ကျွမ်းကျင်သော တံငါလုလင်ပမာ

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် သူ့နိုင်ငံ၏လိုအပ်ချက်အရ အမျိုးသားအရေး သည် ရှိကြစမြဲပင်။ အမျိုးသားအရေး ဆိုသည်မှာလည်း ခေတ်ကာလအချိန်အခါနှင့် အခြေအနေအလိုက် အစဉ်တစိုက်တူညီနေလိမ့်မည် မဟုတ်ပေ။ ထို့အတူ နိုင်ငံတစ်နိုင်ငံနှင့် အခြားတစ်နိုင်ငံ၏ အမျိုးသားအရေးမှာလည်း  အခြေအနေအလိုက် ကွဲပြားခြားနားမည်ဖြစ်သည်။

တူညီသောအချက်မှာ     နိုင်ငံတစ်နိုင်ငံအတွက် အမျိုးသားရေးဆိုသည်မှာ ထိုအချိန်ထိုကာလတွင် ထိုနိုင်ငံအတွက် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးသော ကိစ္စဖြစ်ခြင်းပင် ဖြစ်ပါ၏။ ဥပမာအားဖြင့် ကိုလိုနီခေတ် မြန်မာနိုင်ငံအတွက်  ထိုစဉ်က အမျိုးသားရေးသည် လွတ်လပ်ရေးပင်ဖြစ်သည်။ လွတ်လပ်ရေးထက် အရေးကြီးဆုံး အလိုအပ်ဆုံးအရာ ဟူသည်မရှိ။

သို့ဖြစ်၍  ထိုစဉ်က  မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ အားလုံးကိုပင်ဖြစ်စေ၊ ကျောင်းသားများကိုပင်ဖြစ်စေ၊ လက်နက်ကိုင်ထားကြသော    မျိုးချစ်တော်လှန်ရေး အင်အားစုများကိုပင်ဖြစ်စေ အမျိုးသားအရေး ဆိုသည်မှာ အဘယ်နည်းဟု မေးမြန်းကြည့်လျှင်    အဖြေက တစ်ခုတည်းသာဖြစ်ပေလိမ့်မည်။    ဤအဖြေမှာ လွတ်လပ်ရေး ဟုသာဖြစ်ပါ၏။

ဆန်းစစ်ကြည့်လျှင်

အလျဉ်းသင့်သဖြင့် အမျိုးသားအရေး နှင့် နိုင်ငံရေး ကို ကွဲပြားအောင်ဆန်းစစ်ကြည့်လိုသည်။

နိုင်ငံရေးတွင် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော နိုင်ငံရေးရှိသကဲ့သို့ တစ်ပါတီချင်းနှင့် သက်ဆိုင်သည့် ပါတီနိုင်ငံရေးလည်း ရှိ၏။ နိုင်ငံရေးဆိုသော အသုံးအနှုန်းနှင့်  ပါတီနိုင်ငံရေးဟူသော အသုံးအနှုန်းကို  ကွဲပြားခြားနားစွာ   မှန်မှန်ကန်ကန်၊   သတ်သတ်မှတ်မှတ် သုံးနှုန်းရန် လိုအပ်သည်။

နိုင်ငံရေးဟုသုံးစွဲရာတွင် တိုင်းရင်းသားလုပ်သား ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သော ကိစ္စမှန်သမျှကို သတ်မှတ်သုံးစွဲသင့်ပါ၏။ စားဝတ်နေရေးကိစ္စ၊ လွတ်လပ်ရေး၊  အချုပ်အခြာအာဏာနှင့်  စည်းလုံးညီညွတ်ရေးဆိုင်ရာ ကိစ္စများအားလုံးသည်  နိုင်ငံရေးပင်ဖြစ်ပါ၏။ နိုင်ငံလွတ်လပ်ရေးရပြီ ဖြစ်၍ လွတ်လပ်ရေးသည် အမျိုးသားအရေး မဟုတ်တော့ပါ။ နိုင်ငံရေးပါတီတစ်ခုချင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များမှာမူ    ပါတီနိုင်ငံရေး ဖြစ်ပါ၏။

အထူးသဖြင့် ရွေးကောက်ပွဲဝင်ပြီး အာဏာရယူရေးသည်  ပါတီနိုင်ငံရေးကိစ္စဖြစ်၏။   အာဏာရရှိရေး ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးပါတီများကို ဖွဲ့စည်းထားခြင်းဖြစ်ပါ၏။   အာဏာရရှိရေး ရည်မှန်းချက်မရှိပါလျှင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းမှတ်ပုံတင်ရန် မလိုတော့ပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီဆိုသည်နှင့် တရားဝင်နိုင်ငံရေးပါတီ အဖြစ်ရပ်တည်ပြီး      ရွေးကောက်ပွဲ ဝင်ရောက်မှသာလျှင် အာဏာရရှိနိုင်မည် ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံရေးနှင့်ပါတီနိုင်ငံရေးကို ခွဲခြားပေးသော အဓိကအကြောင်းအချက်မှာ အာဏာဟူသည့် ကိစ္စရပ်ပင်ဖြစ်သည်။  သာမန်နိုင်ငံရေးတွင်  အာဏာရရှိရေးသည် မပါဝင်ဘဲရှိနိုင်သည်။ သာမန်နိုင်ငံရေးတွင် အာဏာရရှိရေးသည် အန္တိမရည်မှန်းချက် မဟုတ်တော့ပေ။ ပါတီနိုင်ငံရေးတွင်မူ အန္တိမရည်မှန်းချက်မှာ ၎င်းပါတီအာဏာ ရရှိရေးပင်ဖြစ်သည်။

အမျိုးသားအရေးနှင့်ပါတီနိုင်ငံရေး

အမျိုးသားအရေးနှင့်ပါတီနိုင်ငံရေး ကွဲပြားခြားနားမှုကိုလည်း   ဆန်းစစ်သင့်ပါ၏။   ကိုလိုနီကျွန်ဘဝတွင် အမျိုးသားအရေးသည် လွတ်လပ်ရေးဖြစ်ခဲ့၏။ ပါတီနိုင်ငံရေးနှင့်  အမျိုးသားအရေးမှာလည်း    ထိုခေတ်ကာလတွင်    ရောယှက်လျက်ရှိ၏။   ပါတီနိုင်ငံရေးကို လွတ်လပ်ရေးရည်မှန်းချက်ပေါ်တွင်    အခြေခံ တည်ဆောက်ရသော ခေတ်ကာလပင်ဖြစ်သည်။ သို့ရာတွင် လွတ်လပ်ရေးရပြီးနောက် တိုင်းပြည်၌ အေးချမ်းတည်ငြိမ် တိုးတက်ကြွယ်ဝပြီး တရားမျှတသောလူမှုစီးပွားရေး အခြေအနေများ ဖန်တီးနိုင်ရန် အလိုအပ်ဆုံးသော အချက်မှာ လွတ်လပ်ရေးမဆုံးရှုံးရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာရေးတို့ပင် ဖြစ်သည်။ ဤသည်တို့ပင်လျှင် အမျိုးသားအရေး ဖြစ်လေသည်။

ဆိုရလျှင်  အမျိုးသားအရေးသည်  တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ် တိုးတက်ကြွယ်ဝပြီး တရားမျှတသော လူနေမှုစနစ် ထူထောင်နိုင်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့်   လွတ်လပ်ရေးနှင့်   အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်မြဲတိုးတက်ရေးတို့ဖြစ်သည်။ ဤလုပ်ငန်းရပ်များ ကို နိုင်ငံရေးပါတီများ အပါအဝင် အဖွဲ့အစည်းအသင်းအပင်းအားလုံးက တက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများအနေဖြင့် အာဏာရရှိရေးအတွက် ပါတီနိုင်ငံရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အမျိုးသားအရေးကို   ထိပါးပျက်ပြားခြင်းမရှိစေရန်နှင့်  ပါတီအချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုမရှိစေရန် များစွာ ဂရုစိုက်သင့်ပါ၏။ ပါတီနိုင်ငံရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင်   လွတ်လပ်ရေးနှင့်အချုပ်အခြာကို မထိပါးစေရေး၊ တိုင်းပြည်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အာမခံချက်ပေးနိုင်မည့် စည်းလုံးညီညွတ်မှုကို မထိပါးစေရေး၊  တိုင်းပြည်ငြိမ်ဝပ် ပိပြားရေးနှင့်  တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေနိုင်သော လုပ်ဆောင်မှုမျိုးကို ရှောင်ရှားရမည်ဖြစ်သည်။

လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ

လာမည့် နိုဝင်ဘာလ ရက်နေ့တွင်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေတော့မည်။ ၉၀ ကျော်သော ပါတီအသီးသီး တို့ကလည်း မိမိတို့ဝင်ရောက် အရွေးခံကြမည့် မြို့နယ်များတွင် အနိုင်ရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မဲဆွယ်စည်းရုံးနေကြပြီဖြစ်သည်။ ကိုဗစ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေးကို    အိတ်သွန်ဖာမှောက် မလုပ်ဆောင်နိုင်ကြဘဲ အကန့်အသတ်ဖြင့်သာ     ဆောင်ရွက် နေကြရသဖြင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြပေ။

ဆိုရလျှင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲသည်  အမျိုးသားရေး ကိစ္စမဟုတ်ပေ။ ပါတီနိုင်ငံရေး ကိစ္စမျှသာဖြစ်သည်။ အမျိုးသားရေး ပြဿနာကြီးကို မည်သူကဦးဆောင်၍    ကိုင်တွယ်ဖြေရှင်းရမည်ကို ရွေးချယ်သော     လူစွမ်းကောင်းရွေးပွဲသာ ဖြစ်ပါ၏။ စာရေးသူအထက်တွင် ဖော်ပြခဲ့သည့်   အမျိုးသားရေးပြဿနာကြီးကို   တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ခိုင်မာသော တိုင်းရင်းသားစည်းလုံး ညီညွတ်မှုဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သည်ကို သတိချပ်ရမည် ဖြစ်သည်။

သို့ဖြစ်၍ ယနေ့နိုင်ငံတော်တွင် အရေးတကြီး လိုအပ်နေသည့် အရေးကိစ္စကြီးကို နိုင်ငံရေးအင်အားစုကြီး များအနေဖြင့် အမျိုးသားရေးတာဝန်အဖြစ် လက်ခံ၍ နားလည်မှုရှိစွာ ဝိုင်းဝန်းဖြေရှင်းကြရပေမည်။  တစ်ဖွဲ့တစ်သင်း၏ အကျိုးစီးပွားကို သီးခြားထားရှိပြီး  အမျိုးသားအရေးကို တသီးတခြားရှုမြင်ကာ ဦးထိပ်ထားလျက် အလေးပေးပူးပေါင်း ဖြေရှင်းကြရမည် ဖြစ်ပါ၏။

ယခုအချိန်အခါတွင် ပါတီစုံဒီမိုကရေစီကျင့်စဉ်များ ဖြစ်သော လွတ်လပ်စွာ လှုပ်ရှားစည်းရုံးခွင့်၊ လွတ်လပ်စွာ ဆွေးနွေးရေးသားခွင့်များသည် အမျိုးသားရေးဖြစ်သည့် တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု၊     လွတ်လပ်ရေးအဓွန့်ရှည်မှုများကို ဖီလာဆန့်ကျင်မှုမပြုလုပ်ကြရန် ပါတီအသီးသီးတို့က သတိထား ဆောင်ရွက်ကြရပေမည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့်လည်း မည်သည့်ပါတီ၊  မည်သည့်ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးမည်ကို   ဝေဖန်သုံးသပ် ဆုံးဖြတ်ကြရမည့် အချိန်နီးကပ်လာပြီ ဖြစ်သည်။ မဲဆန္ဒရှင်အများစုသည် ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးခဲ့ကြဖူးပြီဖြစ်၍   အတွေ့အကြုံများရှိသင့်သလောက် ရှိနေကြပြီဖြစ်သည်။

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အာဏာရပါတီ၏ ဆောင်ရွက်ချက်များကို ဒိဋ္ဌဓမ္မမြင်တွေ့ ခံစားခဲ့ကြရပြီမို့ ကောင်းသည်၊ ဆိုးသည်၊ မှန်သည်၊ မှားသည်တို့ကို ပြောစရာမလိုတော့ဟု ထင်သည်။

စကားပုံတစ်ခုရှိသည်။ တံငါလုလင် မျှားကြိုးငင် ဟူသောစကားပုံဖြစ်သည်။  ငါးမိပြီဟဲ့ဆိုပြီး  ဝမ်းသာအားရတ အားသုတ်ရင်း ကြိုးပြတ်ချင်ပြတ်၊ ငါးလွတ်ချင်လွတ် တစ်ခုခုတော့ဖြစ်တတ်သည်။ ကျွမ်းကျင်သော တံငါလုလင်သည်  ဝမ်းသာအားရဖြင့်   မျှားကြိုင်းကို တအားသုတ်မည်မဟုတ်ပါ။ အသာအယာကြိုးလည်း မပြတ်၊ ငါးလည်းရ၊ လူလည်းသက်သာအောင် မျှားကြိုင်းကို သုတ်မည်ဖြစ်ပါသည်။

ကျွမ်းကျင်သည့် တံငါသည်သည်    ငါးရအောင်အသာအယာပြုကျင့်သလို    အမြော်အမြင်ကြီးသော၊ ရွေးကောက်ပွဲ အတွေ့အကြုံလည်း အထိုက်အလျောက်ရှိသည့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိနှစ်သက်သဘောကျသည့်ပါတီနှင့်     ကိုယ်စားလှယ်လောင်းကို ကျွမ်းကျင်သောတံငါလုလင်ပမာ  ဆန္ဒမဲပေးရွေးချယ်ကြဖို့ အကြံပြုလိုက်ရပါ၏။  

(ဤဆောင်းပါးသည်    စာရေးသူ၏အာဘော်သာဖြစ်ပါသည်။)

တက္ကသိုလ်သင်္ခ‌