ကြိုးစားမှုကိုလက်ကိုင်ပြု၍ COVID-19 ကို တိုက်ထုတ်ကြပါစို့

ယနေ့အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဘာသာရပ်များမှ ပါမောက္ခများ၊ ဆရာဝန်များနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် COVID-19 ရောဂါကူးစက်ခံရသော လူနာများအား အသေအပျောက် အနည်းဆုံးဖြစ်စေရန် နေ့မအား ညမအား အစွမ်းကုန် ကုသပေးလျက်ရှိသည်။ COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးဖြစ်သည့်  ရန်ကုန်တိုင်းဒေသကြီး၌ လက်တွေ့မြေပြင်တွင် အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်း ကိုင်တွယ် ဆောင်ရွက်လျက်ရှိသည်။

ဝန်ကြီးဌာနအနေဖြင့်လည်း ကူးစက်မှုနှုန်းလျော့ကျနိုင်စေရေး Stay at Home အမိန့်ကြော်ငြာ စာများ ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနည်းသော   တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနများအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၏ အတွေ့အကြုံကို လေ့လာ၍ ၎င်းတို့ဒေသများ၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ဆောင်ရွက်လျက်ရှိသည်။ မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် မဖြစ်မနေအပြင်ထွက်မည်ဆိုပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ယခုအချိန်တွင် နေအိမ်အတွင်း၌သာ နေထိုင်ခြင်း သည် ရောဂါကူးစက်ပြန့်ပွားမှုကို ရပ်တန့်စေရန်အထိ ရောက်ဆုံး နည်းဗျူဟာဖြစ်သည်ဟု ဆိုထား သည်။

ကမ္ဘာပေါ်တွင် မကြုံဖူးသော ကပ်ဘေးဖြစ်ခြင်း၊ မမြင်ဖူးခဲ့သော ပိုးဖြစ်ခြင်းတို့ကြောင့် အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက အကောင်းဆုံး ကြိုးစားပေးနေကြသည်ကို တွေ့ရ သည်။ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဇော်ဝေစိုးက “အရေးကြီးဆုံး အချိန်ဖြစ်နေလို့ ဒီတစ်ပတ်ထိန်းနိုင်မှ ရန်ကုန်ကို ထိန်းနိုင်ပါမယ်။ တစ်နိုင်ငံလုံးကို ထိန်းနိုင်ပါမယ်။ နောက်ဆုံးတိုက်ပွဲ၊ နောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင်ပါ” ဟု အနူးအညွတ်မေတ္တာရပ်ခံစကား ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တက်ညီ လက်ညီပူးပေါင်း ပါဝင်ရန် အထူးလိုအပ်ပေသည်။ ပူးပေါင်းပါဝင်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာပြီး ပေါ့ဆမှုမရှိဘဲ အားထုတ်မှု၊ လုံ့လပြုမှုရှိကြရန် အရေးကြီးပေသည်။ 

ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများက နေ့မအား ညမအား ကြိုးစားဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုကလည်း ကြိုးစားဆောင်ရွက်ကြရန်  အထူးအရေးကြီး ပေသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ရာ တွင် ကြိုးစားမှုကို လက်ကိုင်ပြုရန် လိုအပ်သည်။

ကြိုးစားမှုဆိုသည်မှာ အားထုတ်သည်၊ လုံ့လပြုသည်ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ အမှုကိစ္စတစ်ခု ပြီးမြောက်အောင်မြင်စေရန် အဆက်မပြတ် စွမ်းအားထုတ်လုပ်ဆောင်ခြင်း ပင်ဖြစ် သည်။ ကြိုးစားမှုတွင် စွဲမြဲခြင်းသဘောနှင့် အားထုတ်လုပ်ဆောင်ခြင်း သဘောတို့ ပါဝင်နေသည်။ သို့ဖြစ်၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ဆရာကြီး ဒေါက်တာ ဇော်ဝေစိုး၏ အနူးအညွတ်မေတ္တာရပ်ခံချက်နှင့် ပတ်သက်၍လည်းကောင်း ပြည်သူများ အနေဖြင့် ကြိုးစားမှုကို လက်ကိုင်ပြုရန် လိုအပ်ပေသည်။

ကြိုးစားမှုသည် မည်သည့်ကိစ္စတွင်မဆို လိုအပ်သည်။ ကြီးသောကိစ္စဖြစ်စေ၊ ငယ်သောကိစ္စဖြစ်စေ ကြိုးစားလုပ်ဆောင်မှသာ ပြီးမြောက်အောင်မြင်နိုင်သည်။ ဝါဂွမ်းမှ အဝတ်အထည်ဖြစ်လာရာတွင် ဝါဂွမ်းမှချည်မျှင်၊ ချည်မျှင်မှအထည် အဆင့်ဆင့် ကြိုးစားလုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဟင်းတွင် ဆားမပါလျှင် မပြီးသကဲ့သို့ မည်သည့်ကိစ္စတွင်မဆို ကြိုးစားမှုမပါလျှင် ပြီးမြောက် အောင်မြင်လိမ့်မည် မဟုတ်ပေ။

“တောင်ကြီးဖဝါးအောက်၊ လှိုင်းကြီးလှေအောက်” ဟူသော စကားပုံသည် ကြိုးစားမှု ရလဒ်ကို ဖော်ပြသည်။ တောင်တို့သည် မည်မျှမြင့်မားစေကာမူ တောင်တက်သူတို့၏ ကြိုးစားမှုကြောင့်   ၎င်းတို့၏ ဖဝါးအောက်သို့ ရောက်ရသည်။ လှိုင်းလုံးတို့သည် မည်မျှကြီးမားစေကာမူ လှေသမား တို့၏ ကြိုးစားလှော်ခတ်မှုကြောင့် လှေအောက်သို့ရောက်ရသည်။ ထိုနည်းတူစွာပင် အခက်အခဲများ မည်မျှပင်ကြီးမားစေကာမူ   ကြိုးစားအားထုတ်မှုအောက်တွင် ပပျောက်ရပေသည်။

ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ခြင်းသည်ပင် ကြိုးစားမှုကြောင့်ဖြစ်သည်။ ဘုရားမဖြစ်မီ သုမေဓာရှင်ရသေ့ဘဝ၌ ဒီပင်္ကရာဘုရားထံတွင် ဗျာဒိတ်တော် ခံယူခဲ့သည်။ ဗျာဒိတ်တော်ရပြီးသည် မှစ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ဘုရားဖြစ်ကြောင်း လမ်းစဉ်ကို ကြိုးစား အားထုတ်ခဲ့ရသည်။ စွန့်ခြင်းကြီး ငါးပါး၊ စရိယ သုံးပါး၊ ပါရမီ ၁၀ ပါး တို့ကို ဘဝအဆက်ဆက်  ကြိုးစားဖြည့်ဆည်းခဲ့သည်။ ထိုသို့ကြိုးစားခဲ့ခြင်းကြောင့် ဧကန်စင်စစ် ဘုရားဖြစ်ခဲ့သည်။ ထို့ကြောင့်   ကြိုးစားက ဘုရားဖြစ်နိုင်ဟူသော ဆိုရိုးစကားတွင်ခဲ့လေသည်။

အာဠာဝကဘီလူးသည် ဘုရားရှင်ကို အန်တုရာမှမြတ်စွာဘုရားအား အဘယ် သို့သောအကြောင်း ကြောင့် ကာမဘုံ၌ဖြစ်သော ဆင်းရဲကိုလွန်နိုင်ပါသနည်းဟု မေးမြန်းရာ ဘုရားရှင်က အားထုတ်မှု၊ လုံ့လထုတ်မှုတို့ပါဝင်သော ကြိုးစားမှုကြောင့် ကာမဘုံ၌ဖြစ်သောဆင်းရဲကို လွန်နိုင်သည်ဟု မိန့် ကြားခဲ့သည်။ ဓားကို သွေးလေလေ ထက်လေလေဖြစ်သကဲ့သို့ ကြိုးစားမှုရှိလေလေ အခက်အခဲကို ကျော်လွှားနိုင်လေ လေဖြစ်သည်။

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းတို့၏ အပင် ပန်းခံကြိုးစားမှု ကြောင့် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက် တည်ထောင်နိုင်ခဲ့ သည်။ မြန်မာ့တပ်မတော်၏ ကြိုးစားဆောင်ရွက်မှုတို့ကြောင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး တည်တံ့ ခိုင်မြဲနေခြင်း ဖြစ်သည်။

ငယ်စဉ်က သင်ကြားခဲ့ရသော ယုန်နှင့်လိပ်အပြေးပြိုင်ပွဲတွင် ယုန်ကအပြေး မြန်သော်လည်း   နှေးကွေးသော လိပ်ကို ရှုံးနိမ့်ခဲ့ရသည်။ လိပ်သည် နှေးကွေးသော်လည်း လုံ့လထုတ်မှု၊ စွဲမြဲသော အားထုတ်မှု တို့ပါဝင်သည့် ကြိုးစားမှုကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယနေ့အချိန်တွင် COVID-19 ရောဂါကို တိုက်ထုတ်ရာ၌ အစိုးရနှင့် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးတို့က အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်း ကိုင်တွယ်ဆောင်ရွက်နေခြင်း၊ တပ်မတော် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေခြင်း စသည်တို့နှင့်အတူ ပြည်သူ တစ်ဦးချင်းစီကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များကို လိုက်နာရာတွင် အားထုတ်မှု၊ လုံ့လပြုမှုတို့ ပါဝင်သောကြိုးစားမှုကို လက်ကိုင်ပြု၍ ပူးပေါင်းပါဝင်ရမည်ဖြစ်ပေသည်။

စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့နှင့်အတူ စိတ်ကျန်းမာရေးကိုပါ အနှောင့် အယှက်ဖြစ်စေသော COVID-19 ရောဂါဆိုးကြီးကို တိုက်ထုတ်ရာတွင် လူတိုင်းလူတိုင်း လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းများအား တိကျသေချာစွာ ကြိုးစားမှုကို လက်ကိုင်ပြု၍ တိုက်ထုတ်ခြင်း ဖြင့် ကပ်ရောဂါဆိုးကြီး ဘေးမှကျော်လွန်နိုင်ပါစေကြောင်း ဆန္ဒပြု ရေးသားလိုက်ပါသည်။    ။

ရီရီဆွေ(ရေနီ)