ခယောင်းလမ်းမှပန်းခင်းလမ်းဆီသို့

ခယောင်းလမ်းမှပန်းခင်းလမ်းဆီသို့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇွန် ၂၅ ရက်)

မြန်မာနိုင်ငံ၏နိုင်ငံရေး အပြောင်းအလဲတွင် မသိနားမလည်သော လူငယ်မောင်မယ်တို့ကို လူရည်လည်သူများက လမ်းမှားသို့ ဆွဲခေါ်သွားကြသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ် အမှန်ကို လူငယ်မောင်မယ်တို့ ထဲထဲဝင်ဝင် သိရှိကြမည်မဟုတ်ပေ။  အမှန်ကိုအမှန်အတိုင်း သိမြင်သူ လူငယ်မောင်မယ်တို့မှာ လမ်းမှားသို့ လိုက်ပါသွားခြင်း မရှိခဲ့ပေ။ ကျောင်းသား၊ ကျောင်းသူတို့မှာ ကျောင်းပညာကို တတ်အောင် သင်ယူကြသလို နိုင်ငံ့ဝန်ထမ်းလူငယ် အများစုမှာလည်း ဝန်ထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြသည်။

ဤသည်ကို သက်သေပြလိုသည်မှာ လမ်းမှားသို့ရောက်သွားသူ အရေအတွက်နှင့် လမ်းကြောင်းမှန်တွင် ကျန်ရစ်သူ အရေအတွက် နှိုင်းယှဉ်လျှင် လမ်းမှန်တွင် လျှောက်လှမ်းသူက ပိုမိုများပြားသည်။

မှားယွင်းသောလမ်း၊ မိမိတို့အနာဂတ်ကို မှန်းဆမရနိုင်သော လမ်းကို ခယောင်းလမ်းဟု လည်းကောင်း၊ မိမိတို့၏ ဘဝအနာဂတ် မျှော်မှန်းချက်ကို ပူပင်သောကကင်းစွာ သွားနိုင်သည့်လမ်းကို ပန်းခင်းလမ်းဟု လည်းကောင်း စာပေပညာရှင်တို့ တင်စားရေးသားကြသည်။  ခယောင်းလမ်းကို လမ်းမှား၊ ပန်းခင်းလမ်းကို လမ်းမှန် ဟုသတ်မှတ်လျှင် တွေးခေါ်ဆင်ခြင်စဉ်းစား ဉာဏ်ရှိသူတိုင်းက ပန်းခင်းလမ်းကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။

လမ်းမှားသို့ရောက်ကာ အကြမ်းဖက်အဖွဲ့ဖြစ်သော CRPHနှင့် NUG တို့ခိုင်းစေသမျှ လိုက်ပါလုပ်ဆောင်နေရသည့်ဘဝမှာ ရင်နာဖွယ်ကောင်းလှသည်။ မိဘ၊ ဆွေမျိုး အသိုင်းအဝိုင်းအနေဖြင့် လွန်စွာ ယူကျုံးမရ ဖြစ်ပေလိမ့်မည်။ ထို့အတူ နိုင်ငံ့အနာဂတ်အတွက်လည်း လူသားအရင်းအမြစ် ဆုံးရှုံးခြင်းဖြစ်သည်။

နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့်  CRPH နှင့် NUG  တို့သည် နိုင်ငံတော် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ပြီး စိတ်ဓာတ်တက်ကြွသည့် လူငယ်များကို ဝါဒမှိုင်းတိုက်ကာ အကြမ်းဖက်မှု ကျူးလွန်စေရန်၊ နိုင်ငံတော်ကို ဆန့်ကျင်စေရန် ဆောင်ရွက်ခဲ့သည်။ စည်းရုံးသိမ်းသွင်း ခံထားရသူများသည် PDF အမည်ခံအကြမ်းဖက် အဖွဲ့အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်မှုများတွင် ပါဝင်ခဲ့ရသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု တည်ဆောက်ရေးတွင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ညီညီညွတ်ညွတ်နှင့် ပါဝင်ဆောင်ရွက်စေလိုသည့် ဆန္ဒရှိသည်။

ထို့ကြောင့် လမ်းမှားရောက်နေသူ လူငယ်မောင်မယ်များကို  လမ်းမှန်သို့ ပြန်လည်ရောက်စေချင်သည်။

လူငယ်ဆိုသည်မှာ အတွေ့အကြုံနုနယ်သူများ ဖြစ်၍ တစ်ခါတစ်ရံ ဆုံးဖြတ်မှု မှားယွင်းတတ်ပါသည်။ လူငယ်မောင်မယ်တိုင်းတွင် မိဘဆွေမျိုး အသိုင်းအဝိုင်း ရှိကြပေရာ မည်သည့်မိဘကမှ မိမိတို့၏ သားသမီးများကို ပင်ပန်းဆင်းရဲပြီး ဘဝတိုးတက်လမ်း မရှိသည့်  ခယောင်းလမ်းမှာ လျှောက်လှမ်းနေသည်ကို ကြည့်ရက်မည် မဟုတ်ပါ။ မိဘတို့ တတ်စွမ်းနိုင်သည်မှာ နိုင်ငံတော်အစိုးရထံ မေတ္တာရပ်ခံခြင်းသာ ပြုလုပ်နိုင်ကြသည်။ မိဘများကိုယ်တိုင်က နိုင်ငံတော်အစိုးရကို တင်ပြလာခြင်း၊ နိုင်ငံတော် အစိုးရကလည်း သားသမီးချင်း ကိုယ်ချင်းစာစိတ်နှင့် နိုင်ငံတိုးတက်ရေးကို ရှေးရှုခြင်းဖြင့် လူငယ်မောင်မယ်များကို  ခယောင်းလမ်းမှ ပန်းခင်းလမ်းသို့ ကောင်းမွန်စွာ ပြန်လည်ခေါ်ယူ ပေးနေခြင်းဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့မှစတင်ကာ နိုင်ငံပိုင်မီဒီယာများတွင်” PDFအမည်ခံ အကြမ်းဖက်အဖွဲ့ အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍  လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင် အတွင်းဝင်လိုသူများနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း”သတင်းကို ဖော်ပြပေးထားသည်။ ထိုထုတ်ပြန်ချက် သတင်းကောင်းကို ကြားသိ၍ ဥပဒေဘောင် အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည် ဝင်ရောက်လာကြသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများလာသည်။ ဤသည်မှာ နိုင်ငံတော်နှင့် မိဘပြည်သူများအတွက် ဝမ်းသာဖွယ် သတင်းကောင်းများဖြစ်သည်။ အကြမ်းဖက်အဖျက်သမားတို့၏ စည်းရုံးသိမ်းသွင်းခြင်း ခံခဲ့ရသော လူငယ်မောင်မယ်တို့မှာ မိမိတို့၏ လုပ်ရပ်များ မှားယွင်းနေသည်ကို သိပါသော်လည်း ပြန်လာရန်လွန်စွာ ခက်ခဲလျက်ရှိနေသည်။  CRPHနှင့် NUG အမည်ခံ အကြမ်းဖက်အုပ်စုတို့သည် လူငယ်မောင်မယ်အချို့အား တောထဲတောင်ထဲတွင် အငတ်ငတ်အပြတ်ပြတ်ဖြင့် ဆင်းရဲချို့တဲ့စွာ ထားရှိပြီး နိုင်ငံတော်အစိုးရအား တော်လှန်ပုန်ကန်ခိုင်းနေခြင်း ဖြစ်သည်။

အကြောင်းကြောင်းကြောင့် CRPH နှင့် NUG အမည်ခံအကြမ်းဖက်အုပ်စုတို့ ခိုင်းစေထားသော လူငယ်မောင်မယ်တို့ သေဆုံးခဲ့လျှင် ထိုသေဆုံးမှုကို အကြောင်းပြကာ အလှူငွေကောက်ခံသည်။ ယင်းတို့ကို အားပေးနေသော အနောက်အုပ်စုနိုင်ငံများကို မဟုတ်မမှန်ဝါဒဖြန့်သည်။  CRPH  နှင့် NUG အမည်ခံအကြမ်း ဖက်အုပ်စုတို့ခိုင်းသမျှ လုပ်ဆောင်ပေးနေရသော  PDF အမည်ခံ အကြမ်းဖက်အဖွဲ့အပါအဝင်  အဖွဲ့အစည်း အမျိုးမျိုးအမည်ခံကာ လက်နက်ကိုင်ဆန့်ကျင်နေသူများကို အကြောင်းပြု၍ CRPH နှင့် NUG အမည်ခံအကြမ်းဖက် အုပ်စုတို့ကား ပြည်ပတွင် ကြီးပွားချမ်းသာနေကြသည်။ ကြွက်သေတစ်ခုကို အရင်းပြုစကားအတိုင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့ကို အရင်းပြုကာ လုပ်ကိုင် စားသောက်နေခြင်းဖြစ်သည်။

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့၏ခိုင်းစေခြင်းကို ခံနေရသော လူငယ်မောင်မယ်တို့ကား ၎င်းတို့အပေါ် နာကြည်းခြင်းနှင့်အတူ နောင်တကြီးစွာ ရရှိနေပြီဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော်နှင့်ပြည်သူအတွက် နူးညံ့သိမ်မွေ့ ပျော့ပျောင်းသော မေတ္တာစေတနာ အမှန်ကို သိရှိလာကြပြီဖြစ်သည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်းသို့ နေ့စဉ်နှင့်အမျှပြန်လည် ဝင်ရောက်နေသည်မှာ ခယောင်းလမ်းမှ ပန်းခင်းလမ်းဆီသို့ လျှောက်လှမ်းနေခြင်းမို့ ဝမ်းသာစွာကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။