျိုးရိုးလိုက်သော ဆီးချိုရောဂါအတွက် တိုင်းရင်းဆေးကို တွဲဖက်မှီဝဲလိုလျှင် သစ်ကြံပိုးခေါက်အမှုန့် ဟင်းစားဇွန်းတစ်ဇွန်း နေ့စဉ်စားပေးလျှင် ဆီးချိုရောဂါနှင့်ဆီးချို ကြောင့်ဖြစ်သော နောက်ဆက်တွဲခြေလက်ထုံကျဉ်ရောဂါများပါ သက်သာစေနိုင်သည်။ ရုတ်တရက်ဆေးဝါး မရှိသောနေရာတွင် ဆီးချိုတက်လျှင်  သင်္ဘောသီးအစိမ်းကို ထိပ်မှဖြတ်ပြီး ရေနွေးပူပူလောင်းထည့်ပါ။ ခေတ္တအုပ်ထားပါ။ ထိုရေနွေးကို သောက်သုံးခြင်းဖြင့် ဆီးချိုတက်ခြင်းမှ ကျစေနိုင်သည်။ ဆီးချိုအလွန်တက်လျှင် ပုတီးဖြူပင်၏ အရွက်ကိုပြုတ်ပြီး အအေးခံထားပြီး တစ်နေ့လျှင် မတ်ခွက်တစ်ဝက်ခန့် သောက်ပေးလျှင် ဆီးချိုရောဂါ အလွန်အမင်းတက်ခြင်းမှ သက်သာစေနိုင်ပါသည်။

အခါးစားခြင်းအကျိုး

ဆီးချိုရောဂါရှိသူများအတွက် စားရမည့်ဓာတ်စာမှာ အခါးအရသာဖြစ်သည်။ အချို့အာယုဗေဒဆေးကျမ်း များကလည်း  အချိုကိုအစပ်နှင့်ဖြေရမည်ဟု ဆိုပါသည်။ အခါးရောအစပ်ပါ ဆီးချိုသမားများအတွက် စားပေးသင့်သော အရသာများ ဖြစ်ပါသည်။ အခါးသည် ဆီးချိုအတွက် တိုက်ရိုက်အကျိုးပြုသည်ဟု ယူဆရပါသည်။ အခါးစားခြင်းဖြင့် သက်ကြီးရွယ်အိုများတွင် လေဆက်စေသည်။ လေမဖြတ်ဟု အယူအဆလည်း ရှိပါသည်။

လူတို့တွင် အားနှစ်မျိုးလိုအပ်သည်။  အသက်ရှည်ရန်အတွက် အားရှိဖို့လိုသည်။ ထိုအားနှစ်မျိုးမှာ  သွေးအားနှင့်  လေအား တို့ဖြစ်သည်။

ဓာတ်သဘောအားဖြင့်ဆိုလျှင် သွေးသည် အာပေါဓာတ်ဖြစ်ပြီး လေသည် ဝါယောဓာတ်ဖြစ်သည်။ ဆန့်ကျင်ဘက် ဓာတ်နှစ်မျိုးဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် နှစ်မျိုးပေါင်းစပ်ကာ သွေးဟူသော အာပေါဓာတ်ကို ခန္ဓာကိုယ်အနှံ့သို့ ရောက်အောင် ဝါယောဓာတ်က တွန်းပို့လျက်ရှိပေသည်။ ဆန့်ကျင်ဘက်နှစ်ခုပေါင်းလျှင် အကျိုးရှိသည်ကို ခန္ဓာကိုယ်အတွင်းက သက်သေပြ လျက်ရှိသည်။

အသက်ကြီးလာသောအခါ သွေးအားယုတ်လာသည်ဟု ပြောစမှတ်ပြုကြသည်။ အမှန်ကသွေးက ခန္ဓာကိုယ် အတွင်းတွင် အပြည့်ရှိလျက်ပင်။ သွေးကို တွန်းပို့ပေးမည့် ဝါယောဓာတ်က အားယုတ်လာခြင်းကြောင့် အားနည်းလာခြင်း ဖြစ်သည်။ သွေးထောက်ပံ့မှု မရောက်ရှိသော လက္ခဏာကို အစွန်အဖျားနေရာများမှ ပြသည်။ ဦးခေါင်းငယ်ထိပ်တွင် ဆံပင်များကျွတ်ပြီး ပြန်မပေါက်တော့သောကြောင့် ထိပ်ပြောင်လာသည်။

ခြေထောက်ရှိခြေသန်း၊ ခြေသူကြွယ်ခြေချောင်းကလေးများတွင် ခြေသည်းများအက်ကွဲလာသည်။ ဖနောင့် အရေပြားများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လယ်များတွင် ပပ်ကြားအပ်သကဲ့သို့ ကိုယ်ခန္ဓာအရေပြားတွင် အက်ကွဲရာများ ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

အသက်ကြီးလာလျှင်  လေဆက်စေရန် အခါးစားပေးရမည်ဟု ရှေးလူကြီးများကဆိုသည်။ အခါး ဟူရာတွင်လည်း နှစ်မျိုးရှိသည်။ ပူခါး နှင့် အေးခါး ဟူ၍ အာယုဗေဒဆေးကျမ်းများတွင် တမာအခါးကို လည်းကောင်း၊  မုရားကြီးအခါးကို လည်းကောင်း၊ တောင်မရိုးအခါးကိုလည်းကောင်း  ဝါး၍ လျှာဖြင့် စမ်းသပ်ကြည့်သောအခါ ပူခါးအရသာကိုတွေ့ရမည် ဖြစ်သည်။ တမာအခါးကား ပိုးကိုနိုင်သည်။ တောင်မရိုးအခါးကား အဖျားကိုနိုင်သည်။ မုရားကြီးရွက်အခါးကား  ပန်းနာချောင်းဆိုးနှင့်  အဆုတ်နာအမျိုးမျိုးတို့ကို နိုင်သည်ဟု ကျမ်းကဆိုသည်။

ခွေးတောက်ရွက်သည်လည်း ပူခါးမျိုးဖြစ်သည်။ လူကြီးများတွင်ဖြစ်သော အညောင်းများသည့်ပါဒရက် ရောဂါအမျိုးမျိုးကိုနိုင်သဖြင့် ခွေးတောက်ရွက်ဟင်းချိုကို ကြက်ရိုးဖြင့်ချက်၍  ရှေးက ဆရာကြီးများက ဓာတ်စာပေးသည်ကို တွေ့ရဖူးသည်။ စာရေးသူတို့ မိဘများသည် ကျေးဇူးရှင် ဗန်းမော်ဆရာတော်ကြီး စာဝါချ၍ အညောင်းအကိုက် များသည့်အခါတိုင်းချက်၍ ဆက်ကပ်ရသည်ကို အမှတ်ရဖူးသည်။

ရှေးကလူကြီးများသည် လက်ဖက်စစ်စစ်ကို နှမ်းဆီဖြင့် စိမ်ပြီး နေ့လယ်ထမင်းစားပြီးတိုင်း နည်းနည်းစီ စားပေးကြသည်။ လူကြီးများအတွက် လေဆက်ပြီး အသက်ရှည်စေသောဆေး ဖြစ်သည်ဟု  ဆိုသည်။

လက်ဖက်သည် အေးခါးအရသာဖြစ်သဖြင့် ပူခါးအရသာဖြစ်သွားအောင် နှမ်းဆီဖြင့်စိမ်စားခြင်း ဖြစ်သည်။ အသက်ရာကျော်ရှည်သော ဘိုးဘွားများသည် ဤဓာတ်စာကိုစားခဲ့ကြသည်ဟု မှတ်သားရဖူးသည်။

လေမသက်အနေခက်၊ လေမစုန်ငွေကုန်ဟု ရှေးလူကြီးများပြောကြသည်။  လူကြီးများအတွက် ကျန်းမာရေးမှာ  လေကအရေးကြီးဆုံးဖြစ်သည်ဟု ဆိုသည်။ လေလည်ခြင်းကို ရှက်စရာဟု ယူဆကြသော်လည်း လေလည်နေသည့် လူကြီးများမှာ ကျန်းမာနေသည်ကို တွေ့ရပေသည်။ ဆေးပညာအရလည်း အသက် ၆၅ နှစ်ကျော်လျှင် လေအရွယ်ရောက်ပြီဖြစ်သဖြင့် လေဆက်မည့်ဓာတ်စာများ စားပေးသင့်ပေသည်။

ဆီးချိုရောဂါမဖြစ်စေရန်ကာကွယ်နိုင်သောအချက်များ

၁။ အအေးကြိုက်ခြင်း၊ သဘာဝမဟုတ်သော အအေးဓာတ်(အဲယားကွန်း)ဖြင့်နေခြင်းမှ   တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

၂။ လတ်ဆတ်သော  အသီးအနှံသားငါးများကို စားသုံးပါ။ ကြာရှည်ခံအောင် ရေခဲရိုက်ထားသောအစာ၊ အေးခဲထားသောအစာများကို စားသုံးဖန်များလျှင် ဆီးချိုရောဂါဖြစ်နိုင်သည်။

၃။ အချိုဓာတ်ကို လွန်ကဲစွာစားသုံးခြင်းမှရှောင်ကြဉ်ပါ။ အချိုကြိုက်သောအကျင့်ကို  ကလေးငယ်များ ငယ်စဉ်ကတည်းက ရှောင်ကြဉ်ပါ။ အကျင့်မလုပ်ပါနှင့်။

၄။ အစားအသောက်စားရာတွင် အချိုစားသည့်အခါတိုင်း အစပ်နှင့်အခါးကို ထိုက်သင့်သလောက်တွဲဖက် စားသုံးပေးပါ။

၅။ အစာစားပြီး အစာမကြေမီ  ရေအေးချိုးခြင်း၊ ညအိပ်ရာဝင် ရေအေးချိုးခြင်းများကိုရှောင်ကြဉ်ပါ။

၆။ လမ်းလျှောက်နည်းသူများတွင် ဆီးချိုရောဂါဖြစ်နိုင်ကြောင်း သုတေသနကတွေ့ရှိထားသဖြင့် နေ့စဉ်ပုံမှန် အချိန်တစ်နာရီခန့် သို့မဟုတ် ၂ မိုင်ခန့်လမ်းလျှောက်ပေးပါ။ ခြေလှမ်း  ၁၀၀၀၀ လမ်းလျှောက်ပေးလျှင် ဆီးချိုရောဂါရှိပြီးသူများပင် ပျောက်ကင်းစေနိုင်သည်။

၇။ ရောဂါမှန်သမျှ အစာမကြေခြင်းက စသည်။ ဆီးချိုရောဂါဖြစ်ခြင်းအစ  အအေးကြိုက်ခြင်းက ဟူသော ဆောင်ပုဒ်များမှာ ကျန်းမာလိုသူတိုင်း ဘဝတစ်လျှောက် လိုက်နာသင့်သော ဆောင်ပုဒ်များ ဖြစ်ပါသည်။

၈။ အစားအသောက်စားရာတွင် ချက်ပြီးတစ်နာရီအတွင်း ပူပူနွေးနွေးစားသောက်ခြင်းသည် ဆီးချိုရောဂါ ရှိသူများအတွက် သင့်တော်သည်။ အစားအစာများကို အအေးဖြင့် သိုလှောင်ထားပြီး ပြန်နွှေးစားခြင်းသည် ဆီးချိုရောဂါကို ပို၍ပို၍ ဆိုးဝါးစေနိုင်သည်။

၉။ အိပ်ရေးပျက်ခြင်းသည် ဆီးချိုရောဂါကို ပို၍ ဆိုးဝါးစေနိုင်သဖြင့် အချိန်မှန် ည ၁၀ နာရီထက် နောက်မကျအောင် အိပ်ရာဝင်ခြင်း၊ နံနက်စောစောထ၍ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါသက်သာ ပျောက်ကင်းစေနိုင်သည်။   ။

ကြည်လွင်မြင့်(မုဒြာ)