စင်ကာပူနိုင်ငံ၌ မျောက်ကျောက်ရောဂါပထမဆုံးဖြစ်ပွားမှုရှိလာ

စင်ကာပူ၊ ကျန်းမာရေး

စင်ကာပူနိုင်ငံ၌ ၂၀၁၉ ခုနှစ်နောက်ပိုင်း မျောက်ကျောက်ရောဂါ ပထမဆုံးဖြစ်ပွားမှုရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုလိုက်သည်။

မျောက်ကျောက် ရောဂါဖြစ်ပွားသူသည် အသက် ၄၂ နှစ်ရှိ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဇွန် ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ဆိုက်ရောက်စဉ် ရောဂါရှာဖွေစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်သည်။

ယခုအခါ အဆိုပါအမျိုးသားသည် ကျန်းမာရေးဆိုးဝါးမှုမရှိဘဲ တည်ငြိမ်နေပြီး အမျိုးသားကူးစက်ရောဂါဌာန၌ ထားရှိထားကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည်။

စင်ကာပူနိုင်ငံ၌ ပြည်ပမှတစ်ဆင့် မျောက်ကျောက်ရောဂါ ကူးစက်မှုသည် ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးဖြစ်သည့်အတွက် ယခု အချိန်တွင် ထိုရောဂါကူးစက်ထားသူကို ပထမဆုံးတွေ့ရှိမှုကြောင့် ယခုနှစ်အတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားမှုရှိသည့် ၄၂ နိုင်ငံ စာရင်းတွင် ဝင်သွားပြီဖြစ်သည်။

မကြာသေးမီက အနောက်နိုင်ငံများ၌ ပုံမှန်မဟုတ်ဘဲဖြစ်ပွားလာသော မျောက်ကျောက်ရောဂါသည် ဖျားခြင်းနှင့်အဖု အပိမ့်များ ထွက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများရှိပြီး ဇွန်လလယ်အထိ ထိုရောဂါကူးစက်ခံထားရသူ အယောက် ၂၁၀၀ ကျော်ရှိကြောင်း သိရသည်။

Ref: Bangkok Post