ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး

ခါးနာခြင်းသည် အသက် ၆၀ ကျော်တွင် အဖြစ်များပြီး အသက်အရွယ်မရွေးလည်း ဖြစ်တတ်သည်။

ခါးနာခြင်းကြောင့် အထိုင်အထ အသွားအလာ ခက်ခဲပြီး ဘေးကမြင်ရသူအဖို့လည်း စိတ်မသက်သာ၊ ကာယကံရှင် ခံစားရသူအတွက် အလုပ်အကိုင်ပျက်ရသည်အထိ ဒုက္ခကြီးသည်။ ထို့ကြောင့် နိုင်ငံအရပ်ရပ်ရှိ ကျန်းမာရေးအသင်း အဖွဲ့များက လူအများတွင် ဖြစ်တတ်သော ခါးနာရောဂါဝေဒနာ အကြောင်းနှင့် ခါးနာခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နေထိုင် ပြုမူတတ်ကြစေရန် ရည်ရွယ်၍  အောက်တိုဘာ ၅ ရက်မှ ၉ ရက်ကို "Back Care Awareness Week"  ခါးနာရောဂါ သတိပြုရမယ့် ရက်သတ္တပတ်အဖြစ် အထူးတလည် သတ်မှတ်ပေးထားခြင်းဖြစ်သည်။

ခါးနာခြင်းအကြောင်း

ကျောရိုးအဆစ်ကြား အရွတ်ဝိုင်းနေရာ လွဲသွားခြင်းကြောင့် ကျောရိုးဆစ်တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ   ခါးနာခြင်း ဖြစ်ပေါ်လာရသည်။

ယေဘုယျအားဖြင့် ခါးနာခြင်းသည် သက်ကြီးပိုင်းအမျိုးသားများတွင်   အဖြစ်များလေ့ရှိသည်။

သို့သော် အနေအထိုင်ပုံစံမမှန်ခြင်း၊ ဟန်ချက်မညီဘဲ အားစိုက်မိ၍ ကြွက်သားနှင့် အကြောများတွင် ဒဏ်ဖြစ်ခြင်း၊ အဝလွန်၍ ဝမ်းဗိုက်တွင် အဆီစုဝေးခြင်း၊ အားကစားလုပ်နည်း ပုံစံမမှန်ခြင်း၊ လေ့ကျင့်ခန်းပြင်းပြင်းလုပ်ခြင်း၊ အလေးအပင်မခြင်း၊ ကွန်ပျူတာ ရှေ့အထိုင်များခြင်း စသည်တို့ကြောင့်လည်း  သက်ကြီးပိုင်းသာမက  သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများ အားလုံးနီးပါး ခါးနာလေ့ရှိကြသည်။ အထိုင်များခြင်းကလည်း ခါးရိုးနှင့် ကျောရိုးတစ်လျှောက်

ဝန်ပိသွားစေပြီး ခါးနာခြင်းကိုဖြစ်စေသည်။ ခါးနာခြင်းသည် လူတစ်ဦး၏ လှုပ်ရှားသွားလာမှုကို ခံရခက်စေပြီး  နာတာရှည်ရောဂါ ဖြစ်သွားလျှင် ကုသရခက်ခဲစေသည်။ မိမိတွင် ခါးနာခြင်းမဖြစ်ဘူးဆိုပြီး ပေါ့ဆ၍ မရပါ။ ကြိုတင်ကာကွယ်နည်းများကို သိရှိသဘောပေါက်ပြီး လိုက်နာထားပါက ခါးနာခြင်းဝေဒနာ ကင်းဝေးနိုင်ပေလိမ့်မည်။ အနေအထိုင်အပြုအမူ ပုံစံမှားယွင်းမှုကြောင့် ခါးနာခြင်းကို ဖြစ်စေနိုင်သဖြင့် အောက်ပါနည်းလမ်းကောင်းများအတိုင်း ပြုမူနေထိုင်သင့်သည်။

စနစ်တကျသယ်မပါ။ ဖြစ်နိုင်ရင်  လေးလံသော အရာဝတ္ထုပစ္စည်းများကို မိမိတစ်ဦးတည်း သယ်မခြင်းရှောင်ပါ။

မတ်တတ်ရပ်နည်း မှန်ကန်ပါစေ။ မတ်တတ်ရပ်ပုံစံ မှားယွင်းခြင်းကလည်း ခါးနာခြင်းကို ဖြစ်စေနိုင်သည်။ မှန်ကန်သော မတ်တတ်ရပ်နည်းပုံစံများမှာ ခေါင်းမှ ခြေထောက်အထိ ခန္ဓာကိုယ်တစ်လျှောက် တစ်ပြေးညီ မတ်တတ်ရပ်ပါ။ နားရွက်၊ တင်ပါးနှင့်ဒူးများ    တစ်ဖြောင့်တည်းဖြစ်ရမည်။ ဦးခေါင်းကို ရှေ့သို့မကုန်းဘဲ လည်ပင်းနှင့် တစ်ဖြောင့်တည်းဖြစ်နေရန် လိုအပ်သည်။

ခါးကို မတ်မတ်ထား၍ ထိုင်ပါ။ ခါးနောက်ကျောပေါ်သို့ ဖိအားသက်ရောက်မှုလျော့ပါးစေရန် ခါးကို မတ်မတ်ထား၍ ထိုင်ရမည်။ ခါးရိုးဆစ်များသည်  မူလသဘာဝအားဖြင့် အင်္ဂလိပ်စာလုံး အက်စ်(S) ပုံစံဖြင့် တည်ဆောက်ထား၍ ထိုင်သောအခါတွင် (S) ပုံစံအနေအထားဖြစ်အောင်ထိုင်ရမည်။ နာရီဝက်ကြာတိုင်း ထိုင်ခုံပေါ်မှထရပ်ပြီး စက္ကန့်အနည်းငယ်ခန့် လမ်းထလျှောက်ရမည်။ ဒါ့ပြင် ဆိုဖာထူသော ကုလားထိုင်တွင် ကြာရှည်စွာထိုင်ရခြင်း၊ ကုလားထိုင်

အစွန်းတွင် ကြာရှည်စွာ ထိုင်မိခြင်းတို့ကြောင့်လည်း ခါးနာခြင်းနှင့် ကျောဆစ်ရိုးလွဲခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။

နူးညံ့ပျော့ပျောင်းသော ဖိနပ်ကိုစီးပါ။ ခေါင်းအုံး ခပ်ပါးပါးဖြင့် အိပ်စက်ပါ။  ခေါင်းအုံးထူထူဖြင့် အိပ်စက်ခြင်းက  ခါးနာခြင်းကို  ဖြစ်စေနိုင်သည်။

ခါးနာသူများသာမက ခါးမနာသေးသူများလည်း ကြိုတင်ကာကွယ်မှုအနေဖြင့်    ခေါင်းအုံးပါးပါးသို့မဟုတ် ခေါင်းအုံး တစ်လုံးတည်းဖြင့်သာ အိပ်စက်အနားယူသင့်သည်။ ခေါင်းအုံးထူခြင်း သို့မဟုတ် ခေါင်းအုံးနှစ်လုံး၊ သုံးလုံးဖြင့် အိပ်စက်ခြင်းက  ခါးနောက်ကျောရှိ ကြွက်သားများကို ဒဏ်ဖြစ်စေသလို၊ လည်ပင်းကိုလည်းဒဏ်ဖြစ်စေနိုင်သည်။

မွေ့ရာအသစ်လဲပါ။ အလွန်ပျော့သောမွေ့ရာနှင့် အလွန်မာသောမွေ့ရာတို့ကလည်း ခါးနာခြင်းကိုဖြစ်စေသည်။

ကျန်းမာရေးအသိအမြင်ရှိပါ။  မိမိသဘောဖြင့် ခါးနာပျောက်ဆေးများကို မသောက်သင့်ပါ။

လမ်းလျှောက်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ခြင်းသည် ခါးရိုးဆစ်အတွက်   များစွာ အထောက်အကူပြုသည်။ ခါးရိုးကြွက်သားများကို သန်မာစေပြီး အဆစ်များ လှုပ်ရှားမှုနှင့် အရွတ်အဝိုင်းပြားများကို ပိုမိုကောင်းမွန်လာစေသည်။ မလှုပ်ရှားဘဲ ဥပမာ-တစ်နေကုန်  တီဗွီထိုင်ကြည့်သူများသည် ခါးနာခြင်းကို အများဆုံးဖြစ်စေနိုင်သည်။ လမ်းမှန်မှန်လျှောက်ကာ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် ခါးနာခြင်းမှကင်းဝေးစေနိုင်သည်။

စိတ်ဖိစီးမှုများကို လျှော့ချပါ။ တချို့လူများတွင် ပြဿနာအခက်အခဲတစ်ခုခုနှင့် ရင်ဆိုင်တွေ့ရတိုင်း ခါးနာတတ်ကြသည်။

ခရီးသွား၍ ခါးနာခြင်းမှ ကင်းဝေးရေးအတွက် ထိုင်ခုံကိုရွေးချယ်ပြီး ရှေ့နောက်ဆန့်နိုင်သော ထိုင်ခုံပါသည့်ယာဉ်ကို ရွေးချယ်ပါ။ သားရေထိုင်ခုံများဖြစ်လျှင် အပူဒဏ်ကာကွယ်သည့် အဝတ်ခင်း၊ ထိုင်ခုံအစွပ်များ ပို၍ကောင်းသည်။ လေဝင်လေထွက်ကောင်းသော  ခေါင်မိုးမြင့်သည့်  ယာဉ်ကိုရွေးချယ်ပါ။

လေအေးပေးစက် အလွန်အကျွံဖွင့်လျှင် အအေးဒဏ်ကြောင့် ခါးဆစ်ကိုက်ခဲခြင်း မဖြစ်စေရန် ခါးမနာစေသောခါးပတ် သို့မဟုတ် စောင်တဘက်ဖြင့် အအေးဒဏ်ကာကွယ်ရန် ဆောင်ထားပါ။ ယာဉ်ရပ်သည့် အခါတိုင်း အပေါ့အပါးသွားခြင်း၊   ခါးဆန့်၍ လေ့ကျင့်ခန်းလုပ်ခြင်းများ ပြုလုပ်ပါ။

ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး

ကျောက်ကပ်၊ ဆီးအိမ်၊ သားအိမ်ရောဂါအမျိုးမျိုးတို့ကြောင့်လည်း    ခါးနာတတ်ပေရာ  ဝေဒနာမပြင်းထန်ခင် နည်းမှန်လမ်းမှန်ဖြင့် ကုသမှုခံယူရင်း အောက်ပါအိမ်တွင်းကုထုံးများဖြင့် သက်သာနိုင်ကြပါစေရန် မျှဝေလိုက်ရပါသည်။

ခါးနာသည့်နေရာသို့ ရေနွေးအိတ်ကပ်ပေး၍ ပူနွေးသော အစားအစာများကို စားပေးပါ။ ထမင်းစားသည့်အခါတိုင်း ကြက်သွန်ဖြူစားပေးပါ။ အထူးသဖြင့်နံနက်အိပ်ရာထ ဘာမှမစားခင် ကြက်သွန်ဖြူစားပေးနိုင်ရင် ပိုကောင်းသည်။ ခါးနာခြင်းသည် ပင်စိမ်းရွက်က အကောင်းဆုံးသမားတော်ဟု အဆိုရှိရာ ပင်စိမ်းရွက်ကို နှစ်ခွက်တစ်ခွက်တင်ပြုတ်၍ အအေးခံကာ ဆားအနည်းငယ်ထည့်သောက်ပါ။ ယူကလစ်ဆီနှင့် မုန်ညင်းဆီတို့ရော၍ အရေပြားထဲ စိမ့်ဝင်အောင် အသာအယာ နှိပ်နယ်ပေးပါ။ ထမင်းစားပြီးတိုင်း သကာရည် သို့မဟုတ် တင်လဲရည် စားပွဲတင်ဇွန်းတစ်ဇွန်းခန့်ကို ရေနွေးဖြူဖြင့် သောက်ပေးပါ။ ဖာလာစေ့ကို ပျားရည်ဖြင့်နှဲ၍ သောက်ခြင်းကလည်း အမြန်ဆုံး သက်သာလာစေသည်။  ကယ်စီယမ်ကြွယ်ဝသည့် နွားနို့ကို  တစ်ရက်လျှင် နှစ်ခွက်မှ  သုံးခွက်အထိ သောက်ပေးခြင်းဖြင့် ခါးမနာအောင် ကြိုတင်ကာကွယ်ပေးနိုင်သည်။ အသာအယာနှိပ်နယ်ပြီး ဆေးဖယောင်း ချက်ကပ်ပေးပါ။ ရေခဲတုံးလေးများကို   အဝတ် သို့မဟုတ် ဂုန်နီအိတ်ပါးထဲထည့်၍ အသာအယာ လှိမ့်ပေးနိုင်သည်။ တစ်ရက်လျှင် လေးကြိမ်လောက် လုပ်ပေးနိုင်လျှင် ခါးနာပျောက်ပါသည်။ မွေ့ရာခင်းမထားသော ခုတင် သို့မဟုတ် ကြမ်းပြင်ပေါ် ငြိမ်သက်စွာ ပက်လက်လှဲခြင်းက သွေးများကောင်းစွာ စီးဆင်းလည်ပတ်စေသလို အကြောအခြင်ပြေ၍ ခါးနာခြင်းကိုသက်သာစေသည်။ ဒဏ်ကြေဆေးပူလိမ်းပေးနိုင်သည်။ (ကိုယ်ဝန်ဆောင်များကို မဆိုလိုပါ) နံ့သာဖြူနှင့် ချင်းကိုဆတူရော၍ လိမ်းပါ သို့မဟုတ် ချင်းအနည်းငယ်ကို ထောင်း၍ နာနေသောနေရာကို မိနစ် ၂၀ လောက် လိမ်းပေးပါ။ တစ်နေ့လျှင် လေးကြိမ်လောက် လုပ်ပေးခြင်းဖြင့် ခါးနာရောဂါပျောက်ကင်းပါသည်။ မပြင်းထန်သော ခပ်ဖော့ဖော့အကြောပြင် လေ့ကျင့်ခန်းများကလည်း ခါးနာသက်သာအောင် အထောက်အကူဖြစ်စေသည်။ (အမှန်တကယ် အရိုးအကြောနားလည် တတ်ကျွမ်းသူနှင့် ကုသမှုခံယူပါ)။ ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ် တစ်ရွက်ခူးယူပြီး အင်္ကျီအတွင်း နာနေသောခါးပေါ်ကိုကပ်ထားပြီး ပက်လက်လှန်ပြီး အိပ်ပါ။ ခန္ဓာကိုယ်မှအပူများကို သင်္ဘောရွက်မှ သဘာဝဓာတ်သဘောဖြင့်   စုပ်ယူပေးပါသည်။

ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ်လုပ်ပေးနိုင်သည်။

မနက်အိပ်ရာထချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမဝင်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။ တည့်တည့်မတ်မတ်ရပ်ပြီး ခါးကို ရှေ့သို့အနည်းငယ်ကိုင်းပြီးလျှင် ခါးကိုအားပြုပြီး ဖြည်းဖြည်းချင်း ဆန်ကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။ ၎င်းလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါသည်။ ညနေပိုင်း ရေချိုးခါနီးမှာလည်း   နောက်တစ်ကြိမ်လေ့ကျင့်ပေးနိုင်သည်။ တစ်နေ့ကို နှစ်ကြိမ်ခန့်ပြုလုပ်နိုင်ပါသည်။ (သတိပြုရန်မှာ ခါးလှည့်သောအခါတွင် ဖြည်းညင်းစွာလှည့်ပါ။ ခွန်အားထည့်၍ အလျင်အမြန်လှည့်မိပါက အခန့်မသင့်လျှင် ပို၍ နာသွားတတ်ပါသည်။)

မလေးရှားနိုင်ငံတွင်  ခေါင်းကိုက်ခြင်း၊ အဆစ်အမျက် နာကျင်ကိုက်ခဲခြင်းနှင့်   ခါးနာခြင်းဝေဒနာများအတွက် အပူပေးထားသော အုန်းဆီကို ကွမ်းရွက်သတ္တုရည်ဖြင့်ရောကာ လိမ်းကျံလေ့ရှိသည်။    ။

ပေါက်ပေါက်