မိခင်နို့ချိုနှင့်ဖြည့်စွက်စာ

မိခင်နို့ချိုနှင့်ဖြည့်စွက်စာ

မွေးကင်းစကလေးကို   နွေးနွေးထွေးထွေးထားရှိဖို့ လိုပါတယ်။ မွေးကင်းစကလေးကို ခြောက်သွေ့နွေးထွေးတဲ့အနှီးနဲ့ တစ်ကိုယ်လုံး ခေါင်းပါလုံအောင် ထွေးပတ်ထားသင့်ပါတယ်။နွေးထွေးတဲ့အခန်းမှာ မိခင်နဲ့ကလေး မိခင်လက်လှမ်းမီတဲ့နေရာမှာ ထားရှိဖို့လိုပါ တယ်။  မစင်ပေနေတဲ့၊ သေးစိုနေတဲ့အဝတ်အနှီးတွေကို ဂရုစိုက်ပြီး ချက်ချင်းလဲလှယ်ပေးသင့်ပါတယ်။

လေးနာရီခြားတစ်ခါ ကလေးရဲ့ခြေဖျားလက်ဖျားတွေ စမ်းကြည့်သင့်တယ်။ ခြေဖျားလက်ဖျားများက အစဉ်အမြဲနွေးပြီး ပန်းရောင် သန်းနေရ မယ်၊ အေးနေခြင်း သို့မဟုတ် အေးပြီး အပြာရောင်သန်းနေပါက ပြန်လည်နွေးထွေးစေဖို့ ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။ စောင်တစ်ထပ် ပိုပြီးခြုံပေးခြင်း၊ မိခင်ရင်ခွင်ထဲ အသားချင်းထိကပ်စွာထားပြီး စောင်နဲ့အုပ်ခြင်း၊ ခြေအိတ်လက်အိတ်စွပ်ပေးခြင်း လုပ်ပေးသင့်ပါတယ်။ ကလေးကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့စေသင့်ပါဘူး။ ကလေးဟာနုနယ်ပြီး  အအေးမိပြီးဖျားလျှင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ သစ်သီးဝလံများ ပါဝင်တဲ့ အစာအုပ်စု သုံးမျိုးစလုံးပါဝင်အောင် ကျွေးသင့်တယ်။

ရေဆာလျှင် ရေပဲတိုက်သင့်ပါတယ်။ အချိုရည်၊ အချိုရည်ဘူးမတိုက်သင့်ပါဘူး။ မိခင်နို့က အသက်ခြောက်လအထိ အာဟာရ လုံလောက်တယ်။ အသက်နှစ်နှစ်အထိ တိုက်ပေးသင့်တယ်။ မိခင်နို့ဟာ အာဟာရဓာတ်လုံလောက်စွာ အပြည့်အဝပါဝင်ပြီး သန့်ရှင်းပြီး ရောဂါ ကင်းစေပါတယ်။

မိခင်နို့မတိုက်ဘဲ နို့ဘူးတိုက်လျှင် ငွေကုန်ကြေးကျများခြင်း၊ ကလေးဝမ်းပျက် ဝမ်းလျှောဖြစ်ခြင်း၊ ကျန်းမာရေး မကောင်းခြင်းတွေ ဖြစ်နိုင်တယ်။ ချိုလိမ် သို့မဟုတ် အခြားနို့သီးခေါင်းအရာတွေ မသုံးသင့်ပါဘူး။ မိခင်နို့တိုက်ကျွေးရာမှာ သက်ကြီးမိခင်တွေကို  မေးမြန်း ဆွေးနွေးသင့်ပါတယ်။

ကလေးကိုမွေးပြီး တစ်နာရီအတွင်း မိခင်နို့စတင်တိုက်ကျွေးနိုင်ပါပြီ။ ဦးရည်ကိုညှစ်မပစ်သင့်ပါဘူး။ ကလေးကိုတိုက်ပေးရမယ်။ နို့ဦးရည်မှာ ရောဂါကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်နိုင်ပါတယ်။ ကလေးငိုတိုင်း၊ ကလေးဆာတိုင်း နို့တိုက်သင့်တယ်။ မိခင်နို့ တိုက်ကျွေးခြင်း စနစ်တကျမှန်ကန်စေဖို့အရေးကြီးတယ်။ ကလေးကို နို့ဆာတဲ့အခါတိုင်း မိခင်နို့စို့စေသင့်တယ်။ အနည်းဆုံး ရှစ်ကြိမ် တိုက်ကျွေးသင့်တယ်။

မွေးစမှ အသက်ခြောက်လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်း တိုက်သင့်တယ်။ ရေနဲ့အခြားအစားအစာ၊ အရည်များ တိုက်ဖို့ မလိုအပ်ပါဘူး။ အသက်နှစ်နှစ်ပြည့်ပြီးတဲ့အထိ မိခင်နို့ဆက်တိုက်သင့်ပါတယ်။အသက်ခြောက်လကစပြီး ဗီတာမင်အေ၊ သံဓာတ် စတဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာကျွေးရမယ်၊ ကလေးဖြည့်စွက်စာမှာ-

(၁)       ခန္ဓာကိုယ်ကြီးထွားစေနိုင်တဲ့ အသား၊ ငါး၊ ပုစွန်နှင့်နို့ထွက်ပစ္စည်း အစားအစာ။

(၂)        ပဲအမျိုးမျိုး၊ ဂျုံ၊ ဂျုံထွက်အစားအစာတွေ၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ သကြား၊ အဆီစတဲ့ ကစီဓာတ်အစာအုပ်စု။

(၃)       ခန္ဓာကိုယ် အတွင်း၊ အပြင် ရောဂါဘေးအန္တရာယ်အပေါင်းမှ ကာကွယ်နိုင်တဲ့ ဟင်းသီးဟင်းရွက်အသီးအနှံများ၊ ဟင်းချို ဟင်းခါးချက်ပြုတ်တိုက်သင့်ပါတယ်။

မိခင်နို့တိုက်ကျွေးတဲ့ မိခင်ဟာ တစ်ကိုယ်ရေသန့်ရှင်းရေးရှိဖို့လိုပါတယ်။ ကလေးကိုမကိုင်မီ လက်များကို ဆပ်ပြာ၊ ရေတို့နဲ့စက္ကန့် ၂၀ ကျော်ကြာဆေးရမယ်။ ကလေးရဲ့အသုံးအဆောင် အနှီး၊ စောင်၊ အခင်း၊ သီးသန့် သန့်ရှင်းခြောက်သွေ့စွာ ထားသင့်တယ်။

ကလေးမျက်နှာ၊ ကလေးနားနောက်၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတို့ကို နေ့စဉ်သန့်စင်ပေးရမယ်။ အဝတ်သန့် သို့မဟုတ် မျက်နှာသုတ်ပဝါသုံးရမယ်။ မျက်စိထဲကို ဘယ်အရာမှမထည့်သင့်ပါဘူး။ မလိုအပ်ဘဲ မသန့်ရှင်းတဲ့ အဝတ်၊ ဂွမ်းတို့ပြီး မျက်နှာ သန့်ရှင်းရေး မလုပ်သင့်ပါဘူး။ ဆီး၊ ဝမ်းပေကျံလျှင် ချက်ချင်းသန့်စင်ပေးပြီး  ပြန်လည်ခြောက်သွေ့ နွေးထွေးစွာ ထားသင့်ပါတယ်။ ချက်သန့်ရှင်းရေးအတွက် ချက်ကြွေမှ ရေချိုးသင့်တယ်။ ရေချိုးခန်းက နွေးနေပြီး လေအေးမဝင် စေသင့်ပါ။ ရေနွေးနွေးနဲ့ ရေချိုးသင့် တယ်။ ရေချိုးပြီး ခန္ဓာကိုယ်ကို သေချာစွာထုပ်ပြီး နွေးနွေးထွေးထွေးထားသင့်တယ်။ ရာသီပူ သို့မဟုတ် အေးလာလျှင် ရေမချိုးပေး သင့်ပါဘူး။ ရေဖတ်တိုက်ပေးနိုင်ပါတယ်။ ချက်တိုင်ကတစ်ဆင့် ရောဂါပိုးမဝင်စေဖို့ ချက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားရမယ်။ ချက်ထဲကို အရက်ပြန်အပါအဝင် ဘာဆေးမှ ပုံမှန်ထည့်ပေးဖို့မလိုပါဘူး။ ဘောင်းဘီဝတ်ခြင်း၊ ခါးတောင်းကျိုက်ပေးခြင်းပြုလုပ်လျှင် ချက်တိုင်ရဲ့အောက်မှ စည်းပေးပတ်ပေးသင့်ပါတယ်။ ချက်တိုင်ကို  ပေကျံသွားလျှင်ဖြစ်စေ၊ ရေ၊ ဆပ်ပြာနဲ့သန့်စင်ပေးပြီး သန့်ရှင်းတဲ့ အဝတ်နဲ့ခြောက်သွေ့အောင် သုတ်ပေးသင့်ပါတယ်။

ကလေးကိုစောင့်ရှောက်ရာမှာ ကလေးကိုဘေးစောင်း သို့မဟုတ် ပက်လက်သိပ်ပေးရတယ်။ ကလေးအိပ်နေစဉ် နေ့၊ ည ခြင်ထောင် ထောင်ပြီး သိပ်သင့်တယ်။ ကလေးပတ်ဝန်းကျင်မှာ မီးခိုးများ၊ ဆေးလိပ်စီးကရက်မီးခိုးများ ကလေးမရှူမိစေဖို့ဂရုပြုရမယ်။ နေမကောင်း ဖြစ်နေတဲ့သူတွေနဲ့ မထိတွေ့စေသင့်ပါဘူး။ကလေးရဲ့မစင်ကို စနစ်တကျစွန့်ပစ်ဖို့နဲ့ အစားအသောက်မပြင်ဆင်မီ၊ ကလေး အစာမကျွေးမီ၊ အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာဆေးကြောသင့်ပါတယ်။

ကလေးငယ်တွေ အရွယ်အလိုက် ကလေးကာကွယ်ဆေးအကြိမ်ပြည့်အောင် ထိုးပေးသင့်ပါတယ်။ အသက် နှစ်လ၊ လေးလနှင့် ခြောက်လ အရွယ်မှာ ရောဂါပိုး ငါးမျိုးကာကွယ်ဆေး ပင်တာဗဲလိတ် (Puntavaild) ဖြစ်တဲ့ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် ရောဂါဘီ၊ ဦးနှောက် အမြှေးရောင်ကာကွယ်ဆေးနဲ့ ပိုလီယိုကာကွယ်ဆေးအစက် နှစ်စက် ချပေးရမယ်။

ကလေးအသက်နှစ်လမှာ အဆုတ်တီဘီကာကွယ်ဆေး ဘီစီဂျီ(BCG)ထိုးနှံပေးရမယ်။ ကလေးအသက်ကိုးလနဲ့ တစ်နှစ်ခွဲအရွယ်မှာ ဝက်သက်ကာကွယ်ဆေးထိုးနှံပေးရမယ်။ ဒေသအရ လိုအပ်တဲ့အချိန်မှာ ညွှန်ကြားတဲ့ ကာကွယ်ဆေးထိုးနှံရမယ်။

ဉာဏ်ရည်ဖွံ့ဖြိုးပြီး  ထူးချွန်ထက်မြက်တဲ့  ကလေးဖြစ်လာစေရေးအတွက် ချစ်ခင်ကြင်နာစွာ ပြုစုဆက်ဆံရမယ်။ ကလေးနဲ့စကား ပြောခြင်း၊ ကလေးအတွက် ကာယ၊ ဉာဏ၊ စာဂဖွံ့ဖြိုးတိုးတက်နိုင်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းမူ ကြိုပို့သင့်ပို့ပေရမယ်။ ကလေးနေမကောင်းစဉ်မှာ တိုက်နေကျ မိခင်နို့မဖြတ်သင့်ဘူး။ ဖြည့်စွက်အစာကျွေးဖို့ မိခင်နို့တိုက်ပါက ဆက်လက်တိုက်ကျွေးဖို့ အရည်ပိုတိုက်ပေးဖို့လိုပါတယ်။

ကလေးငယ် သာမန်နေမကောင်းဖြစ်လျှင် အိမ်မှာ သင့်လျော်တဲ့ ပြုစုကုသမှုပေးရမယ်။ မိခင်နို့တိုက်ကျွေးမယ်။ ဝမ်းလျှောတဲ့ ကလေးကို ဓာတ်ဆားရည်တိုက်ရမယ်။ လေကောင်းလေသန့်ရတဲ့နေရာမှာ ထားသင့်တယ်။ အလွန်ထူတဲ့ စောင်မဝတ်သင့်ဘူး။ ရာသီဥတု အရ သင့်လျော်တဲ့အဝတ်ကိုဝတ်ရမယ်။ အန္တရာယ်လက္ခဏာတစ်ခုခုတွေ့လျှင် ကျန်းမာရေးဝန်ထမ်းထံ ကုသမှုခံယူသင့် တယ်။

ကျန်းမာရေးဌာနကို ပြသတဲ့လက္ခဏာတွေက နို့ကောင်းစွာမစို့နိုင်ခြင်း၊ မှိန်းခြင်း၊ နှိုးရခက်ခြင်း၊ တက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ နှေးခြင်း၊ လည်ချောင်းတစ်ဆို့သံကြားခြင်း၊ ပြင်းထန်တဲ့  ရင်ဘတ်ချိုင့်ဝင်ခြင်း၊ မျက်စိရောင်ပြီး ပြည်ထွက်ခြင်း၊ ဖျားခြင်း၊ နွေးအောင်ပြုပေးပေမယ့် ပြန်နွေးမလာဘဲ ဆက်လက်အေးနေခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ဖြူဖျော့ခြင်း၊ အန်ခြင်း၊ ဗိုက်ဖောင်း ခြင်း၊ ချက်တိုင် သို့မဟုတ် ဖြတ်ထားသည့်နေရာမှ သွေးယိုစိမ့်ခြင်း၊ ချက်မှပြည်ထွက်ခြင်း၊ ချက်ပတ်လည် အရေပြားနီရဲခြင်း၊ ခြေလက် ကောင်းစွာမလှုပ်နိုင်ခြင်း၊ အသားဝါခြင်း၊ ပထမရက်မှ မျက်နှာမြင်ပြီး ၂၄ နာရီကျော်အတွင်း ခြေဖဝါးလက်ဖဝါး တစ်ကိုယ် လုံး ဝါလာခြင်း၊ နို့ကောင်းစွာမစို့နိုင်ခြင်း၊ မှိန်းခြင်း၊ နှိုးရခက်ခြင်း၊ အသက်နှစ်ပတ်သားမှာ  သိသာစွာဝါလာခြင်းတို့ကို ဆေးရုံပြသ ကြရမယ်။   ။

ဒေါက်တာလွင်သန့်