၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ ခြောက်ဘာသာဂုဏ်ထူးရှင် မငြိမ်းမို့မို့ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်  ကျွန်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ သစ်ရာမြိုင်အခြေခံပညာ အထက်တန်းကျောင်းမှ ခုံအမှတ် စဈသ ၇၀၆ ခြောက်ဘာသာဂုဏ်ထူးရှင် မငြိမ်းမို့မို့ထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး ။  ။ သမီးအနေနဲ့ ခြောက်ဘာသာဂုဏ်ထူးရရှိအောင် ပြင်ဆင်ကြိုးစားခဲ့ပုံကိုပြောပေးပါ။

ဖြေ ။  ။ သမီးက နဝမတန်းဖြေဆိုပြီးချိန်ကစပြီး ကျက်စာတွေကျက်ခဲ့ပါတယ်။ ကျောင်းပိတ်ချိန်မှာ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ပညာရေးသင်ခန်းစာတွေကို လေ့လာခဲ့ပါတယ်။ ကျောင်းစဖွင့်တော့လည်း ဆရာ၊

ဆရာမတွေ နေ့စဉ်သင်ကြားတဲ့ သင်ခန်းစာတွေကို အာရုံစူးစိုက်နားထောင်ပြီး ပုံမှန်ကျက်မှတ်ခဲ့ပါတယ်။

တစ်နေ့စာတစ်နေ့ပုံမှန်လုပ်ပါတယ်။

မေး ။  ။ သမီး   ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်အများဆုံး ရရှိတဲ့အတွက် စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ။

ဖြေ ။  ။ သမီးခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရရှိတဲ့အတွက် ပြောမပြနိုင်လောက်အောင် ဝမ်းသာပါတယ်။ ဆရာ၊ ဆရာမတွေ၊ အဘိုးအဘွားတွေ၊ မိခင်နဲ့ ဆွေမျိုးတွေလည်း ဝမ်းသာနေကြပါတယ်။ သမီးကို ငယ်စဉ်ကတည်းက ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့မိခင်နဲ့ ဂုဏ်ထူးရအောင်သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

မေး ။  ။ တက္ကသိုလ်ဝင်စာမေးပွဲမှာ    အမှတ်ကောင်းစွာနဲ့  အောင်မြင်တဲ့အတွက်  သမီးရဲ့ ရည်မှန်းချက်ကို ပြောပေးပါ။

ဖြေ ။  ။ သမီးကတော့   နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မွေးထုတ်ပေးမယ့် ပညာရေးတက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားပြီး Ph.D ဘွဲ့ယူဖို့အထိ မှန်းထားပါတယ်။

မေး ။  ။ သမီးအနေနဲ့ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတွေကို အကြံပြုချက်၊ တိုက်တွန်းချက်လေး ပြောပေးစေလိုပါတယ်။

ဖြေ ။  ။ ဒီနှစ်ဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေ အားလုံးကြိုးစားကြပါ။ အကြောင်းအမျိုးမျိုးကြောင့် ဆယ်တန်းစာမေးပွဲဝင်ရောက်မဖြေခဲ့တဲ့ သူတွေအတွက် ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းက တစ်နှစ်ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် ဝင်ရောက်ဖြေဆိုဖို့ ဖိတ်ခေါ်ပါတယ်။ သမီးလို ဆရာ၊  ဆရာမတွေရဲ့ သင်ကြားမှုကို ဂရုတစိုက်လေ့လာကျက်မှတ်ဖို့နဲ့ မိဘများရဲ့ ဆိုဆုံးမမှုကို နားထောင်ကြပြီး မိမိတို့ တက်လှမ်းလိုတဲ့ ပန်းတိုင်ရောက်အောင်ကြိုးစားကြပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်။

 

မျိုးဝင်းညို၊ ဇင်ဇင်အောင်