လိုက်ချီးသီးရာဇဝင်
အင်္ဂလိပ်အမည် Litchi သို့မဟုတ် Lychee ဟုခေါ်ပါသည်။ ရုက္ခဗေဒအခေါ် Litchi chinensis ဖြစ်၍ Sapindaceae မျိုးရင်းဖြစ်သည်။ မြန်မာပြည်တွင် လိုက်ချီးသီး၊ လိုင်ချီးသီးဟုခေါ်ကြသည်။ လိုက်ချီးပင်တို့ ပေါက်ရောက်ရာဇာစ်မြစ်မှာ တရုတ်ပြည်တောင်ပိုင်း ဖြစ်သည်။ သမိုင်းရာဇဝင်များအရ တရုတ်ပြည်တွင် တန်မင်းဆက်ကတည်းက လိုက်ချီးသီးကိုစားသုံးလာခဲ့ကြောင်း သိရသည်။ ၁၇ ရာစု ရောက်သောအခါ အာရှတိုက်တစ်တိုက်လုံးသို့ ပျံ့နှံ့လာခဲ့သည်။ ၁၈ ရာစုနှစ် ရောက်သောအခါ ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါတို့တွင် စမ်းသပ်စိုက်ပျိုးကြည့်ရာ အောင်မြင်လာခဲ့ပြီး ထိုမှတစ်ဆင့် ၁၉ ရာစုနှစ်အစောပိုင်းမှစ၍ အနောက်နိုင်ငံတစ်ခွင်လုံးတွင် လိုက်ချီးသီးကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးစားသုံးလာခဲ့သည်။
ကမ္ဘာသုံးသီးနှံ
ယနေ့အမေရိကန်နိုင်ငံတွင် လိုက်ချီးသီးမှာ အထူးရေပန်းစားလူကြိုက်များ လျက်ရှိသည်။ တရုတ်ပြည် တောင်ပိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြောက်ဗီယက်နမ်၊ ထိုင်ဝမ်တောင်ဘက်ပိုင်းနှင့် အိန္ဒိယနိုင်ငံတို့တွင် ရာသီစာသီးနှံအဖြစ် လိုက်ချီးပင်များကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ဗန်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။ သိန်းနီမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံအဖြစ် လိုက်ချီးပင်များကို လူနေခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် စိုက်ပျိုးကြသည်။ မုံရွာ၊ မန္တလေးတွင်လည်း လိုက်ချီးသီး အထွက်များသည်။ ကလေးမြို့၏နေရာအနှံ့အပြားတွင် စီးပွားဖြစ်စိုက်ပျိုးကာ အိန္ဒိယနိုင်ငံသို့ ရောင်းချကြသည်။
လိုက်ချီးပင်
လိုက်ချီးပင်တို့သည် အရွက်အလက်များ စိမ်းစိမ်းစိုစိုဖြင့် အပူပိုင်းဒေသတွင် ပေါက်ရောက်သော ရာသီစာသီးနှံပင် ဖြစ်သည်။ ရေအလွယ်တကူရနိုင်သည့် မြစ်ချောင်းကမ်းဘေးများတွင် စိုက်ပျိုးခြင်းက ပို၍အဆင်ပြေသည်။ ကိုင်းကူးစိုက်ပျိုးခြင်းဖြင့် ၃ နှစ်မှ ၄ နှစ်တွင်လည်းကောင်း၊ အစေ့ပျိုး၍စိုက်ပါက ၇ နှစ်မှ ၈ နှစ်တွင်လည်းကောင်း အသီးများစတင်သီးသည်။
အပွင့်ပွင့်ပြီး ရက်ပေါင်း ၁၂၀ မှ ၁၄၀ ခန့်အကြာတွင် အသီးသီးသည်။ အပင်ပေါ်တွင် ရင့်မှည့်လွယ်သော သစ်သီးဖြစ်ပြီး မှည့်သည်နှင့်တစ်ပြိုင်နက် ရနံ့အလွန်မွှေးလာသည်။ ပန်းရောင်သန်းသော အနီရောင် ခပ်ကြမ်းကြမ်း အခွံလေးများ၏အောက်တွင် အရည်ရွှမ်းပြီး အရသာရှိလှသည့် အဖြူရောင် အသားစိုင်များ ပါရှိသည်။ အရသာချိုမြိန်ရုံသာမက ရေငတ်ပြေစေသည်။ အနီရောင်ရဲရဲတောက်လေ အရည်ပိုရွှမ်းကာ အရသာပိုချိုလေဖြစ်သည်။ ဘဲဥပုံ သို့မဟုတ် အသည်းနှလုံးပုံရှိသော ထိုအဖြူရောင် အသားစိုင်များသည် ဂျယ်လီနှင့် ခပ်ဆင်ဆင်တူသည်။ ၎င်းအသားများက ပြောင်လက်တောက်ပသော အညိုရင့်ရောင် အစေ့တစ်လုံးကို ဖုံးအုပ်ထားသည်။ အစေ့ကိုမစားရပါ။ အသီးများကို သိုလှောင်ချိန်ကြာသွားပါက အသီးခွံခြောက်သွေ့ခြင်း၊ အရောင်မည်းခြင်း၊ ပုပ်ခြင်းများ ဖြစ်နိုင်သည်။ ထို့ကြောင့် တစ်နေရာမှ တစ်နေရာသို့သယ်ဆောင်ရာတွင် အင်ဖက်ကဲ့သို့ ဖက်စိမ်း သို့မဟုတ် ရေငွေ့ထိန်းနိုင်သော ပလတ်စတစ်အိတ်များဖြင့် ထုပ်ပိုးသင့်ပါသည်။
လိုက်ချီးသီးစားဖွယ်စုံ
လတ်လတ်ဆတ်ဆတ် အဆာပြေသစ်သီးအဖြစ် စားသုံးကြသလို ရေခဲမုန့်၊ ကျောက်ကျော၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်၊ သကြားလုံး၊ ပီကေ၊ လိုင်ချီးသီးသံဘူး၊ လိုက်ချီးသီးခြောက် စသည်ဖြင့် နှစ်ခြိုက်စွာ စားသုံးကြသည်။ လတ်ဆတ်သော လိုက်ချီးသီးများကို အခန်းအပူချိန်တွင် ထားပါက ငါးရက်ခန့်ခံသည်။ လိုက်ချီးသီးကို ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲ ထည့်သိမ်းပါက နှစ်ရက်ခန့်အကြာတွင် အညိုရောင်ပြောင်းသွား တတ်သည်။ အရောင်ပြောင်းသော်လည်း အနံ့အရသာ ယိုယွင်းမှု မရှိသဖြင့် ယုံကြည်စိတ်ချစွာစားနိုင်ပါသည်။ တချို့နိုင်ငံများတွင် ခေတ်မီတိုးတက်သောနည်းပညာများဖြင့် ဆန်းသစ်ကာ လိုက်ချီးသီးမှ ရေမွှေး၊ ဆပ်ပြာ၊ ဂျယ်လ်၊ ူသအငသည၊ ပေါင်ဒါ စသည့် အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကို ထုတ်လုပ်လျက်ရှိသည်။
ဆေးဖက်ဝင် လိုက်ချီးသီး
လိုက်ချီးသီးထဲတွင် လူသားတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရ ဓာတ်မြောက်မြားစွာ ပါရှိသည်။ ၁၉၀ ဂရမ် အလေးချိန်ရှိသော လိုက်ချီးသီးတစ်ခွက်စာပမာဏထဲတွင် MeThionine ဂရမ်၊ လိုင်ဇင်း သုည ဒသမ ၀၇၈ ဂရမ်၊ Tryptophan သုည ဒသမ ၀၁၃ ဂရမ်၊ Polyunsaturated ဖက်တီးအက်စစ် သုည ဒသမ ၂၅၁ ဂရမ်၊ Monounsaturated ဖက်တီးအက်စစ် သုည ဒသမ ၂၂၈ ဂရမ်၊ ဗီတာမင်ကေ သုညဒသမ ၈ မိုက်ခရိုဂရမ်၊ ဗီတာမင်အီး သုည ဒသမ ၁၃ မီလီဂရမ်၊ ချိုလင်း ၁၃ ဒသမ ၅ မီလီဂရမ်၊ ဖောလိတ် ၂၇ မိုက်ခရိုဂရမ်၊ ဗီတာမင်ဘီ ၆၀ ဒသမ ၁၉ မီလီဂရမ်၊ နီအာဆင်း ၁ ဒသမ ၁၄၆ မီလီဂရမ်၊ ခွန်အား ၁၂၅ ကယ်လိုရီ၊ ရေဓာတ် ၁၅၅ ဒသမ ၃၄ ဂရမ်၊ ပရိုတင်း ၁ ဒသမ ၅၈ ဂရမ်၊ ASH ဒသမ ၈၄ ဂရမ်၊ Lipid သုည ဒသမ ၈၄ ဂရမ်၊ ကစီဓာတ် ၃၁ ဒသမ ၄၁ ဂရမ်၊ သကြားဓာတ် ၂၈ ဒသမ ၉၄ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၂ ဒသမ ၅ ဂရမ်၊ ကယ်လ်စီယမ် ၁၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၉ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၅၉ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၁၂၄ မီလီဂရမ်၊ သီအာမင် သုည ဒသမ ၀၂၁ မီလီဂရမ်၊ ဗီတာမင်စီ ၁၃၅ ဒသမ ၉ မီလီဂရမ်၊ စီလီနီယမ် ၁ ဒသမ ၁ မိုက်ခရိုဂရမ်၊ မဂ္ဂနီးစ် သုည ဒသမ ၁၀၅ မီလီဂရမ်၊ ကော့ပါး သုည ဒသမ ၂၈၁ မီလီဂရမ်၊ ဇင့် သုည ဒသမ ၁၃ မီလီဂရမ်၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ ပိုတက်စီယမ် ၃၂၅ မီလီဂရမ်၊ ဖော့စဖောရက်စ် ၅၉ မီလီဂရမ် စသည်တို့ အသီးသီး ပါရှိကြသည်။
ခန္ဓာကိုယ်အတွက် ခွန်အားများကိုတိုးပွားစေနိုင်ပြီး ကိုယ်ခံစွမ်းအား တိုးတက်မြင့်မားစေပါသည်။
ခန္ဓာကိုယ်အတွက်လိုအပ်သော အရည်ဓာတ်ကို ဖြည့်တင်းပေးနိုင်သည်။
လိုက်ချီးထဲတွင် Citrus အက်စစ်ကဲ့သို့သော ဗီတာမင်စီ ၄၀ ရာခိုင်နှုန်းခန့် ပါရှိရာ လိမ္မော်သီးထဲတွင် ပါဝင်မှု ပမာဏထက် ပို၍များသည်။
ထို့ကြောင့် ခန္ဓာကိုယ်တွင်း ကောင်းကျိုးမပြုသော Free Radicals များကို တိုက်ထုတ်ပေးနိုင်သည်။ Natural Cancer Treatment ၏ သုတေသနပြုချက်အရ လိုက်ချီးသီးက ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ဟန့်တားပေးနိုင်ကြောင်း၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။
လိုက်ချီးထဲတွင်ပါဝင်သော ဗီတာကယ်ရိုတင်း ပမာဏသည် မုန်လာဥနီထက်ပိုသည်။
အစာကြေစေပြီး ဆီးရွှင်စေသည်။
လိုက်ချီးသီးတစ်ခွက်စာပမာဏထဲတွင်ပါရှိသော ပိုတက်စီယမ်သည် လိမ္မော်သီး အသေးတစ်လုံးထဲတွင် ပါရှိမှုထက်ပိုသည်။ ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်ဖြစ်ပြီး သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့ကို ဟန်ချက်ညီညီ ထိန်းချုပ်ပေးနိုင်သည်။ သွေးခဲခြင်း၊ ဆဲလ်များ ပျက်စီးခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်သည်။ ထို့ပြင် နှလုံးကိုပုံမှန်ခုန်စေပြီး နှလုံးကြွက်သားများ ကျုံ့ခြင်း၊ ချဲ့ခြင်းနှင့် နှလုံး
သွေးကြောစီးဆင်းလည်ပတ်မှုတို့ကို ကောင်းစွာ အထောက်အပံ့ပေးသည်။ နှလုံးရောဂါဝေဒနာ အမျိုးမျိုးတို့ကို သက်သာစေရုံသာမက နှလုံးရောဂါ ဝေဒနာသည်များကိုလည်း လေဖြတ်ခြင်းမှ ၅၀ ရာခိုင်နှုန်း သက်သာလျော့နည်း စေနိုင်သည်။
လိုက်ချီးသီးတွင် ကြေးနီ(Copper)ဓာတ်များ အလုံအလောက်ပါရှိခြင်းကြောင့် သွေးနီဥများကို ထုတ်လုပ် ပေးနိုင်သဖြင့် သွေးအားကောင်းစေသည်။ ခွန်အားတိုးပွား စေနိုင်သောကြောင့် သွေးအားနည်းသူများနှင့် သက်ကြီးရွယ်အိုများ စားသုံးသင့်သည်။
ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်နှင့် ကစီဓာတ်တို့ကြွယ်ဝစွာ ပါရှိသည်။
လိုက်ချီးသီးထဲတွင် ကယ်လ်စီယမ်၊ ဖော့စဖောရက်စ်နှင့် မဂ္ဂနီစီယမ် စသည့် သတ္တုဓာတ်များ ပါရှိသော ကြောင့် အရိုးနှင့်သွားများ ကြီးထွားမှုအတွက် အလွန်အရေးပါသဖြင့် ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးငယ် များကိုလည်း လိုက်ချီးသီးကျွေးမွေးသင့်ပါသည်။
ရာသီဥတုအပြောင်းအလဲတွင် ဖြစ်လေ့ရှိသော အအေးမိနှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်အပယိကရောဂါများအတွက် လိုက်ချီးသီးကအစွမ်းထက်မြက်လှသည်။ ဖျားနာနေသောသူများလည်း စားပေးခြင်းဖြင့်သက်သာလာစေပါသည်။
လိုက်ချီးသီးစားသုံးခြင်းက နာကျင်မှုကို လျော့ကျစေပြီး ဂလင်းတွေရောင်ရမ်းမှုကို သက်သာစေနိုင်သည်။
လိုက်ချီးသည် အရသာ အလွန်ချိုသော်လည်း ၎င်းထဲတွင် ပါရှိသော သကြားဓာတ်က သဘာဝသစ်သီး သကြားဓာတ်ဖြစ်သည်။ ကယ်လိုရီပါဝင်မှုနည်းပြီး မပြည့်ဝဆီနှင့် ကိုလက်စထရောလုံးဝ မပါရှိသည့်အပြင် ကြေညက်လွယ်သော အမျှင်ဓာတ်ကြွယ်ဝစွာ ပါရှိသည့်အတွက် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ စိတ်ကြိုက်စားသုံးနိုင်သော အသီးဖြစ်သည်။ ကိုယ်အလေးချိန်ကျဆင်းစေသည်။
လိုက်ချီးစားသုံးခြင်းကြောင့် အသားအရည်ကို ကောင်းမွန်တိုးတက်လှပစေပြီး မျက်နှာပေါ်ရှိ အစက်အပြောက်များကို သက်သာလာစေနိုင်သည်။
ဖက်ခွက်နာ၊ ပြည်တည်နာ စသောကိုယ်တွင်းကိုယ်ပအနာများကို ကာကွယ်ပေးနိုင်သည်။
ကာမအားကို တိုးပွားစေသည်။
အစာအိမ်ရောင်ရမ်းနာဝေဒနာအတွက် လိုက်ချီးက အလွန်ကောင်းကျိုးပြုသည်။
လိုက်ချီးသီးထဲတွင် အခြားအသီးများနှင့်မတူ Oligonol ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုး ပါရှိနေသည့်အတွက် တုပ်ကွေးဗိုင်းရပ်ပိုးများကို တွန်းလှန်ပေးနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ အင်္ဂါ အဖွဲ့အစည်းများထဲတွင် သွေးလည်ပတ်စီးဆင်းမှု တိုးတက်ကောင်းမွန်စေသည်။
ဂျပန်နိုင်ငံရှိ Kyorin University က အရေပြားပေါ်တွင် ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုကို လိုက်ချီးသီး စားခြင်းဖြင့် ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။
လိုက်ချီးသီးသည် သီအာမင်၊ နီအာဆင်းနှင့်ဖောလိတ် စသည့်ဗီတာမင်ဘီ ဓာတ်ပေါင်းစုတို့ စုဝေးရာ သဘာဝအရင်းအမြစ် ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်ပျက်မှု အလုံးစုံကို အထောက်အပံ့ ဖြစ်စေသည်။
အရွယ်တင် နုပျိုစေရန်နှင့် အသက်ရှည်စေရန်အတွက် လိုက်ချီးသီးကို တရုတ်ရိုးရာ တိုင်းရင်းဆေးဝါး ကုထုံးများတွင် အသုံးပြုလေ့ရှိသည်။
မှတ်ချက်
လိုက်ချီးသီးတွင် လူသားတို့ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ သို့သော်-
အမှည့်လွန်သော အသီးများတွင် အချဉ်ဓာတ်ပေါက်သည့် အရသာရှိ၍ လတ်ဆတ်သော အသီးများကိုသာ စားသုံးပါ။
အစာအိမ်ထဲတွင် အစာမရှိဘဲ လိုက်ချီးသီးမစားပါနှင့်။ ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက်ရောဂါ ဖြစ်ပွားပြီး အသက်အန္တရာယ်ရှိနိုင်သည်။
နိုင်ငံတကာဆေးသိပ္ပံပညာရှင်များက ရှုထောင့်အမျိုးမျိုးမှ လေ့လာစမ်းသပ်ကာ လိုက်ချီးသီး၏ သူမတူအောင် ဆေးဖက်ဝင်ပုံကို ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။ ထို့ကြောင့် ကောင်းမွန်လတ်ဆတ် အရသာရှိသော လိုက်ချီးသီးတို့ကို အဆာပြေသရေစာ အဖြစ်သာမက အစာလည်းဆေး၊ ဆေးလည်းအစာ အဖြစ် မှီဝဲစားသုံးစေလိုပါကြောင်း တိုက်တွန်း လိုက်ရပါသည်။ ။
ပေါက်ပေါက်